မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေး ဖွဲ့ဖို့ ရခိုင်လွှတ်တော် အတည်ပြု

ဆန္ဒပြ လူအုပ်ကို ရဲက ပစ်ခတ်တဲ့ အတွက် လူ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရခဲ့တဲ့ အပေါ် ရခိုင် ပြည်နယ် လွှတ်တော် ကနေ စုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့
ဓာတ်ပုံ ပုံစာ, ဆန္ဒပြ လူအုပ်ကို ရဲက ပစ်ခတ်တဲ့ အတွက် လူ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရခဲ့တဲ့ အပေါ် ရခိုင် ပြည်နယ် လွှတ်တော် ကနေ စုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့

ရခိုင် ပြည်နယ် လွှတ်တော်မှာ မြောက်ဦး ဖြစ်စဉ်ကို စုံစမ်း စစ်ဆေးရေး ဖွဲ့ပြီး စစ်ဆေးမယ့် အစီ အစဉ်ကို ဇန်နဝါရီ ၂၉ ရက်နေ့က မဲခွဲ အတည်ပြု လိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦး မြို့မှာ ဒီလ ၁၆ ရက်နေ့က ဆန္ဒပြ လူအုပ်ကို ရဲက ပစ်ခတ်တဲ့ အတွက် လူ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရခဲ့တဲ့ အပေါ် ရခိုင် ပြည်နယ် လွှတ်တော် ကနေ စုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးမယ့် အဆိုကို ကန့်ကွက် မှုတွေ ရှိတဲ့ အတွက် မဲခွဲ ဆုံးဖြတ် ခဲ့ကြရ ပါတယ်။

မဲခွဲ ဆုံးဖြတ်ရာ အကြိတ်အနယ် ရှိခဲ့ ပေမယ့်လည်း အဆိုဘက်က အနိုင် ရရှိ ခဲ့တယ်လို့ မြောက်ဦး မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဘီဘီစီကို ပြောပါတယ်။

အဓိက ထောက်ခံမဲ ပေးခဲ့ကြတဲ့ အထဲမှာ ရခိုင် အမျိုးသား ပါတီက အများဆုံး ဖြစ်ပြီး ကြံ့ခိုင်ရေး ပါတီနဲ့ NLD က အမတ် တစ်ဦးတို့ ပါဝင် ပါတယ်။

ကန့်ကွက်မဲ ပေးခဲ့ကြတာ ကတော့ တပ်မတော်နဲ့ NLD ကိုယ်စားလှယ် ၅ ဦးတို့ ဖြစ်ကြ ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြောက်ဦးမြို့ ပြည်သူတွေ ကနေ ပြည်ထောင်စု စုံစမ်း စစ်ဆေးရေး ကော်မရှင် အပေါ်မှာ သံသယ ရှိတဲ့ အတွက် ပြည်နယ် လွှတ်တော်မှာ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီး စစ်ဆေးဖို့ အဆို တင်ရတာ ဖြစ်တယ်လို့ အဆိုတင်သူ ဦးထွန်းသာစိန် ကပြောပါတယ်။

ခုလို ရခိုင် လွှတ်တော်မှာ အဆို အနိုင် ရရှိပြီးတဲ့ နောက် ကိုယ်စားလှယ် ၉ ဦးပါ စုံစမ်း စစ်ဆေးရေး အဖွဲ့ တစ်ခုကို ဖွဲ့စည်း ပေး လိုက်တယ် လို့လည်း သိရှိရ ပါတယ်။