ပလက်ဝက အေအေနဲ့ တပ်မတော် တိုက်ပွဲကြောင့် စစ်ဘေးရှောင်များလာ

ဓာတ်ပုံ ရင်းမြစ်, AA
ပလက်ဝမြို့နယ် အတွင်း မြန်မာတပ်မတော်နဲ့ အေအေ ရခိုင်တပ်မတော် အကြားတိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် ကျေးရွာသား ၃၀ဝ ကျော်ခန့်ဟာ အခု ချင်းလက်ဝကျေးရွာမှာ ခိုလုံနေကြရပြီး ဒေသခံတွေအနေနဲ့လည်း စိုးရိမ်ကြောက်လန့်ပြီး တောတောင်တွေကို မသွားရဲတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်း မြန်မာတပ်မတော်နဲ့ အေအေအကြား နိုဝင်ဘာလ ၁ ရက်နေ့ကနေ တိုက်ပွဲတွေစတင်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေအတွက် အဓိက အခက်အခဲက စားဝတ်နေရေးအခက်အခဲ ဖြစ်နေပြီး ချင်းပြည်နယ်အစိုးရက ကျပ်သိန်းတရာကျော်ဖို့ လှူဒါန်းတယ် သတင်းကြားပေမဲ့ စစ်ဘေးရှောင်တွေဆီကို အဲဒီ အကူအညီမရောက်သေးဘူးလို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ တဦးက ဘီဘီစီကို ပြောပါတယ်။ တပ်မတော် စစ်ကြောင်းတွေကလည်း ကုလားတန်မြစ် အပေါ်ပိုင်းကို ဆက်တက်နေတာတွေ့ရတယ်လို့လည်း သူကဆိုပါတယ်။
အခုလို ထွက်ပြေးလာကြတဲ့ စစ်ပြေးရှောင်တွေသာမက ကျေးလက်တောရွာတွေက ဒေသခံတွေ အများစု အနေနဲ့ တောတောင်တွေကို သွားပြီး အလုပ် မလုပ်ရဲတာကြောင့် စားဝတ်နေရေး အခက်အခဲတွေရှိနေတယ်လို့လည်း သိရပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုက စက်လှေတွေ ကုလားတန်မြစ်ဖျားပိုင်းမှာ အတိုက်အခိုက်ခံခဲ့ရတဲ့ နုန်းဗူး ဒေသဘက်မှာတော့ တိုက်ပွဲတွေ ငြိမ်နေပြီး ကုလားတန်မြစ်ထဲမှာ အသွားအလာတွေ ပြန်ရှိလာနေတယ်လို့ နုန်းဗူးဒေသခံ အမျိုးသမီးတဦးက ဘီဘီစီကို ပြောပါတယ်။
အေအေ ရက္ခိုင့်တပ်မတော်ရဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ သတင်းထုတ်ပြန်ချက်တွေအရတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က အေအေ နဲ့ တပ်မတော်အကြား ဒိုးချောင်းဝ ၊ ရွှီလိုင်ပီး ၊ ပီးလိုင်ဝ အစရှိတဲ့ ကျေးရွာတွေနားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အေအေ သတင်းထုတ်ပြန်ချက်အရတော့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းအထိ ရီချမ်းသာ ကျေးရွာအနီးမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။




