ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရလဒ်မထွက်တဲ့ဆွေးနွေးပွဲ - စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ကြား တိုက်ပွဲဆက်ပြင်းထန်
တရုတ် ကမကထလုပ်မှု နဲ့ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ လုပ်ခဲ့တဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ရဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲဟာ ရလဒ်မထွက်ခဲ့သလို ပြေလည်မှုလည်းမရခဲ့ပါဘူး။
ဒီဇင်ဘာ ၂၂ ရက်ကစလို့ ၂၄ ရက်အထိ ၃ ရက်ကြာ လုပ်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲမှာ တပ်နေရာချထားရေးနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်နိုင်ဖို့ ကို စစ်ကောင်စီဘက်က ဆွေးနွေးတယ်လို့ အစည်းအဝေးအကြောင်းသိထားတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
'' ညီနောင် ၃ ဖွဲ့က သူတို့လိုချင်တဲ့နယ်မြေတောင်းတာပေါ့။ စစ်တပ်ဘက်ကလည်း သူတို့တပ်တွေပြန်ဝင်ဖို့ဆိုပြီး ဆွေးနွေးတယ်။ ဒါပေမဲ့ တင်းမာကြတဲ့အခြေအနေရှိခဲ့ပါတယ်'' လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ဒါအပြင် စစ်ကောင်စီဘက်က အပစ်ရပ်ရေးကို ကနဦးလုပ်ပြီး ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်ပြီးမှသာနယ်မြေပိုင်းဖြတ်မှုကိုဆက်လုပ်ဖို့ အဓိကဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ ပြေလည်မှုမရှိခဲ့တာကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုပိုဆိုးလာမယ့် အခြေအနေရှိနေတယ်လို့ စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
စစ်ကောင်စီက ကူမင်းဆွေးနွေးပွဲကို ကိုယ်စားလှယ်အဖွဲ့ သုံးဖွဲ့ အထိ ခေါ်သွားပြီး ချက်ချင်းအပစ်ရပ်ဖို့ဆွေးနွေးတဲ့တစ်ဖွဲ့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးတဲ့တစ်ဖွဲ့ နဲ့ နယ်စပ်ကုန်သွယ်ရေးအတွက်ဆွေးနွေးတဲ့အဖွဲ့ ဆိုပြီး သတ်မှတ်ထားတယ်လို့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။
တတိယအကြိမ်ဆွေးနွေးပွဲ ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ဆက်ပြီးပြုလုပ်ဖို့ နှစ်ဖက်သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူး ကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ စီစဉ်ဖိတ်ခေါ်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ မှာ ဒီဇင်ဘာ ဒီဇင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ၃ ရက်ကြာ ပထမအကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
'' စစ်တပ်ဘက်ကလည်း လေကြောင်းသုံးတိုက်ခိုက်တာတွေပိုတိုးလုပ်လာမယ်။ လောလောဆယ် သူလုပ်နိုင်တာဒါပဲရှိတာကိုး။ နောက်ပိုင်းမှာ သူတို့ ( စစ်ကောင်စီ) က ဒရုန်းတွေသုံးမယ်လို့လည်း သိထားရတယ်'' လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့ မြောက်ပိုင်း ၃ ဖွဲ့ရဲ့ စစ်ရေးဗျူဟာကိုလေ့လာနေတဲ့ စစ်ရေးအကဲခတ်တချို့ကတော့ လက်ရှိအခြေအနေ မှာ Face Saving အရ ( ဂုဏ်သိက္ခာ) နှစ်ဖက်လုံးကစစ်ရေးတုံ့ပြန်မှုကို ရပ်လိုက်ကြဖို့ ခဲယဥ်းမယ်လို့ သုံးသပ်ကြပါတယ်။
'' မြောက်ပိုင်းအဖွဲ့တွေကလည်း တိုက်စရာရှိတာဆက်တိုက်မှာပဲ။ ဒါပေမဲ့ သူတို့က နယ်မြေတစ်ခုကိုရပြီးရင် ခြေကုပ်ယူပြီး ထိန်းဖို့ကြတော့ခက်တယ်။ စစ်တပ်က ဗုံးလာကြဲရင် ဘာမှလုပ်မရဘူး။ အဲဒီတော့ စခန်းသိမ်းလိုက် စစ်လက်နက်ပစ္စည်းတွေသိမ်းလိုက် ပြီးရင် ခဏပြန်ဆုတ်ဒီလိုနည်းနဲ့ပဲ ဆက်တိုက်နေရမှာ။ အဲဒီတော့ နယ်မြေထဲမှာ ဘာဖြစ်လာလဲဆိုတော့ စစ်ရှောင်တွေတိုးလာတယ်။ အိမ်တွေဖောက်ထွင်းတာတွေဖြစ်လာတယ် '' လို့ ရှမ်းမြောက်ဒေသခံတစ်ဦးကပြောပါတယ်။
တချိန်တည်းမှာပဲ ကူမင်းဆွေးနွေးပွဲမအောင်မြင်သလို ရှမ်းမြောက်မှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပါတယ်။ ရှမ်းမြောက် မူဆယ်မြို့နယ်မှာ ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ကလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်ထိခိုက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တအာင်းတပ်- TNLA ဦးဆောင်တဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေ မူဆယ်မြို့နားရောက်လာပြီး စစ်ရေးတင်းမာနေတာကြောင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ ဒေသခံတွေဟာ တရုတ်နိုင်ငံဘက်ခြမ်း ရွှေလီမြို့တွင်းကို နေ့တိုင်းပြောင်းရွှေ့နေကြတာတွေရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ရှောင်တိမ်းတဲ့သူတွေထဲမှာ မြို့ခံတွေအပြင် နမ့်ခမ်း၊ ၁၀၅ မိုင်၊ နမ့်ဘက်ကာ၊ ကျင်စန်းကျော့ စတဲ့ တိုက်ပွဲဖြစ်နေတဲ့ မြို့တွေကနေ စစ်ဘေးရှောင်လာသူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလည်းပါတယ်လို့ မြို့ခံတွေက ပြောပါတယ်။
'' မူဆယ်က အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တယ်။ တပ်တွေက မြို့နဲ့ လက်တကမ်းအကွာမှာရှိနေကြပြီလေ။ အခုတော့ အကုန်ပြေးကြတာပေါ့'' လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မူဆယ်မြို့မှာ စစ်ရေးတင်းမာနိုင်တဲ့အခြေအနေအပြင် စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်မြို့တွေကို ပြန်လာကြဖို့ မဟာမိတ်ညီနောင်တပ်တွေဘက်က ပြောနေတာကြောင့် ပြန်ကြတာလည်းရှိနေကြပါတယ်။
မူဆယ်မြို့ကို ပုံမှန်ဝင်ရောက်နေတဲ့ လမ်းတွေကိုလည်း စစ်ကောင်စီတပ်တွေနဲ့ မဟာမိတ်အဖွဲ့တွေက လမ်းပိတ်ထားသလို အစစ်အဆေးတွေကလည်း ပြင်းထန်တာကြောင့် တောလမ်း၊ ကွင်းလမ်းတွေကနေ သွားလာပြီး ရှောင်တိမ်းနေကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
မူဆယ်အပြင် ရှမ်းမြောက် နမ္မတူထဲမှာလည်း စစ်တပ်နဲ့ တအာင်းတပ်- TNLA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပါတယ်။
အဲဒီမှာလည်း စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သား ၂ ဦးထက်မနည်းသေဆုံးထားပါတယ်။
ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာတော့ စစ်တပ်က လေကြောင်းကနေ ပြင်းပြင်းထန်ထန်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိန္နီကနေ လားရှိုးကို စစ်ရှောင်လာသူအချို့က ဘီဘီစီကို ပြောပါတယ်။
လားရှိုးမှာတော့ မြို့အဝင်အထွက်ဂိတ်တွေကို ဒီဇင်ဘာ ၂၅ ရက်ကစပြီး စစ်တပ်က ပိတ်ထားလိုက်တာ ကြောင့် လားရှိးမြို့အနီးက ကျေးရွာတွေမှာ နမ္မတူဘက်ကနေ စစ်ရှောင်လာသူ ၁၀၀၀ ထက်မနည်း ပိတ်မိနေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအထိ လားရှိုးမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူတွေကို မြို့ထဲပေးဝင်တာတွေရှိပြီး အခုတော့ အဲဒီလူတွေကိုပါဝင်ခွင့်မပေးတော့ဘဲ အီနိုင်းတံတားပေါ်က စစ်ဆေးရေးဂိတ်တွေကိုလည်း စစ်တပ်က ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒါအပြင် ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ထဲက တုံချိန်အရပ်ကို ဒီဇင်ဘာ ၂၅ ရက်က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားတွေအများစုပါဝင်တဲ့ လူ ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ ဘီဘီစီ သတင်းရင်းမြစ်တွေကပြောပါတယ်။
ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နဲ့ တဝိုက်မှာလည်း စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေပြန်ဖြစ်နေတာပါ။
ရခိုင်ပြည်နယ်မှာလည်းတိုက်ပွဲတွေဆက်ရှိနေပြီး ကျောက်တော်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ မီးဝဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (အေအေ) ဘက်ကနေ ထပ်မံတိုက်ခိုက်မှုတွေပြုလုပ်နေပြီး စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေအသုံးပြုရတဲ့အထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။
ကုလားတန်မြစ်ကြောင်းအထက်ပိုင်းမှာ ချင်းပြည်နယ် ပလက်ဝနဲ့ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွေရှိပြီး အောက်ပိုင်းမှာတော့ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်တွေမြို့တို့တည်ရှိနေပြီး လတ်တလောအခြေအနေအရ နေရာအများစုဟာ အေအေရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့နယ်မြေတွေလို့နားလည်ရပါတယ်။
လက်ရှိတော့ ကုလားတန်မြစ်ကြောင်းတစ်လျှောက်အနီးဝန်းကျင်မြို့တွေဖြစ်တဲ့ ချင်းပြည်နယ် ပလက်ဝက စလို့၊ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့နားအထိ တိုက်ပွဲတွေပြင်းထန်နေ တာလည်းဖြစ်ပါတယ်။
မြောက်ပိုင်းညီနောင်ဟာမိတ်တပ်ဖွဲ့ကတော့ ဒီဇင်ဘာလ ၂၅ ရက် မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးအဖွဲအစည်းတွေအနေနဲ့ တော်လှန်ရေးအရှိန်ကို မြှင့်ကြဖို့တိုက်တွန်းထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်က အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီဇင်ဘာ ၂၆ ရက်အထိ တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။