ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အဂတိလိုက်စားမှု မြန်မာ ယခင်ထက် အနည်းငယ် ကောင်းမွန်
အဂတိလိုက်စားမှုလေ့လာ စောင့်ကြည့်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ဖြစ်တဲ့ Transparency International က ကမ္ဘာ့နိုင်ငံတွေရဲ့ နှစ်ပတ်လည် အဆင့် သတ်မှတ်ချက် ဇယား ထုတ်ပြန်လိုက်ပြီး လူထု ကြားထဲ နာမည်ကြီးအောင် လုပ်ဆောင်နေတဲ့ နိုင်ငံရေး သမားတွေကို လည်း အဲဒီ အဖွဲ့က သတိပေးလိုက် ပါတယ်။
နိုင်ငံရေး သမားတွေ လူကြိုက်များအောင် လုပ်ဆောင်မှုတွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထိခိုက် စေလေ့ ရှိတယ်လို့ Transparency International ရဲ့ ၂၀၁၆ အတွက် ထုတ်ပြန်ချက်မှာ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၁၆ ခုနှစ် အတွင်း အဂတိ လိုက်စားမှု အခြေ အနေ ကတော့ ကမ္ဘာ့ နိုင်ငံပေါင်း ၁၇၆ နိုင်ငံ အနက် ၁၃၆ မှာ ရှိနေပါတယ်။
၂၀၁၅ ထက် ၁၁ ဆင့် ပိုမို တိုးတက် ကောင်းမွန် လာတာ ဖြစ်ပါတယ်။
ဒါဟာ အဂတိ လိုက်စားမှုကို လက်တွေ့ အမှန်တကယ် တိုက်ဖျက်မှု တွေကြောင့် အဆင့် တက်လာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံက အဂတိ လိုက်စားမှု အခြေအနေတွေကို လေ့လာ စောင့်ကြည့်နေတဲ့ IDEA ဘက်စုံ ဖွံ့ဖြိုးရေး အမှုဆောင်အဖွဲ့ကို တည်ထောင်သူ ဦးဇော်ထွန်းက ပြောပါတယ်။
မြန်မာ အစိုးရ အနေနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့ပြီး လက်တွေ့ဆောင်ရွက်နိုင်တာ မရှိခဲ့ပေမဲ့ ၂၀၁၆ နှစ်ထဲမှာတော့ အဂတိလိုက်စားမှု လုပ်ဆောင်တဲ့ ဌာနဆိုင်ရာတွေကို အစိုးရက အရေးယူလာတာ ရှိတယ်လို့ သူက ပြောပါတယ်။
အဂတိ လိုက်စားမှုတွေမှာ လစာ မလောက်တဲ့ နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်ပတ်သက်မှု ရှိတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆနေကြတဲ့ အတွက် သူတို့ အတွက် လုံလောက်တဲ့ အခွင့်အရေးနဲ့ လစာ ထောက်ပံ့ပေးဖို့နဲ့ အဂတိလိုက်စားမှု အားလုံးကို ထိထိရောက်ရောက် အရေးယူဖို့က အဂတိ လိုက်စားမှု တိုက်ဖျက်ရေးမှာ အရေးကြီးတယ်လို့ ဦးဇော်ထွန်းက ပြောပါတယ်။