မွတ်ဆလင် ၄ ယောက်အမှု ထောင်ဒဏ်တွေ ထပ်တိုးချ

မွတ်ဆလင်

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, ဦးဇော်မင်းထွေးတို့ကို ထောင်ဒဏ်တွေ ထပ်ချမှတ်ပြန်

မန္တလေးက ပန်းချီဆရာ ဦးဇော်မင်းထွေး၊ ဗန်းမော်မြို့က ဦးဧရာမန်း နဲ့ ဦးမြင့်သိန်း၊ မိုးညှင်းက ဦးခင်မောင်ရွှေ တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ မန္တလေး ခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ် ကနေ ၁၅ နှစ်အသီးသီး ချမှတ်လိုက်ပါတယ်။

အစ္စလာမ် တပ်မတော် ထူထောင်ဖို့ ကြိုးပမ်းတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော် ပုန်ကန်မှု ဥပဒေ အရ သူတို့ ကို ၂၀၁၆ ဒီဇင်ဘာလ အတွင်း က ထောင်ဒဏ် တသက် (ထောင်ဒဏ် တသက်ပြစ်ဒဏ်ခံရပါက အနည်းဆုံးထောင်ဒဏ် အနှစ် ၂၀ ကျခံရတတ်သည်)ချမှတ်ခဲ့တဲ့အပြင် အဲဒီ အရင် ကလည်း သူတို့ကို အမရပူရ တရားရုံးက နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ၊ မတရား အသင်း ဆက်သွယ်မှု ပုဒ်မ၊ အရေးပေါ်စီမံချက် ဥပဒေ တွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

အဲဒီအတွက် ဦးဇော်မင်းထွေး၊ ဦးမြင့်သိန်းနဲ့ ဦးဧရာမန်း တို့ဟာ အနည်းဆုံးထောင်ဒဏ် ၃၂ နှစ် ကျခံရမှာ ဖြစ်သလို၊ ဦးတင်မောင်ရွှေ က ထောင်ဒဏ် ၄၂ နှစ် ကျခံရတော့မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က တရားခွင် ကို ရောက်လာတဲ့ တရားခံ တွေ က သူတို့ ထောင်ထဲ ရောက်နေပြီးသား အချိန်ကာလမှာ ပြဌာန်းတဲ့ အဲဒီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ သူတို့ကို တရားစွဲတာဟာ ဥပဒေကြောင်းအရ အလွန် မှားယွင်းနေကြောင်း နဲ့ သူတို့ မွတ်ဆလင် ဖြစ်တဲ့ အပေါ်မှာ တမင်သက်သက် ပစ်မှတ်ထား အရေးယူနေတာလို့ ဘီဘီစီ ကို ပြောပါတယ်။

အရင်တုန်းကလည်း ရဲတပ်ဖွဲ့က ဒီတရားခံတွေဟာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ ဆက်သွယ်ခဲ့တယ်လို့ စွပ်စွဲခံရပြီး လက်နက်ကိုင် တပ်ဖွဲ့ထောင်ဖို့ ရည်ရွယ်ခဲ့ကြတယ် လို့ နိုင်ငံတော်ပုန်ကန်မှု အပါအဝင် တခြားအမှုတွေ နဲ့ စွပ်စွဲခဲ့ကြပေမယ့် တရားရုံးကို သက်သေ တစုံတရာ မတင်နိုင်ခဲ့ကြောင်း၊ တရားခံ ကို ရဲတွေ က စစ်ဆေးထားတဲ့ ရဲစစ်ချက် ကိုသာ တရားရုံးကို တင်ပြခဲ့ကြောင်း၊ အဲဒီလို လုပ်ရပ်တွေ ဟာ တရားဥပဒေ တွေ နဲ့မညီကြောင်း တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က ဘီဘီစီ ကို ပြောပါတယ်။

မတရားသင်း သတ်မှတ်ခံရဆဲ ဖြစ်တဲ့ ကေအိုင်အေ အဖွဲ့နဲ့လည်း သူတို့ ဆက်သွယ်မှု မရှိဘူးလို့ ဦးဇော်မင်းထွေးက ပြောပါတယ်။

အခု မွတ်ဆလင် ၄ ယောက် ဟာ အမှုမဖြစ်ခင် က ဗန်းမော်မှာ တိုင်းရင်းဆေးဆရာလုပ်နေတဲ့ ဦးဧရာမန်းနဲ့ မိုးညှင်း က ဦးခင်မောင်ရွှေတို့သာ တယောက်နဲ့တယောက် သိနေကြတာဖြစ်ပြီး ကျန်သူတွေ ဟာ တယောက်နဲ့တယောက် သိပင် မသိဖူးကြတဲ့သူတွေ ဖြစ်တယ်လို့ ဦးဧရာမန် က ပြောပါတယ်။

ရဲတပ်ဖွဲ့က စစ်ချက်တွေ သူတို့ဘာသာရေးထားပြီး သူတို့ကို ဖိအားလာပေးကာ လက်မှတ် ထိုးခိုင်းလို့ လက်မှတ်ထိုးပေးလိုက်ရတာလို့လည်း သူတို့က ပြောပါတယ်။

အရင်ပြစ်ဒဏ်တွေတုန်းကလည်း အယူခံဝင်ထားပေမယ့် ပြောင်းလဲမှုတော့ ရှိမလာခဲ့ပါဘူး။

ဒါပေမယ့် သူတို့ ကတော့ အဲဒီပြစ်ဒဏ်တွေရော၊ အခုပြစ်ဒဏ် ကို ပါ အယူခံ ဆက်ဝင်သွားမယ်လို့ ပြောပါတယ်။