ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြစ်ဆုံ စီမံကိန်း အကောင်အထည်ဖော်ဖို့ တရုတ် လိုလားဆဲဖြစ်
ကချင်ပြည်နယ်ထဲ ယာယီ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံ တာတမံ စီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံရဲ့ သဘောထားဟာ မပြောင်းမလဲ ရှိနေဆဲ ဖြစ်တယ်ဆိုပြီး တရုတ်အစိုးရ ဘက်က ပြောတဲ့ အသံတွေ ပြန်လည် ထွက်ပေါ် လာပါတယ်။
ရေအားလျှပ်စစ် ထုတ်ယူဖို့ ရည်ရွယ်တဲ့ တရုတ်နဲ့မြန်မာကြား အဲဒီ စီမံကိန်းနဲ့ ပတ်သက်လို့ တရုတ် နိုင်ငံရဲ့ ရပ်တည်မှု မပြောင်းလဲဘူး၊ ၂ နိုင်ငံကြား အပြန်အလှန် အကျိုး ရှိစေဖို့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ် သွားရေး အတွက် တရုတ်ဘက်က အမြဲ လိုလားတဲ့ အကြောင်း တရုတ် နိုင်ငံခြားရေး ဌာနက ပြောတယ်ဆိုပြီး ပြောခွင့်ရ ဟွာချုရင်းကို ကိုးကားလို့ နိုင်ငံတကာ မီဒီယာ တချို့က ရေးသား ထားပါတယ်။
မြစ်ဆုံ ရေအားလျှပ်စစ် စက်ရုံ စီမံကိန်းဟာ နှစ်နိုင်ငံကြား သဘောတူ ထားနှင့်ကြပြီး ဖြစ်တယ်၊ စီမံကိန်း အတွက် ခွင့်ပြုချက် လုပ်ငန်းစဉ်ကိုလည်း ကျော်ဖြတ်နှင့်ပြီး ဖြစ်တယ်လို့ ဟွာချုရင်းက ပြီးခဲ့တဲ့ သီတင်းပတ် ထဲကပဲ ပြောဆို ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေ အပါအဝင်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေရဲ့ အပြင်းအထန် ကန့်ကွက်မှုတွေကြောင့် မြစ်ဆုံ စီမံကိန်းကို ပြီးခဲ့တဲ့ အစိုးရ လက်ထက်က သမ္မတ အမိန့်နဲ့ ယာယီ ရပ်ဆိုင်း ထားပါတယ်။
မြန်မာ စွမ်းအင် ဝန်ကြီး ဦးဝင်းခိုင်ကတော့ မြန်မာ နိုင်ငံမှာ လျှပ်စစ်ဓာတ်အား လိုအပ်နေတဲ့ ပြဿနာကို ကိုင်တွယ်ရာမှာ ရေအားလျှပ်စစ် ထုတ်ယူဖို့ ဆိုပြီး တာတမံ အကြီးကြီးတွေကို တည်ဆောက်ဖို့ရာ ဦးစားပေး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားကြောင်း ရိုက်တာ သတင်းဌာနက ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရသစ် အပြောင်းအလဲ ဖြစ်လာပြီးတဲ့နောက် ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းက စီမံကိန်းတွေ အပေါ် စိစစ် သုံးသပ်ဖို့အတွက် ဆိုပြီး ဖွဲ့စည်းပေးထားတဲ့ ကော်မရှင် ရှိနေပေမယ့်လည်း ၁ နှစ် ကျော်လွန် လာတဲ့ တိုင်အောင် အဲဒီ ကော်မရှင်ဘက်က အစီအရင်ခံစာ ထုတ်ပြန်တာမျိုး လုပ်ဆောင်တာ မတွေ့ရသေးဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ကော်မရှင်အနေနဲ့ ဒေသခံလူထုနဲ့ကြား တွေ့ဆုံ ဆွေးနွေးမှု နည်းပါးနေတယ် ဆိုပြီး ကချင် ဖွံ့ဖြိုးရေး တိုးတက်ရေး ကွန်ရက်က ဝေဖန်ပါတယ်။
တရုတ် အစိုးရပိုင် CPI ကုမ္ပဏီကတော့ မြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွှေ့ထားရတဲ့ ဒေသခံတွေကို ဆန်အိတ်တွေ ထောက်ပံ့တာမျိုး၊ ကလေးတွေအတွက် ပညာရေးဆိုင်ရာ စာအုပ်စာတမ်းတွေ ပေးဝေတာမျိုး အပါအဝင် လူမှုရေးဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးနေတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ် အနေနဲ့ ကချင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့တုန်းက သူဦးဆောင်တဲ့ ပါတီ အစိုးရဖြစ်လာရင် မြစ်ဆုံစီမံကိန်း သဘောတူညီချက်ပါ အချက်အလက်တွေကို အများပြည်သူ သိအောင် ချပြမယ်လို့ ပြောဆို ခဲ့ဖူးပါတယ်။