ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေးတိုင်း က လယ်မြေ အလွတ်တွေ ပြန်သိမ်းမယ်
မန္တလေးတိုင်း၊ ပြင်ဦးလွင် နဲ့ ပုသိမ်ကြီး မြို့နယ် အပါအဝင် နေရာ အတော်များများ မှာ အရင် အစိုးရ လက်ထက်က ချပေး ထားတဲ့ လယ်မြေ ဧက ငါးသောင်းထဲက အမှန်တကယ် လုပ်ကိုင် နေတဲ့ ဧက တစ်သောင်း ကို ချန်လှပ်ပြီး ကျန်တဲ့ မြေဧက လေးသောင်းကို တည်ဆဲ ဥပဒေနဲ့ အညီ ပြန်သိမ်း မယ်လို့ သိရပါတယ်။
လယ်ယာ မြေလွတ် မြေရိုင်း ဥပဒေ ပုဒ်မ ၂၂ (ဂ) အရ လေးနှစ် အတွင်း သတ်မှတ် တဲ့ နည်းလမ်း အတိုင်း အကောင်အထည်ဖော် လုပ်ကိုင်ခြင်း မရှိတဲ့ မြေကို နိုင်ငံတော် က သိမ်းယူ နိုင်တယ်လို့ မန္တလေး တိုင်း စိုက်ပျိုး မွေးမြူရေး နဲ့ ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်း က ပြောပါတယ်။
မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့် သတ်မှတ် ပေးထားတာ က ဘယ်နှစ်မှာ ဘာတွေ လုပ်ရမယ်လို့ အတိအလင်း ပြဋ္ဌာန်း ထားတာ ဖြစ်ပေမယ့် လုပ်ငန်း အကောင် အထည် မဖော်ဘဲ မြေဦးထားတဲ့ သဘောနဲ့ ယူထားတာ မျိုး ဖြစ်လို့ ပြန်သိမ်း တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အစိုးရ သက်တမ်း ကာလ တစ်လျှောက်လုံးမှာလည်း လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ ကာလကြာရှည်စွာ မြေတွေကို ဦးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဥပဒေ ပြဋ္ဌာန်း ထားပြီး ဖြစ်တာကြောင့် အသိပေး အကြောင်းကြားစရာ မလိုအပ်ဘူးလို့ ဦးစိုးသန်း က ပြောပါတယ်။ အခုနှစ် ဧပြီလ က စပြီး မြေသိမ်း မယ့် ကိစ္စတွေ ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကော်ဖီစိုက်ခင်း စီမံကိန်း၊ ပိုးစာ စိုက်ခင်း စီမံကိန်း တွေ လုပ်ကိုင်မယ်ဆိုပြီး ချထား ပေးတဲ့ မြေတွေ မှာ လုပ်ငန်း လုပ်ကိုင်ခြင်း မရှိတဲ့ မြေတွေ ကို ပြန်လည် သိမ်းယူ မှာလည်း ဖြစ်ပါတယ်။
အခု သိမ်းယူမယ့် မြေလွတ် မြေရိုင်း လုပ်ပိုင်ခွင့်တွေကို အမှန်တကယ် အလုပ်လုပ် ကိုင်ကြတဲ့ သူတွေ ဖြစ်တဲ့ လယ်သမား တွေက ရရှိထား တာ မဟုတ်ဘူးလို့လည်း ဒေါက်တာ စိုးသန်း က ပြောကြား ခဲ့ပါတယ်။