မူးယစ်ကြောင့် ကူကီးအမျိုးသမီးတွေ အကြမ်းဖက်ဒဏ်ပိုခံရ

ကူကီးအမျိုးသမီးများ လူ့အခွင့်အရေးအစည်းအရုံး ၈ ကြိမ်မြောက်ညီလာခံမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Kuki women association

ဓာတ်ပုံ ပုံစာ, ကူကီးအမျိုးသမီးများ လူ့အခွင့်အရေးအစည်းအရုံး ၈ ကြိမ်မြောက်ညီလာခံမြင်ကွင်း

စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးနဲ့ တမူး ခရိုင်၊ ချင်းပြည်နယ် တွန်းဇံ မြို့နယ်တို့မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ မြင့်မား လာတဲ့အတွက် ကူကီး အမျိုးသမီးတွေဟာ အိမ်တွင်း အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုပြီး ကူကီး အမျိုးသမီးများ ဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံးက နိုဝင်ဘာလ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ကူကီး တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေမှာ အိမ် ၃ အိမ်မှာဆိုရင် အနည်းဆုံး ၂ အိမ်လောက်က မူးယစ်ဆေးဝါး သုံးစွဲသူတွေ ရှိနေပြီး အိမ်ထောင်ဦးစီး ဒါမှမဟုတ် သားယောက်ျား လေးတွေက သုံးစွဲတာမျိုးတွေ တွေ့နေရတယ် လို့ ကူကီး အမျိုးသမီးများ ဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး ညီလာခံကို တက်ရောက်နေသူတွေက ပြောပါတယ်။

အမျိုးသား တော်တော်များများက မူးယစ်ဆေးဝါး စွဲနေကြသလို မိသားစုထဲက သားတွေကလည်း မူးယစ်ဆေးဝါး သားကောင် ဖြစ်လာနေတဲ့အတွက် မူးယစ်ဆေးဝါး အတွက် ငွေလိုလာရင် မိသားစုထဲက အမျိုးသမီးတွေကို အကြမ်းဖက် ရိုက်နှက်ပြီး ငွေတောင်းတာတွေ ကြုံနေရတယ်လို့ ကူကီးအမျိုးသမီးများ လူ့အခွင့်အရေး အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ဘွိုင်နူးက ပြောပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အရိုးစွဲ နေတဲ့ ထုံးတမ်းအရ အမျိုးသမီး တော်တော်များများက အိမ်တွင်းအကြမ်းဖက်မှုတွေအပါအဝင် ဒီလိုကိစ္စရပ်တွေဟာ အိမ်တွင်းရေးလို့ သဘောထားပြီး တခြားသူတွေကို ပြောရင် မိသားစု ဂုဏ်သိက္ခာ ထိခိုက် မလားဆိုပြီး မပြောချင်ကြဘူးလို့လည်း ဒေါ်ဘွိုင်နူးက ဘီဘီစီကို ပြောပါတယ်။

မူးယစ်ဆေးရောင်းဝယ်သူတွေကို အစိုးရက ဖမ်းဆီးတာတွေ ရှိနေပေမယ့် အကြီးစား ရောင်းဝယ် ဖြန့်ဖြူးနေသူတွေက လွတ်နေတဲ့အတွက် မူးယစ်ဆေးဝါး တွေက လွယ်လွယ်ကူကူနဲ့ ပေါပေါများများ ရောင်းဝယ် နေနိုင်တာ ဖြစ်ပြီး မူးယစ်ဆေးဝါး ဂိုဏ်းတွေကို ဖမ်းဆီးမှသာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှု လျော့နည်းလာမှာဖြစ်တယ်လို့ ဒေါ်ဘွိုင်နူးက ဆိုပါတယ်။