ရွေးကောက်ပွဲ သုံးပတ်ပဲလိုချိန်မှာ မဲဆွယ်ရင်း နေမကောင်းဖြစ်တဲ့တူရကီသမ္မတ - ဧပြီလ ၂၇ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

တူရကီ မှာ ဒုတိယသက်တမ်း ဝင်အရွေးခံမယ့် သမ္မတ အာဒိုဝမ်ဟာ မဲဆွယ်စည်းရုံးရေးအစီအစဉ်တခုလုံးကို ဖျက်သိမ်းလိုက်ပါတယ်။

ဝမ်းဗိုက်မကောင်းတဲ့ ပြဿနာကြောင့်လို့ အာဏာပိုင်တွေကပြောပြီး သူအသည်းအသန် နာမကျန်း ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ ပယ်ချထားပါတယ်။

သူတက်ရောက်ဖွင့်လှစ်ပေးဖို့ ရှိတဲ့ တူရကီရဲ့ ပထမဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားကိုလည်း ဒေသစံတော်ချိန် နေ့လယ် ၁ နာရီအထိ ရွှေ့ဆိုင်းထားခဲ့ပါတယ်။

တူရကီမှာ အရေးပါလှတဲ့ ပါလီမန် နဲ့ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းသုံးပတ်သာ လိုတော့တဲ့အချိန်မှာ အခုလို ဖြစ်ခဲ့တာပါ။

ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်ရင်း ရုတ်တရက် နာမကျန်း ဖြစ်ခဲ့တဲ့ မစ္စတာ အာဒိုဝမ်ဟာ ဆရာဝန် အကြံပေးချက်အတိုင်း အိမ်မှာအနားယူနေတယ်လို့ မနေ့ ဗုဒ္ဓဟူးနေ့က တွစ်တာပေါ်မှာ ရေးသားထားပါတယ်။

ရည်စားဟောင်းနဲ့ သူငယ်ချင်းတဒါဇင်လောက်ကို အဆိပ်ခတ်သတ်တဲ့ ထိုင်းအမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံမှာ လူအများအပြားကို အဆိပ်ခတ်သတ်မှုနဲ့ အမျိုးသမီးတယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဆိုင်ရာနိုက် အဆိပ်ခတ်ခံရသူတွေထဲမှာ သူ့ရဲ့ ရည်းစားဟောင်း အပါအဝင် သူငယ်ချင်း ၁၂ယောက်ပါဝင်ပြီး အဲဒီသတ်ဖြတ်မှုတွေအတွက် သံသယနဲ့ အဖမ်းခံထားရတာပါ။

သေဆုံးသွားသူတယောက်ရဲ့ မိသားစုဝင်က အသိပေးမှုကြောင့် အခုသီတင်းပတ် အစောပိုင်းတုန်းက Sararat Rangsiwuthaporn ဟာ ဘန်ကောက်မြို့မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးကတော့ သူ့အပေါ် စွဲဆိုချက်တွေကို ငြင်းထားပါတယ်။

၂ဝ၂ဝ အစပိုင်းတုန်းကပေါ်ပေါက်ခဲ့တဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရဲက သံသယ ရှိနေပြီး အဲဒီအမျိုးသမီး အနေနဲ့ သူအဆိပ်ခတ်သူတွေဆီက ငွေရလိုတဲ့အတွက် လုပ်တာလို့ ရဲက ယူဆနေသလို သူ့ကို အာမခံပေးဖို့ ပယ်ချခံထားရပါတယ်။

ဆိုင်ရာနိုက် အဆိပ်ဟာ သေစေလောက်တဲ့ ပမာဏ ကိုယ်ထဲရောက်နေရင် အဲဒီလူသေဆုံးပြီးလအတန်ကြာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ စမ်းသပ် တွေ့ရှိနိုင်တာ ဖြစ်ပါတယ်။

ရဲကတော့ လက်ရှိမှာ အထောက်အထား စုဆောင်းနေပြီး ခိုင်မာတဲ့အချက်အလက်တွေရဖို့က စိန်ခေါ်မှု တရပ်ပဲလို့ ပြောပါတယ်။

နျူလက်နက်ပါ အမေရိကန် ရေတပ်သင်္ဘောတွေ တောင်ကိုရီးယားမှာ မြင်ရတော့မယ်

တောင်ကိုရီးယားကို နျူကလီးယားလက်နက်တွေ ဖြည့်တင်းပေးမယ်လို့ အမေရိကန်က ကတိပေးတာဟာ ထိပ်တိုက်ရင်ဆိုင်ဖို့ ရန်စမှုတရပ်ပဲလို့ တရုတ်က စွပ်စွဲပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကို နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်လာခဲ့ရင် အကြီးအကျယ်လက်တုံ့ပြန်မှု ကြုံရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဘိုင်ဒန်က တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးနဲ့ အတူ သတင်းစာရှင်းပွဲမှာ ပြောခဲ့တာပါ။

နျူကလီးယားလက်နက်တွေ တပ်ဆင်ထားတဲ့ အမေရိကန် ရေတပ်သင်္ဘောတွေဟာ နောက်ပိုင်းမှာ တောင်ကိုရီးယား ဆိပ်ကမ်းတွေမှာ မြင်ရဖွယ် ရှိပါတယ်။

တောင်ကိုရီးယားမှာ ကိုယ်ပိုင် နျူလက်နက်ပိုင်ဆိုင်ရေးကို ထောက်ခံမှုတွေ တိုးလာချိန်မှာ အခုလို တောင်ကိုရီးယားကို အကာအကွယ်ပေးမယ်ဆိုတဲ့ မစ္စတာဘိုင်ဒန်ရဲ့ ကတိပြုပြောဆိုချက် ထွက်ပေါ်လာတာပါ။

ဒါပေမဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ အမျိုးသမီးကတော့ အမေရိကန်ရဲ့ ကတိက ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုကို ပိုကြီးထွားလာစေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းစစ်တုန်းက ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့ သီရိလင်္ကာအရာရှိကို အမေရိကန်ကပြည်ဝင်ခွင့်မပြု

အမေရိကန်ကိုလာမယ့် သီရိလင်္ကာ ပြည်နယ်အုပ်ချုပ်ရေးမှူးတယောက်ကို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ဖူးတာကြောင့် ပြည်ဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

သီရိလင်္ကာပြည်တွင်းစစ်တုန်းက ရေတပ်အရာရှိအဖြစ်ထမ်းဆောင်ခဲ့သူ Wasantha Karannagoda ဟာ သတ်ဖြတ်မှုတွေ အကြီးအကျယ်လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက သူ့အပေါ်စွဲချက်တွေကို ဒေသန္တရ အာဏာပိုင်တွေက ဖယ်ရှားပေးခဲ့ပါတယ်။

အမေရိကန်အရာရှိတွေကတော့ မစ္စတာ ခါရန်နာဂိုဒါရဲ့ တချိန်က ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကနေ ရထားတယ်လို့ ပြောပါတယ်။