မယ်ရာမို ဒုက္ခသည်စခန်းမှာ H1N1 ပိုးတွေ့

ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတခုမှာ ရာသီတုပ်ကွေး H1N1 ပိုး တွေ့ရှိထားပြီး ရောဂါပြန့်ပွားမှုတွေကို ထိန်းချုပ်ထားဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်က မယ်ရာမို ဒုက္ခသည်စခန်းမှာ ဖျားနာတဲ့လူ တွေများလာတဲ့ အတွက် မသင်္ကာလို့ စစ်ဆေးခဲ့ရာကနေ H1N1 ပိုးတွေ့ရှိခဲ့တာလို့ ကရင်ဒုက္ခသည်ကော်မတီက ဘီဘီစီကို ပြောပါတယ်။

စခန်းထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုကူညီပေးနေတဲ့ အဖွဲ့ တဖွဲ့က ဆရာဝန်တွေ စစ်ဆေးခဲ့ရာ လူနာတွေထဲမှာ အနည်းဆုံး ၃ ယောက်ဟာ H1N1 ပိုးကူးစက်ခံနေရတယ်လို့ ဒုက္ခသည်စခန်းနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းက တဆင့် သိရှိရပါတယ်။

မြန်မာပြည်က ဒုက္ခသည် ၁၀,ဝ၀ဝ ကျော်နေထိုင်တဲ့ မယ်ရာမိုဒုက္ခသည်စခန်းမှာ H1N1 ပိုးကိုတွေ့ရှိတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး တခြားဒုက္ခသည်စခန်းတွေမှာတော့ ရောဂါကူးစက်မှု မရှိသေးဘူးလို့ ကရင်ဒုက္ခသည်ကော်မတီက ပြောရေးဆိုခွင့်ရှိသူ ဆရာမ နော်ဘလူးမေးနိုက်ဇာက ပြောပါတယ်။

ဒါပေမယ့် ရောဂါပိုးမကူးစက်အောင် စခန်းထဲ လူအဝင်အထွက်ကိုလည်း ပိတ်ထားပါတယ်လို့ စခန်းထဲကလူတွေ ပြောပါတယ်။ မြန်မာပြည်က နယ်စပ်ဖြတ်ကျော်ပြီ ဒုက္ခသည်စခန်းကို လာလည်တဲ့သူတွေကိုလည်း ပိတ်ထားပါတယ်။

"ရောဂါက မြန်မာပြည်ကလာတယ်ပြောတော့ မြို့ပေါ်အဝင်အထွက်ရှိသူတွေကို စခန်းထဲမဝင်ဖို့ ပိတ်ထားပြီး အပြင်လူတွေ၊ ကားတွေကို လုံးဝပေးမဝင်ဘူး၊ မဲဆောက်ကလာတဲ့ လူတွေလည်း စခန်းထဲပေးမဝင်ဘူး" လို့ မယ်ရာမိုစခန်းမှာ ဆွေမျိုးရှိသူ မယ်ဟောင်ဆောင်ခရိုင်က ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ စောတူးတူးက ဘီဘီစီကို ပြောပါတယ်။

H1N1 ဖြစ်ပွားမှုကြောင့် စခန်းထဲက ဒုက္ခသည်တွေအကြားမှာလည်း စိုးရိမ်ထိန့်လန့်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

စခန်းမှာ စာသင်ပေးတဲ့ နိုင်ငံခြားသား ကျောင်းဆရာနှစ်ယောက်ဟာလည်း သြဂုတ်လ ၂၄ ရက်နေ့က စခန်းကနေ ထွက်သွားခဲ့ပါတယ်။ ရောဂါဖြစ်ပွားမှုကြောင့် မယ်ရာမိုစခန်းထဲက ကုလသမဂ္ဂ အစီအစဉ်နဲ့ တတိယနိုင်ငံတွေဆီ ပြောင်းရွှေ့အခြေချတာကိုလည်း အခုလောလောဆယ် ရပ်ထားရပါတယ်။

မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးရောဂါ ဒီနှစ်အတွင်း ပျံ့နှံ့လာတာ လချီ ကြာခဲ့ပြီ ဖြစ်ပေမယ့် ကျန်းမာရေးဌာန အနေနဲ့ကတော့ ဒီပျံ့နှံ့မှု ဟာ အရေးပေါ်အနေအထား သတ်မှတ်စရာ မလိုသေးတဲ့အနေအထား လို့ သုံးသပ်ထားပါတယ်။

H1N1 ရာသီတုပ်ကွေးရောဂါ ကြောင့် မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သေဆုံးသူ အယောက် ၂၀ ကျော် ရှိပါတယ်။