မြေကွက်ရောင်းစားတဲ့ အာဏာပိုင်တွေကို အရေးယူပြီ

ဓာတ်ပုံ ရင်းမြစ်, MON STATE GOVERNMENT OFFICE FB
မွန်ပြည်နယ် အတွင်း လယ်ယာ မြေတွေကို အကွက်ရိုက် ရောင်းချမှုမှာ ပါဝင် ပတ်သက် နေတဲ့ မြေစာရင်း ဌာန ဝန်ထမ်း တွေ အပါ အဝင် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး (၅၀) ထက် မနည်း ကို အရေးယူ ဆောင်ရွက် နေတယ်လို့ မွန်ပြည်နယ် အစိုးရက ပြောပါတယ်။
အခုလို မြေကွက် ရောင်းချ မှုမှာ ပေါင်မြို့နယ် မြေစာရင်း ဌာနက ဒုမြို့နယ် ဦးစီးမှူး အဆင့် အထိ ပါဝင် ပတ်သက် နေတာ ဖြစ်ပါတယ်။
လယ်ယာမြေ ကိစ္စနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေ အပေါ် ပြည်နယ် အစိုးရက စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး မြေစာရင်း ဌာနက ဝန်ထမ်း (၃၃) ဦးနဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး (၁၈)ဦးတို့ ပါဝင် ပတ်သက် နေတဲ့ အတွက် အဂတိ လိုက်စားမှု ဥပဒေ အပါ အဝင် သက်ဆိုင်ရာ ပုဒ်မတွေနဲ့ အရေးယူ ထားတယ်လို့ မွန်ပြည်နယ် စိုက်ပျိုး မွေးမြူရေးနဲ့ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေး က ပြောပါတယ်။
အုပ်ချုပ်ရေးမှူးတွေဟာ စားကျက်မြေ၊ ကျေးရွာပိုင် မြေတွေကို ဒေသဖွံဖြိုး တိုးတက်ရေး ရန်ပုံငွေ အတွက် ဆိုပြီး ရောင်းချခဲ့ကာ၊ ဒီကရတဲ့ ငွေကို တကယ်တမ်း သုံးစွဲထားတဲ့ စာရင်း ဇယားတွေ မပြနိုင်တဲ့ အတွက် အဂတိ လိုက်စားမှု ဥပဒေပုဒ်မနဲ့ အရေးယူထား တာ ဖြစ်ပါတယ်။
မြေစာရင်းဌာနက လူတွေ ကတော့ ဒီမြေကွက်တွေ ရောင်းချဖို့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ စပါးစိုက်တဲ့ လယ်ယာ မြေတွေကို ဝယ်ယူပြီး ပေ ၄၀ ၆၀ မြေကွက်တွေ ဖော် ဒီမြေတွေငို တရားမဝင် ဂရန် တွေထုတ်ပြီး ရောင်းချတဲ့ ပြဿနာ တွေဟာ မွန်ပြည်နယ် အတွင်းက မြို့နယ် (၁၀) မြို့နယ် လုံးမှာ ဖြစ်နေတယ်လို့ မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင် ပြောပါတယ်။
တကယ်တော့ စားကျက်မြေ လယ်ယာမြေ ကျေးရွာ ပိုင်မြေတွေကို တခြားနည်းလမ်းနဲ့ အသုံးပြုမယ် ဆိုရင် ပြည်ထောင်စု အစိုးရ အဖွဲ့က သက်ဆိုင်ရာ ဝန်ကြီး ဌာနကို တရားဝင် တင်ပြပြီး ခွင့်ပြုချက် ရမှာသာ သုံးစွဲခွင့် ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီမြေယာတွေကို အကွက်ရိုက် ရောင်းချတာ တွေဟာ မွန်ပြည်နယ် အတွင်း ကျယ်ကျယ် ပြန့်ပြန့် ဖြစ်နေပြီး တိုင်ကြား မှုတွေ အများ အပြား ရှိနေဆဲ ဖြစ်ပါတယ်။




