ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝန်ကြီးဌာန အသစ် ၂ ခု နဲ့ အဂတိ တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့ဖို့ လွှတ်တော်မှာ တင်ပြ
ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန ၂ ခု ထပ်မံတိုးချဲ့ဖွဲ့စည်းဖို့အခြေအနေနဲ့ ပတ်သက်လို့ အစိုးရက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။
လက်ရှိ အစိုးရလက်ထက်မှာ ဝန်ကြီးဌာန ၂၂ ခု နဲ့ လည်ပတ်နေတာဖြစ်ပြီး အစိုးရ တက်ပြီး ၁ နှစ်ခွဲကျော် အကြာမှာ ဝန်ကြီးဌာန ၂ ခု ထပ်မံတိုးချဲ့ဖို့ စီစဉ်လာတာဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကတော့ ဝန်ကြီးဌာနပေါင်း ၃၆ ခုနဲ့ လည်ပတ်ခဲ့တာဖြစ်ပါတယ်။
အသစ်ဖွဲ့မဲ့ အစိုးရဝန်ကြီးဌာနနှစ်ခုက အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ ဖြစ်ကြပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်အောင်မြင်စေဖို့ ဝန်ကြီးဌာနအချင်းချင်းအကြား ဆက်စပ်ဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေဖို့အတွက် တိုးချဲ့ဖွဲ့စည်းတာလို့ ဆိုပါတယ်။
ဝန်ကြီးဌာန အသစ်ဖွဲ့စည်းဖို့အတွက် သမ္မတရဲ့ တာဝန်ပေးချက်အရ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်း တင်ပြခဲ့တာပါ။ အစိုးရကတိုးချဲ့ ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးဌာနတွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာ တာဝန်ယူမဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ပုဂ္ဂိုလ်တွေလည်း ဖြစ်ပါတယ်။
အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရဲ့ ဝန်ကြီးကို လက်ရှိမြန်မာနိုင်ငံလုံခြုံရေးအကြံပေး ဦးသောင်းထွန်းကို တာဝန်ပေးမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဝန်ကြီးအဖြစ် လက်ရှိနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်ကို ခန့်အပ်မှာ ဖြစ်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဌကိုတော့ အရင်ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ခန့်အပ်မှာပါ။ ဦးအောင်ကြည်ဟာ စစ်အစိုးရလက်ထက်က အလုပ်သမားဝန်ကြီးလည်း ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ အစိုးရက အကောင်ထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အကြံပေးအဖြစ်လည်း ဆောင်ရွက်နေသူဖြစ်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ လဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင်ကို သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနစ် ဖေဖော်ဝါရီမှာ စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီတုန်းကတော့ အငြိမ်းစား တပ်မတော် အရာရှိဖြစ်တဲ့ ဦးမြဝင်းက ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဦးအောင်ကြည်ဦးဆောင်တဲ့ ကော်မရှင် အသစ်မှာတော့ အဖွဲ့ဝင် ၁၂ ဦး ပါဝင်မယ်လို့ သိရပါတယ်။