အပစ်ရပ်နယ်မှာ တိုက်ခိုက်မှုတွေ မဖြစ်အောင် နှစ်ဘက်တပ်မှူးတွေ တွေ့ဆုံမယ်

JMC-U

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, နယ်မြေသတ်မှတ် ပိုင်းခြားမှုတွေ လုပ်ဖို့ အစိုးရ စစ်တပ်က သဘောမတူ

ရန်ကုန်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်မှု ကော်မတီ JMC-U ရဲ့ ၃ ရက်ကြာ အစည်းအဝေးမှာ အပစ်ရပ်နယ်မြေအတွင်း တိုင်းရင်းသားတပ်ဖွဲ့တွေ နဲ့ တပ်မတော် အကြား တိုက်ခိုက်မှုတွေ မဖြစ်စေဖို့ ဒေသတွင်းက နှစ်ဘက်တပ်မှူးတွေ တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီ ခဲ့ပါတယ်။

ဒါပေမဲ့ ဒါဟာ ပဋိပက္ခ မဖြစ်ဖို့အတွက် တွေ့ဆုံဆွေးနွေးမှုသာဖြစ်ပြီး အောင်မြင်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တွေ့ရလေ့ရှိတဲ့ နှစ်ဘက် နယ်မြေသတ်မှတ် ပိုင်းခြားမှုတွေ လုပ်ဖို့ ဆိုတဲ့ကိစ္စကိုတော့ တပ်မတော်ဘက်က သဘောမတူဘူးလို့သိရပါတယ်။

အန်စီအေ အပစ်ရပ်စဲရေးပြုလုပ်ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားမှုတွေဟာ နယ်မြေသတ်မှတ်မှု တိတိကျကျ မရှိတာကြောင့်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က ယခင်ကတည်း ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ထိတွေ့တိုက်ခိုက်မှုတွေကြောင့် အစိုးရ ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင်အစု ၃ စုနဲ့ ဖွဲ့စည်းထား တဲ့ ဂျေအမ်စီ ကော်မတီကို တတိယ အင်အားစုအဖြစ် နိုင်ငံတကာက ပါဝင်ဖို့ တောင်းဆိုမှုတွေ ရှိနေပါ တယ်။ ဒါပေမဲ့ ဂျေအမ်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ကတော့ ဂျေအမ်စီမှာ တတိယ အင်အားစု ဆိုတာ မရှိဘူးလို့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာတော့ အပစ်ရပ်နယ်မြေအတွင်း နှစ်ဘက်တပ်တွေ ထိတွေ့မှုတွေ မဖြစ်ဖို့အတွက် နယ်မြေသတ်မှတ်မှု တိတိကျကျ လုပ်တာတွေ ရှိပါတယ်။

လေ့လာသူအချို့ကတော့ နယ်မြေသတ်မှတ်ရေးလုပ်ပြီး နိုင်ငံရေးအရ မဖြေရှင်းနိုင်ခဲ့ရင် အဲဒီ နယ်မြေတွေကို အသုံးပြုလို့ တိုင်းရင်းသား လက်နက်ကိုင်တွေ အင်အား ပိုကောင်းလာမှာကို စိုးရိမ်ပုံပေါ်တယ်လို့ ထောက်ပြကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ဂျေအမ်စီမှာ အတွင်းရေးမှူး အဖြစ်တာဝန်ယူထားတဲ့ ဒေါက်တာ ရွှေခါရ်းကတော့ နယ်မြေသတ်မှတ်မှုပြုလုပ်နိုင်ရေးက နိုင်ငံရေးအခြေအနေနဲ့ဆိုင်တယ်လို့ ပြောပါတယ်။

ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ JMC - Uရဲ့ ဒီဆွေးနွေးပွဲမှာ ဒေသအလိုက် အပစ်ရပ်စဲရေး စောင့်ကြည့်မှု အဖွဲ့မှာ အရပ်သားစောင့်ကြည့်ရေး အဖွဲ့တွေဖွဲ့ဖို့ ၊ ဒေသအလိုက်နဲ့ ပြည်နယ်အလိုက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ စီစစ်အတည်ပြုရေးလုပ်ငန်းအဖွဲ့တွေ အရည်အချင်းမြင့်တင်မှု သင်တန်း တွေပေးဖို့ ၊ အရပ်သား အင်အားတိုးချဲ့ဖို့ ဆိုတဲ့ ကိစ္စတွေကိုလည်း သဘောတူခဲ့တယ်လို့သိရပါတယ်။