ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လက်နက်ကြီးကျည်ကြောင့် ကလေးငယ်တွေ ဒဏ်ရာရ
ဒီဇင်ဘာလ ၂၄ရက်နေ့က ရှမ်းပြည်နယ် နန့်ဖက်ကာမြို့နယ် နန့်ဖလွန်ကျေးရွာကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် ငါးယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ မိသားစုသုံးစုက စုစုပေါင်း ကလေး ၄ယောက်နဲ့ အဘွားအိုတဦးတို့ ပါဝင်ပါတယ်။
ဒဏ်ရာရတဲ့ ကလေးငယ်တွေဟာ ဒီဇင်ဘာလ ၂၅ရက်နေ့မှာ လားရှိုးဆေးရုံကို ရောက်ရှိလာပြီး ကလေးငယ်တယောက်ရဲ့ အခြေအနေကတော့ စိုးရိမ်ရတယ်လို့ ဒုက္ခသည်နဲ့ ကလေးသူငယ်တွေအရေး လှုပ်ရှားသူ ဒေါ်မေရီတောင်မ်က ဘီဘီစီကို ပြောပါတယ်။
ဒဏ်ရာရတဲ့ ကလေးငယ်တွေရဲ့ မိသားစုဝင်တွေကတော့ အစိုးရဘက်က ပစ်ခတ်မှုကြောင့် အခုလို ဖြစ်ရတာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ရှမ်းပြည်နယ် မုန်းကိုး ဒေသက တိုက်ပွဲတွေမှာ ကလေးသုံးယောက်ကို လက်နက်ကြီး ကျည်တွေ ထိမှန်ခဲ့ပြီး ကလေးငယ်တဦး သေဆုံးခဲ့ရပါတယ်။
အဲဒီ ဒဏ်ရာရတဲ့ ကလေးငယ် ၂ယောက်ကို တရုတ်နိုင်ငံက ဆေးရုံမှာ ကုသပေးခဲ့ရပြီး ဒီထဲက တဦးဟာ ဝမ်းဗိုက်ထဲက အူပွင့်သွားတဲ့ ဒဏ်ရာပြင်းထန်တဲ့အတွက် ရေရှည်ကုသမှု ခံယူနေရတယ်လို့ ဒေါ်မေရီတောင်မ်က ပြောပါတယ်။
ကချင်ပြည်နယ်က မြစ်ကြီးနားနဲ့ ဝိုင်းမော်တဝိုက်က မှာတော့ ဒေသခံတွေဟာ လေယာဉ်သံနဲ့ လက်နက်သံတွေ ကြားနေရသလို ဖားကန့်ဒေသ နမ့်ဆစ်ဒေသက ဒုက္ခသည် စခန်းတွေမှာလည်း အစားအသောက်အခက်အခဲတွေ ရှိနေတဲ့အတွက် အဲဒီဒေသတွေက ခရစ်ယာန်ဘာသာဝင်တွေ ခရစ်စမတ်ပွဲတော် မဆင်နွှဲနိုင်ပဲ ဖြစ်နေရတယ်လို့ သိရပါတယ်။