သယံဇာတကို ဗဟိုနဲ့ဒေသခံ အစိုးရတို့ ခွဲဝေဖို့ ဆွေးနွေး

တိုင်းရင်းသားဒေသတွေက ထွက်ရှိတဲ့ အစားထိုးလို့မရတဲ့ ကျောက်မျက် ရတနာ၊ ရေနံ စတဲ့ သယံဇာတ တွေကို ပြည်ထောင်စု အစိုးရနဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေ ခွဲဝေ စီမံခန့်ခွဲမှု ဖြစ်လာဖို့အတွက် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီးတွေက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ တခု အပြီးမှာ သဘောတူခဲ့ကြပါတယ်။

ဇန်နဝါရီလ ၁၈ နဲ့ ၁၉ ရက်တွေမှာ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အဲဒီ တိုင်းရင်းသား လူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတက်တက်မှု ဆွေးနွေးပွဲကို တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနက ဦးစီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခုလို သယံဇာတခွဲဝေ ခန့်ခွဲရေးကိစ္စကို တိုင်ရင်းသားတွေ ဘက်က လိုလားနေပေမယ့် အသေးစိတ်ကိုတော့ ဗဟို အစိုးရနဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေ ညှိနှိုင်းဖို့ လိုနေသေးတယ်လို့ ကချင်သတင်းအုပ်စု သတင်းဌာန အယ်ဒီတာချုပ် ဦးနော်ဘူက ဘီဘီစီကို ပြောပါတယ်။

အခုလို သယံဇာတ စီမံခန့်ခွဲမှုကို ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေ အပြီးမှာ ဆွေးနွေးထားပြီး ဖြစ်ပြီး ဥပဒေ ပြင်ဆင်ရေးအတွက်လည်း သဘောတူပြီး ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် သယံဇာတ ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦး စိုးသူရထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ပါဝင် ပြဌာန်းထားပေမယ့် အကောင်အထည် မဖော်နိုင်သေးပဲ ဒီကိစ္စကို တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနက အစိုးရနဲ့ လွှတ်တော်ကို ဆက်လက် တင်ပြမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေ အနေနဲ့ အသေးစား သယံဇာတလုပ်ငန်းတွေကို စီမံ ခန့်ခွဲခွင့် ရထားတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် အစိုးရ အနေနဲ့လည်း ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးတွေမှာ မြေယာနဲ့ သယံဇာတ စီမံခန့်ခွဲမှုများ ခွဲဝေဆောင်ရွက်ရေးကိစ္စကို အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအတွက် အခြေခံမူအဖြစ် ထွက်ပေါ်လာအောင် ဆောင်ရွက်နေတယ်ဆိုပြီး ဒီ ဆွေးနွေးပွဲအတွက် သဝဏ်လွှာပေးပို့ခဲ့ပါတယ်။