တနင်္သာရီမှာ ဆီအုန်းကုမ္ပဏီကြောင့် ပတ်ဝန်းကျင်ထိ

ဆီအုန်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၁ ခုနှစ်မှာ MSPP ကုမ္ပဏီက မြေဧက ၃၈,၀ဝ၀ ရှိတဲ့ လုပ်ကွက်မှာ စတင်လုပ်ကိုင်ခဲ့

မလေးရှားနိုင်ငံရဲ့ Myanmar Stark Prestige Plantation Company (MSPP)ဟာ တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ ဆီအုန်း စိုက်ပျိုးရေး လုပ်ကိုင်နေရာမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်တာနဲ့ ဓာတ်မြေသြဇာ ကြောင့် ကျွဲနွား သေဆုံးမှုတွေ ရှိခဲ့တာ မှန်ကန်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ဘီဘီစီကို ပြောပါတယ်။

အခုလို ပြဿနာတွေ ရှိနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြိတ်မြို့ အခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ အပါအဝင် ဒေသခံ လူမှု အဖွဲ့အစည်း ၇ ဖွဲ့က မလေးရှား လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားခဲ့ပြီး အဲဒီက တဆင့် မြန်မာဘက်ကို အကြောင်းကြားခဲ့တဲ့အတွက် နှစ်ဖက်စလုံးကို စစ်ဆေးအပြီးမှာ အခုလို တွေ့ရှိခဲ့တာပါ။

ဒီကုမ္ပဏီက ၂၀၁၁ ခုနှစ်မှာ စတင် လုပ်ကိုင်စဉ်မှာ ရွာသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာ မရှိခဲ့ဘဲ မြေလွတ်မြေရိုင်း ဆိုပြီး လာရောက် ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ တောင်ပိုင်း လူငယ်ကွန်ရက် ဒါရိုက်တာ ကိုစန်းငွေက ဘီဘီစီ ကို ပြောပါတယ်။

ဒီကိစ္စမှာ အကျိုးစီးပွား ထိခိုက်သူ ဒေသခံ ၄၂ ဦး ရှိခဲ့ပြီး အဲဒီအထဲက အယောက် ၃၀ က ကုမ္ပဏီဘက်က တဧက သုံးသောင်းကျပ် ပေးဖို့ တိုက်တွန်းမှုကို လက်ခံခဲ့ပေမယ့် ၁၂ ယောက် က လက်မခံခဲ့ဘဲ တိုင်ကြားခဲ့တာ လို့လည်း သူက ပြောပါတယ်။

ဒီကုမ္ပဏီကို လုပ်ကိုင်ခွင့် ပြုထားတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ကလည်း ဒီကိစ္စကို စစ်ဆေးခဲ့ပြီး ဒီတွေ့ရှိချက်ကိုလည်း မြန်မာ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်ဘက်က တောင်းခံထားတယ်လို့ သိရပါတယ်။

၂၀၁၆ ဒီဇင်ဘာလကုန် အထိ MSPP ကုမ္ပဏီရဲ့ အမှန်တကယ် စိုက်ပျိုးထားတဲ့ ဆီအုန်းစိုက်ခင်း ဧက ၃၆,၃၃ ရှိပြီး ကျန် မစိုက်ပျိုးရသေးတဲ့ မြေတွေကို ၂ဝ၁၂ ခုနှစ် မြေယာ ဥပဒေအရ နိုင်ငံတော်က ပြန်လည် သိမ်းယူ နိုင်တယ် လို့လည်း ဒေသခံ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်း ပြုစု ရေးသားထားတဲ့ အစိမ်းရောင် ကန္တာရ စာတမ်းမှာ ဖော်ပြထားပါတယ်။

၂၀၁၁ ခုနှစ်မှာ MSPP ကုမ္ပဏီဟာ မလေးရှား ရှယ်ယာ ၉၅ ရာခိုင်နှုန်းနဲ့ အမေရိကန် ဒေါ်လာ ၃၆.၇၅ သန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာစပြီး ဒေသခံတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ခဲ့တာပါ။

မြန်မာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး NGO အဖွဲ့တွေဘက်က အစီအရင်ခံစာ ရပြီးရင် အစိုးရကို တင်ပြ သွားမယ်လို့လည်း သိရပါတယ်။