UPDJC အစည်းအဝေးတွေ လကုန်ရက်တွေမှာ ကျင်းပမယ်

UPDJC
ဓာတ်ပုံ ပုံစာ, ငြိမ်းချမ်းရေးနှစ်လို့ အစိုးရက ကြွေးကြော်ထား

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ အစည်းအဝေးတွေ အောက်တိုဘာလ ၃ဝ နဲ့ ၃၁ ရက်တွေမှာ ခေါ်ယူသွားဖို့ ရှိနေပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ဖို့ ကြိုတင် လုပ်ဆောင်ရမယ့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ အခုတခေါက်မှာ အဆင်ပြေပြေ အထမြောက်လာဖို့ အပါအဝင်၊ ငြိမ်းချမ်းရေး ညီလာခံ အတွက် အသင့်ပြင်ဆင် ဆောင်ရွက် စရာ ရှိတဲ့ ကိစ္စချင်းရာတွေကို အဲဒီ UPDJC အစည်းအဝေးတွေမှာ ညှိနှိုင်းကြမှာ ဖြစ်တယ်လို့ UPDJC အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ခွန်မြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။

အရင်အခေါက် ငြိမ်းချမ်းရေး ညီလာခံတွေ အကြို ကျင်းပခဲ့တဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ တုန်းကတော့ တချို့ နေရာတွေမှာ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ အကြား ကွဲလွဲမှု တချို့ ရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်ကိုကြည့်ရင် တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု NCA ထဲ ပါဝင် လက်မှတ်ထိုး ထားတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS က ရှမ်းလူမျိုး အပေါ် အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဦးဆောင် ကျင်းပဖို့ ကိစ္စမှာ ခက်ခဲမှုတွေ ရှိခဲ့သလို၊ ရခိုင်ပြည်နယ်ထဲမှာလည်း NCA ထဲပါဝင်တဲ့ ရခိုင်လွတ်မြောက်ရေး ပါတီ ALP ရှိနေပေမယ့် လူမျိုးပေါ် အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မပြုလုပ် နိုင်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

အဲဒီလို NCA ပါ သဘောတူချက်တွေ အကောင်အထည် ဖော်ရာမှာ အခက်အခဲတွေ ရှိနေခဲ့တာကို အောက်တိုဘာ ၂၅ ကနေ ၂၇ နေ့အထိ ၃ ရက်တိုင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ပြန်လည် သုံးသပ် ခဲ့ကြပါတယ်။

UPDJC
ဓာတ်ပုံ ပုံစာ, အပစ်ရပ်စောင့်ကြည့်ရေးမှာ နည်းစနစ်ပိုင်း အထောက်အကူ ဖြစ်စေဖို့ပဲ နိုင်ငံတကာပါ၀င်မှုကို လက်ခံမယ်

တပ်နေရာ ချထားရေးနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်တွေကြား အတိအကျ ဆွေးနွေးထားတာမျိုး၊ နားလည်မှု ရထား တာမျိုး မရှိတဲ့ အတွက် တချို့ နေရာတွေမှာ ထိတွေ့ တိုက်ခိုက်မှု တွေ ရှိခဲ့သလို အပစ်ရပ် စောင့်ကြည့်ရေး အဖွဲ့တွေ ဖွဲ့ထားပေမယ့် ထိရောက်မှု မရှိ ဖြစ်နေတယ် ဆိုတဲ့ သုံးသပ် ဝေဖန်မှုတွေ ရှိနေပါတယ်။

တပ်နေရာ ချထားမှု သတ်သတ်မှတ်မှတ် ရှိလာဖို့ နိုင်ငံရေး အရ ဆက်လက် ဆွေးနွေးရဦးမှာ ဖြစ်ပြီး၊ အပစ်ရပ် စောင့်ကြည့်ရေး အဖွဲ့တွေမှာ နည်းပညာပိုင်း ဆိုင်ရာ အထောက်အကူ ပေးနိုင်ဖို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေ ပါဝင်မှာကို အစိုးရဘက်က လက်ခံကြောင်း ခွန်မြင့်ထွန်းက ပြောပါတယ်။

ဒါပေမယ့်လည်း နိုင်ငံတကာ အနေနဲ့ အဆုံးအဖြတ် တစုံတရာ ပေးနိုင်တဲ့ အခန်းကဏ္ဍမျိုးကနေ ပါဝင် ခွင့်ပြုနိုင်မှာ မဟုတ်တဲ့ အကြောင်း အစိုးရနဲ့ အစိုးရ စစ်တပ် ဘက်က ပြောဆိုထားပါတယ်။

၆ လ တစ်ကြိမ် ကျင်းပနိုင်ဖို့ ရည်ရွယ်ထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို လာမယ့် ဒီဇင်ဘာ လ ဆိုရင် နောက်တစ်ကြိမ် ထပ် ပြုလုပ်ဖို့ အချိန်တန်ပြီ ဖြစ်ပေမယ့်၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့က အစ ကြိုတင် လုပ်ဆောင်ရမှာတွေကို အခုထက်ထိ ကြိုးစား ပြင်ဆင် နေကြတဲ့ အခြေအနေမှာ ရှိနေပါတယ်။