ဒေါ်စု အီတလီအစိုးရနဲ့တွေ့

ဓာတ်ပုံ ရင်းမြစ်, GIUSEPPE LAMI
ဥရောပ ၃ နိုင်ငံ ခရီးစဉ် ရောက် ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီကို ၂ ရက်ကြာ ခရီးစဉ်အဖြစ် ဆိုက်ရောက်လာပြီး အီတလီ အစိုးရ အရာရှိတွေ တွေအပြင် အီတလီ မြန်မာ ချစ်ကြည်ရေး အသင်းတို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး ဥရောပသမဂ္ဂ ဥက္ကဋ္ဌဟောင်း ရာမာနို ပရောဒီ နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် အီတလီ နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက်ပြီး နိုင်ငံခြားရေး ဝန်ကြီး အန်ဂျလီနို အဲဖက်နို နဲ့ တွေ့ဆုံပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံစဉ် အီတလီ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အီတလီက မြန်မာနိုင်ငံကို နိုင်ငံခြားရေး မူဝါဒအရ ထောက်ခံ အားပေးနေတဲ့ ကိစ္စ အထူးသဖြင့် ယဉ်ကျေးမှု ထွန်းကားရေး ထောက်ပံ့နေမှုတွေ အကြောင်း စတာတွေကို ပြောကြားပါတယ်။
အီတလီ သံအမတ်ကြီး အနေနဲ့လည်း သမိုင်းဝင် အဆောက်အဦတွေ ရေရှည် တည်တံ့ရေး အတွက် အကူအညီ ပေးနေတယ်လို့ အီတလီ-မြန်မာအသင်း ဥက္ကဋ္ဌ ဖြစ်သူ ကာလို ဖာရီက ပြောပါတယ်။
အီတလီက ရှေးဟောင်း အမွေအနှစ် ဆိုင်ရာ ကျွမ်းကျင်သူတွေဟာ မြန်မာနိုင်ငံ ပုဂံဒေသမှာ မကြာသေးခင်က မြေလျင်လှုပ်ခဲ့ပြီးနောက် သွားရောက် အကူအညီပေးတာတွေ ရှိပါတယ်။
မြန်မာနိုင်ငံက ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ်တွေကို အသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲမှာ အီတလီ ဟာလည်း တနိုင်ငံဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TELENEWS
ဒေါ်အောင်ဆန်းစုကြည် အီတလီ-မြန်မာ ချစ်ကြည် ရင်းနှီးမှု အသင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အထဲမှာ တော့ မြန်မာနိုင်ငံမှာ သင်တန်းတွေ ထပ်ပေးဖို့ ကိစ္စတွေပါဝင်တယ်လို့ ဆိုပါတယ်။
အီတလီ ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ ပြန်လည် တည်ဆောက်ရေး ကို ထောက်ခံ အားပေးကြောင်း၊ အစိုးရ အနေနဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး အတွက် အထောက်အကူ ပေးမှာ ဖြစ်သလို အလတ်စားနဲ့ အသေးစား ကုမ္ပဏီတွေ လည်း မြန်မာ နိုင်ငံမှာ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အတွက် အကူအညီပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
နောက်ပြီး ဓာတ်အားလိုင်းဆိုင်ရာ ကိစ္စတွေလည်း ပါဝင်ကြောင်း သူကပြောပါတယ်။
ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ တရားဝင် တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနောက် အီတလီ ပါလီမန်မှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ အဲဒါပြီးတာနဲ့ အီတလီ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး အီတလီနိုင်ငံ ၂ ရက်ကြား ခရီးစဉ် အဆုံးသတ်မှာ ဖြစ်ပါတယ်။








