ဟိန္ဒူဘာသာဝင် အမျိုးသမီးတွေ ပြန်လည်ရောက်ရှိ

ဓာတ်ပုံ ရင်းမြစ်, Information Committee Facebook
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA Arakan Rohingya Salvation Army အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် ဘက်ကို ခေါ်သွား ခံခဲ့ ရတယ်ဆိုတဲ့ ရဲဘော်ကျကျေးရွာက ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနဲ့ ကလေး ငယ် ၈ ဦး စုစုပေါင်း ၁၆ ဦး မြန်မာ နိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီလို့ မြန်မာအစိုးရက သတင်းထုတ်ပြန် ပါတယ်။
သူတို့ ပြန်လာနိုင်ရေး အစီအစဉ်တွေကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဘင်္ဂလားဒေ့ရှ် ကိုသွားရောက် မဆွေးနွေးခင် ကတည်းက နှစ်ဘက် စတင် ညှိနှိုင်းခဲ့ကြတာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။
ဒါပေမဲ့ သူတို့ ဘယ်လို ခေါ်ယူခဲ့တယ်၊ ဘယ်လို ပြန်ရောက်လာတယ် ဆိုတာနဲ့ပတ်သက်လို့တော့ သူက အသေးစိတ် မသိလို့ မပြောနိုင်ဘူးလို့ ဆိုပါတယ်။
အဲဒီ ဟိန္ဒူ ဘာသာဝင်တွေရဲ့ မျက်နှာတွေကို လူသိရှင်ကြား မြင်ထားပြီးဖြစ်တဲ့ အတွက် သူတို့ လုံခြုံရေး၊ အသက်အန္တရာယ်ကို မထိခိုက်စေဖို့ ရှုထောင့်ကနေ ကြည့်ပြီး ဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ချဉ်းကပ် ဆောင်ရွက်ခဲ့တယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။
မြန်မာ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ အဲဒီ ဟိန္ဒူ ဘာသာဝင်တွေကို ကူတူပါလောင် ဒုက္ခသည် စခန်းက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲ တစ်ယောက်ရဲ့ အကူအညီနဲ့ ရှာဖွေခဲ့တယ်လို့ ဖော်ပြထား ပါတယ်။
ဒါကာ အခြေစိုက် ဘီဘီစီ ဘင်္ဂါလီ ဌာန ယာယီ အယ်ဒီတာQadia Kallol က တော့ ဟိန္ဒူ ဘာသာဝင်တွေ မြန်မာ နိုင်ငံဘက် ပြန်သွားကြတယ်ဆိုတဲ့ ကိစ္စ ဘင်္ဂလားဒေ့ရှ်က ကော့ဆက်ဘဇား နယ်ခြားစောင့် ရဲ တပ်ဖွဲ့နဲ့ ရဲချုပ်က မသိရှိဘူးလို့ ပြောကြပြီး ကူတူပါလောင် ဒုက္ခသည် စခန်းမှာ နေကြတဲ့ဟိန္ဒူ ဘာသာဝင်တွေ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ အကူအညီနဲ့ ပြန်သွားခဲ့ တာလည်း မရှိဘူးလို့ သူ့ကို ပြောတယ်လို့ ဆိုပါတယ်။




