ပုပ်ဖရန်စစ် ရန်ကုန်ကို ရောက်ရှိ

ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဒီနေ့ နိုဝင်ဘာ ၂၇ နေ့လယ်ပိုင်းက ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ရန်ကုန်လေဆိပ်ကနေ ရန်ကုန်မြို့လယ် သိမ်ဖြူလမ်းကို သွားတဲ့ လမ်းမတွေမှာ ပုပ်ရဟန်းမင်းကြီးကို လူအမြောက်အများက ကြိုဆိုခဲ့ကြပါတယ်။ ကချင်၊ ကရင်၊ ချင်း စတဲ့ ဒေသတွေက ကက်သလစ်ဘာသာဝင်တွေလည်း ရန်ကုန်ကို လာရောက်ကြိုဆိုကြပါတယ်။

ပုပ်ရဟန်းမင်းကြီးကလည်း သူစီးလာတဲ့ ကားအပြာလေးထဲကနေ လက်ဝှေ့ယမ်းပြီး နှုတ်ဆက်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ခရီးစဉ်အတွင်း သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကက်သလစ်ဘာသာဝင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာခရီးစဉ်ပြီးရင် ဘင်္ဂလားဒေ့ရှ်ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ရခိုင်အရေး ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး မြန်မာအပေါ် နိုင်ငံတကာ ဝေဖန်နေသလို ပုပ်ရဟန်းမင်းကြီးကလည်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် သနားကြင်နာကြောင်း မကြာခင်က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ခရီးစဉ်အတွင်း ရိုဟင်ဂျာ အသုံးအနှုန်းကို မသုံးဖို့ ကက်သလစ်ဆရာတော်တွေက ပန်ကြားထားပါတယ်။

ကမ္ဘာမှာ ကက်သလစ်ဘာသာဝင် သန်း ၁၃၀၀ လောက်ရှိပြီး မြန်မာပြည်မှာ ကက်သလစ်ဘာသာဝင် ၇ သိန်းလောက်ရှိတယ်လို့ မြန်မာကာဒီနယ် ချားလ်စ်ဘိုက ပြောပါတယ်။