၁၀ ဘီလျံတန် ကျောက်စိမ်းတုံး မရောင်းဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ တနှစ်ကျော်က တွေ့ရှိခဲ့ပြီး ကျပ်ငွေ ၁ဝ ဘီလျံ ဈေးဖြတ်ထားတဲ့ ကျောက်စိမ်းတုံးကြီးကို ဒီနှစ်ကုန်မှာ ကျင်းပမယ့် ကျောက်မျက်ရတနာပြပွဲမှာ မရောင်းချဖြစ်တော့ဘူးလို့ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရဲ့ ကျောက်စိမ်းကော်မတီ အတွင်းရေးမှူး ဦးမင်းသူက ဘီဘီစီကို ပြောပါတယ်။
ဖားကန့်ဒေသက ထွက်ရှိတဲ့ ကျောက်စိမ်းတုံးတွေထဲမှာ ဒီကျောက်စိမ်းတုံးကြီးက တန်ဖိုး အမြင့်ဆုံး ဖြစ်ပြီး အလေးချိန် တန် ၃၀ဝ ကျော် ရှိပါတယ်။
ဒီကျောက်စိမ်းတုံးကြီးကို တူးဖော်သယ်ဆောင်တဲ့ ကာလမှာပဲ ၆ လ ကြာခဲ့ပြီး အရောင်တင်တာ ပြင်ဆင် ဖြတ်တောက်တာတွေမှာလည်း အချိန်ပေးရတဲ့အတွက် အခုလို မရောင်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။
အစိုးရနဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ Asia World ကုမ္ပဏီရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ ရတနာကျောက်တန်း ကျောက်စိမ်းကုမ္ပဏီက နေအိမ်တလုံး အရွယ်အစားလောက်ရှိတဲ့ အဲဒီကျောက်စိမ်းတုံးကြီးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အခုလို ကျောက်စိမ်းတုံးကြီးကို တွင်းထဲမှာ စတွေ့တဲ့ အချိန်မှာ တွင်းဝခွန် အဖြစ် ၂ ဘီလျံ ကျပ် ကောက်ခံခဲ့ပြီး ရောင်းထွက်ခဲ့ရင်တော့ အထူးကုန်စည်ခွန် ၁၅ ရာခိုင်နှုန်းနဲ့ ဥပဒေပိုင်း ဝန်ဆောင်ခွန် ၃ ရာခိုင်နှုန်း ဖြတ်တောက်ပြီးရင် ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကို နိုင်ငံတော်က ယူပြီး ၂၅ ရာခိုင်နှုန်းကိုတော့ ကုမ္ပဏီက ရမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ အဲဒီ ကျောက်စိမ်းတုံးကြီးကို နေပြည်တော်က ကျောက်စိမ်းတုံးတွေထားတဲ့ ၁၅ ဧက အကျယ်ရှိတဲ့ ဂိုထောင်မှာ သိမ်းဆည်းထားပြီး နောက်နှစ် ဇွန်လမှာ ကျင်းပမယ့် ကျောက်မျက်ရတနာပြပွဲမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။
ဖားကန့်ဒေသမှာ တန်ချိန်တရာကျော်နဲ့ တရာအောက်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးတွေကို အရင်အစိုးရလက်ထက်မှာ တူးဖော်ရရှိတာတွေ ရှိခဲ့ဖူးပြီး ၂၀ဝ၀ ပြည့်နှစ်မှာဆိုရင် တန်ချိန် ၃၀ဝ၀ လောက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်း အရိုင်းတုံးကြီးကို ပတ္တမြားနဂါး ကုမ္ပဏီက တွေ့ရှိခဲ့ပေမယ့် မတူးဖော်ပဲ တွေ့တဲ့နေရာမှာပဲ ပြတိုက်အဖြစ် ထားရှိခဲ့ပါတယ်။




