ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လက်ပံတောင်း စီမံကိန်း မြေပြန်ပေးဖို့ ညှိနှိုင်း
မုံရွာမြို့တဖက်ကမ်း၊ လက်ပံတောင်းကြေးနီစီမံကိန်း ဧရိယာက လယ်သိမ်းခံတောင်သူတွေအရေး အတွက် အောက်တိုဘာ ၂၄ ရက်နေ့ ညနေက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဒေသခံတောင်သူတွေ တွေ့ဆုံပြီး ညှိနှိုင်းခဲ့ကြပါတယ်။
လက်ပံတောင်းစီမံကိန်းမှာ လျော်ကြေးမယူရသေးတဲ့ မြေဧက ၁၉၀ဝ အတွက် အစားထိုးမြေပေးဖို့ တောင်းဆို ထားတာ မကျေလည်သေးတာကြောင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တာဝန်ပေးထားတဲ့ စည်ပင်ဝန်ကြီး ခေါင်းဆောင်တဲ့အဖွဲ့က ဦးဆောင်ပြီး ညှိနှိုင်းမှု လုပ်ခဲ့တာဖြစ်ပါတယ်။
အစားထိုးမြေဧက ၁,၉၀ဝ ကို ပြန်ပေးရာမှာ ရွာတွေနဲ့ အလှမ်းမဝေးတဲ့ နေရာက စိုက်ပျိုးလို့ရတဲ့ မြေဖြစ်ဖို့နဲ့ စီမံကိန်းမှာ ဧက ၈,ဝ၀ဝ နီးပါး သိမ်းထားတာမို့ ပိုလျှံမြေတွေကို ပြန်စွန့်လွတ်ဖို့ အပါအဝင် အစီရင်ခံစာပါ အချက်တွေကို လိုက်နာမှု ရှိမရှိ စစ်ဆေးဖို့ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့ဖွဲ့ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဒေါ်စန်းနွဲ့က ပြောပါတယ်။
ဒီညှိနှိုင်းတဲ့ပွဲကို ဦးဆောင်တဲ့ စစ်ကိုင်းတိုင်း စည်ပင်ဝန်ကြီး ဦးမြင့်ကြည်က
"သူတို့အနေနဲ့ အတတ်နိုင်ဆုံးပြေလည်နိုင်အောင်ကြိုးစားသွားမယ့်အကြောင်းနဲ့ ရာနှုန်းပြည့် ပြေလည် ဖို့ကတော့ အခက်ခဲရှိနိုင်တယ်"လို့ ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းပြီး ၂၀၁၀ ကတည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်ကတည်းက လယ်သိမ်းခံတောင်သူတွေနဲ့ ကုမ္ပဏီအကြား မပြေမလည်ဖြစ်ခဲ့တဲ့အတွက် နည်းမျိုးစုံနဲ့ ဆန္ဒပြနေတာဟာလည်း ဒီကနေ့အထိ ဖြစ်ပါတယ်။
တောင်သူအချို့က မြေယာလျော်ကြေးယူပြီး ကုမ္ပဏီက စီစဉ်ပေးတဲ့ နေရာတွေမှာ နေထိုင်နေကြပေမယ့် တုံရွာ၊ မိုးကြိုးပြင်နဲ့ ဇီးတောရွာက တောင်သူတချို့ကတော့ မြေယာလျော်ကြေးမယူသေးဘဲ ဆက်လက်ဆန္ဒပြ တောင်းဆို နေကြတာလည်း ဖြစ်ပါတယ်။