ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၁၈ ရက် ထိပ်တန်းသတင်းများ- ကလေးဝမြို့နယ်က မစိန်ရွာရဲစခန်းတိုက်ခိုက်ခံရ
ရဲ ၅ ဦးထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေပြော
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ထဲက မစိန်စံပြကျေးရွာမှာရှိတဲ့ ရဲစခန်းကို အမည်မသိလက်နက်ကိုင်တွေက ဒီနေ့ စက်တင်ဘာလ ၁၈ ရက် မနက်ပိုင်းမှာလာရောက်တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
မနက်ခင်းအစောပိုင်းတိုက်ခိုက်မှုမှာ ရဲ ၅ ဦးထက်မနည်းသေဆုံးတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
''မနက်ခင်းမှာပဲ လာပစ်သွားတာ။ ရဲသေတာ ၅ ယောက်လည်း ပြောနေကြတယ်။ ၆ ယောက်လည်း ပြောနေကြတယ်။ အမျိုးမျိုးကြားနေရတယ်။ အခုတော့ အားလုံးငြိမ်သွားပေမဲ့ ကလေးငယ်ရှိသူတွေ၊ အမျိုးသမီးတွေကတော့ ဘေးလွတ်ရာရှောင်ကြပြီ။ သူတို့(စစ်တပ်)ရောက်လာပြီး အားလုံးကို ရွာထဲမှာပဲနေကြဖို့ ပြောတာကြားရတယ်''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဓားထိုးမှုတစ်ခုကို ရဲတွေသွားနေတုန်း အင်အားနည်းချိန် ရဲစခန်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လာရောက်တိုက်ခိုက်တဲ့အဖွဲ့က ရဲစခန်းကို မီးရှို့တာနဲ့ လက်နက်တချို့ကို ယူဆောင်သွားတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မစိန်ကျေးရွာဟာ ချင်းတွင်းမြစ်ဘေး ကပ်လျက်မှာရှိတဲ့ စံပြရွာကြီးတစ်ရွာဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချင်းတွင်းမြစ်ထဲမှာ စက်လှေတွေနဲ့ ကင်းလှည့်နေတာကိုတွေ့နေရတယ်ဆိုပြီးတော့လည်း ဒေသခံတွေက ပြောပါတယ်။
ရေလယ်ကျွန်းစစ်ရှောင်တွေအတွက် လှူထားတဲ့ရိက္ခာတွေ ဖျက်ဆီးခံရ
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ ရေယှားကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်တွေကို ကျွေးမွေးဖို့ထားတဲ့ ဆန်၊ စပါးနဲ့ ကောက်ပဲသီးနှံတွေကို စစ်ကောင်စီတပ်တွေက ရောထွေးမွှေနှောက်ပြီး ထွန်စက်နဲ့ကြိတ်၊ ဓာတ်ဆီလောင်းတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကြောင်းဝင်လာတော့ စစ်ဘေးရှောင်တွေက ဘုန်းကြီးကျောင်းထဲမှာ ရှိနေတာ။ အဲ့ဒါကို စစ်ဘေးရှောင်တွေကို ဆန်တွေ၊ စပါးတွေ၊ ကြက်သွန်တွေ အကုန်လုံးကို ထမ်းထုတ်ခိုင်းတယ်။ ပြီးတော့ ဓာတ်ဆီတွေလောင်းပစ်တယ်။ ဘယ်သူ့ကိုမှ မသိမ်းခိုင်းဘဲ ဒီအတိုင်းထားတော့ မိုးတွေမိပြီး သုံးမရတော့ဘူး''လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာလ ၆ ရက်ကစပြီး ရေယှားရွာကို ဝင်ရောက်ပြီးနောက် မီးလောင်ကျွန်းရွာမှာ တပ်စွဲခဲ့တာပါ။ စက်တင်ဘာ ၁၇ ရက် မနေ့ကမှ စစ်ကြောင်းပြန်ထွက်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေလယ်ကျွန်းဒေသမှာ စက်တင်ဘာ ၁ ရက်ကနေ ၁၈ ရက်အတွင်း မီးလောင်ကျွန်း၊ ရေယှား၊ မြစ်သာ၊ သင့်သည်၊ မြေတော်၊ ဆည်သည့်၊ ဘိစပ်ကုန်း၊ မီးလောင်ကျွန်း၊ ခြံယာ၊ ကျောက်ဖူး၊ မိဖုရား စတဲ့ကျေးရွာတွေဟာ စစ်ကြောင်းထိုး မီးရှို့ခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းစာမျက်နှာသတင်းတွေအရ သိရပါတယ်။
ပြင်ဦးလွင်မှာ ၅ လောင်းပြိုင် လူသေမှုဖြစ်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းအနီး စည်ကားကျေးရွာမှာ မိသားစုဝင် ၅ ဦးစလုံး ပြတ်ရှဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ကူညီသယ်ယူခဲ့ရတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။
သေဆုံးသူတွေဟာ မိခင် ဖခင် ၂ ဦးနဲ့ သူတို့ ကလေး ၃ ဦးဖြစ်ပြီး အဲဒီထဲက ကလေးတစ်ဦးကတော့ ဆေးရုံကိုပို့တဲ့လမ်းမှာပဲ ဆုံးပါးခဲ့တာလို့လည်း ဆိုပါတယ်။
‘‘စည်ကားရွာက သူတို့ ကြက်မွေးမြူရေးခြံမှာ ဒီလိုဖြစ်သွားတာ။ အရင်အိမ်နီးချင်းတွေအဖြစ်နေကြတုန်းကတော့ သူတို့မိသားစုက အရှုပ်အရှင်းကင်းပါတယ်။ ဆုံးသွားတဲ့အကိုကြီးဆိုရင်လည်း အပြောဆိုးပေမဲ့ အေးအေးဆေးဆေးပါပဲ။ အခုက ကလေးတွေပါ ဒီလိုဖြစ်ရပ်ဆိုးကြုံရလို့ ကျွန်မတို့လည်း အတော်လေးစိတ်မကောင်းဖြစ်ရတယ်’’လို့ သေဆုံးခဲ့သူတွေနဲ့ သိရှိသူတစ်ဦးက ပြောပါတယ်။
ပြတ်ရှဒဏ်ရာတွေကြောင့် သူတို့ဟာ သတ်ဖြတ်ခံရတာလား ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အခုတော့ သေဆုံးသူရုပ်အလောင်းတွေကို ပြင်ဦးလွင်ဆေးရုံကို ပို့ထားပြီး သက်ဆိုင်ရာနယ်မြေခံရဲက စုံစမ်းတာတွေလုပ်နေပြီလို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက် လက်နက်ကျရောက်မှု အေအေနဲ့ အာဆာလက်ချက်လို့ စစ်ကောင်စီတပ်ပြော
အေအေဘက်ကလည်း ငြင်းဆိုထား
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာဟာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်(အာဆာ)အဖွဲ့တွေရဲ့ လက်ချက်ဆိုပြီး စစ်ကောင်စီတပ်ဘက်က စက်တင်ဘာလ ၁၇ ရက်မှာ သတင်းထုတ်ပြန်ပြောဆိုပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်၊ ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်နဲ့ အေအေ တို့ကြားဖြစ်တဲ့တိုက်ပွဲအတွင်းမှာ လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲ စက်တင်ဘာလ ၁၆ ရက်ညပိုင်းကကျရောက်ခဲ့ပြီး ရိုဟင်ဂျာလူငယ်တစ်ဦးသေဆုံးကာ နောက်ထပ် ၅ ဦးဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ အေအေဟာ အာဆာအဖွဲ့နဲ့ပူးပေါင်းပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် BP-၃၁ အနီးက တောင်ပြိုဝဲရဲကင်းစခန်းစခန်းကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။
အေအေဘက်ကတော့ စစ်ကောင်စီဘက်က ပြောဆိုချက်တွေကို ငြင်းဆိုသလို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲချိန် သေဆုံးခဲ့ရတဲ့လူငယ်အတွက် ဝမ်းနည်းကြောင်း ပြောထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ အေအေက စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်း အမှတ် ၄၀ ကို သြဂုတ်လဆန်းမှာ တိုက်ခိုက်သိမ်းယူခဲ့ပြီးတဲ့နောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲ မြန်မာဘက်က လက်နက်ကျည်ကျရောက်ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ဒီပြဿနာကို ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ရင် ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စကို ကုလသမဂ္ဂထံ တိုင်ကြားသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၁၇ ရက်မှာ ဘီဘီစီ ဘင်္ဂလီသတင်းဌာနထံ ပြောကြားထားပါတယ်။
မိုးမိတ်မှာ SSPP နဲ့ စစ်တပ်တိုက်ပွဲဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)နဲ့ စစ်ကောင်စီတပ်တို့ မနေ့ စက်တင်ဘာလ ၁၇ ရက်ညနေပိုင်းတုန်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မိုးမိတ်မြို့နယ်ထဲက ဝမ်အုံကျေးရွာမြောက်ဘက် ဟွေခမ်းတောင်ကြောမှာဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်လို့ SSPP အာဘော်သတင်းမှာဖော်ပြပါတယ်။
မိုးမိတ်မြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ SSPP တပ်ဖွဲ့တွေကို မိုးမိတ်ကနေ ထွက်ပေးဖို့ စစ်ကောင်စီတပ်ဘက်က အုပ်ချုပ်ရေးမှူးတွေကနေတဆင့် SSPP နယ်မြေတာဝန်ခံတွေကို အကြောင်းကြားပြီးနောက်တစ်ရက်မှာ အခုလို တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဒီနေ့ စက်တင်ဘာလ ၁၈ ရက်မှာတော့ တိုက်ပွဲမဖြစ်သေးပေမဲ့ စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်ထားတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းတုန်းကလည်း မိုးမိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ SSPP တို့ကြား တိုက်ပွဲ တစ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။
ရွှေဝါရောင်တော်လှန်ရေး ၁၅ နှစ်ပြည့်ပြီ
လောင်စာဆီနဲ့ ကုန်စျေးနှုန်းကျဆင်းရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လမ်းမတွေပေါ်ထွက် တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ ရွှေဝါရောင် သံဃာအရေးအခင်းဟာ ဒီနေ့ ၁၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အခမ်းအနားတွေကို ဒီနေ့လို ၁၅ နှစ်ပြည့်မှာ တွင်တွင်ကျယ်ကျယ်ပြုလုပ်တာမတွေ့ရသေးပေမဲ့ မလေးရှားနိုင်ငံမှာတော့ မလေးရှားရောက် မြန်မာတွေက ရွှေဝါရောင် ၁၅ နှစ်ပြည့် ပြုလုပ်သွားတာတွေ့ရပါတယ်။
မလေးရှားနိုင်ငံ၊ ဆာလန်ဂေါပြည်နယ်၊ ဆာလာရမ်းမြို့မှာ ဒီနေ့ မနက်ပိုင်းက ပြုလုပ်သွားတာဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့သံဃာအချို့လည်း တက်ရောက်ခဲ့ပါတယ်။
ရဟန်းသံဃာတွေက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှာ ပတ္ထနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ပြီး အဲဒီအချိန်က စစ်အစိုးရကို အကြမ်းမဖက်နည်းနဲ့ ဆန့်ကျင်ခဲ့ရာကနေ ရွှေဝါရောင်တော်လှန်ရေးလို့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်ကနေ ၂၆ ရက်အထိ ရွှေဝါရောင်တော်လှန်ရေးမှာ စစ်တပ်နဲ့ ရဲတွေရဲ့ လုပ်ရပ်ကြောင့် နှိပ်စက်ခံခဲ့ရတဲ့ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေအပြင် တစ်ကျော့ပြန် အာဏာသိမ်း ကာလအတွင်း နှိပ်စက်၊ သတ်ဖြတ်ခံရတဲ့ ပြည်သူတွေကိုတောင်းပန်တယ်လို့ CDM ရဲတပ်ဖွဲ့က မနှစ်တုန်းက စာထုတ်ပြန်ခဲ့ဖူးပါတယ်။
ရဲတပ်ဖွဲ့ရဲ့အခုလိုကျူးလွန်ခဲ့မှုတွေဟာ သွယ်ဝိုက်သက်ဆိုင်တယ်လို့ ထင်မိတာကြောင့် အခုလိုတောင်းပန်ရတာဖြစ်တယ်လို့ပြီး CDM ရဲတပ်ဖွဲ့က ပြောထားဖူးပါတယ်။
ရွှေဝါရောင်တော်လှန်ရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုကျင့်သုံးပြီး ၂၀၁၀ ခုနှစ်မှာ ဦးသိန်းစိန်အစိုးရတက်လာစေဖို့ လမ်းကြောင်း ပေါ်ထွန်းစေခဲ့တဲ့အထိ သက်ရောက်မှုရှိခဲ့တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောဆိုကြပါတယ်။
ဝ တပ်ဖွဲ့၊ ရှမ်းမြောက် SSPP၊ မိုင်းလားနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့တို့တွေ့ဆုံ
ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲ အင်အားအများဆုံးလို့ သတ်မှတ်ခံထားရတဲ့ ‘’ဝ’’ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)၊ မိုင်းလား အထူးဒေသ(၄) (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်(SSPP/SSAA)၊ နောက် မြောက်ပိုင်းညီနောင် ၃ ဖွဲ့လို့ သိကြတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်(MNDAA)၊ ရက္ခိုင့်တပ်တော် AAနဲ့ တအန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ "ဝ" ဒေသမှာ စက်တင်ဘာ ၁၆ ရက်က တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့ အများစု ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ထဲက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က လွဲရင် အခြားအဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်တွေ စက်တင်ဘာ ၁၆ရက်မှာ အခုလိုတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
အဖွဲ့ဝင်တွေအကြား ကွဲပြားခြားနားတဲ့အကြောင်းအရာတွေကို တွေ့ဆုံဆွေးနွေးခဲ့တာလို့ သိရပေမဲ့ အသေးစိတ်ဆွေးနွေးမှု တစ်စုံတရာကို သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
ဒီပဲယင်း၊ လက်ယက်ကုန်းရွာကနေ ဖမ်းသွားတဲ့ဆရာနဲ့ကလေးတွေကို ပြန်လွှတ်ပေးဖို့ NUG ပြော
စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှာ စာသင်ကျောင်းတစ်ခုကို လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ကလေး ၆ ယောက် သေဆုံးပြီး ကလေးငယ်တွေလည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် ကျောင်းသားကလေးငယ်နဲ့ ဆရာ/ဆရာမတွေကို ဖမ်းဆီးသွားတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကလေး ၊ အမျိုးသမီးနဲ့ လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနတွေက သတင်းထုတ်ပြန်ပါတယ်။
စာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ လူမဆန်တဲ့ ၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တာကြောင့် ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို အသေးစိတ်မှတ်တမ်းတင်ထားတယ်လို့လည်း ပြောပါတယ်။
ကလေးသူငယ်တွေရဲ့ ပညာရေးအခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်ခံရတာတွေ၊ စာသင်ကျောင်းတွေကို ရက်ရက်စက်စက် ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကူညီပံ့ပိုးပေးဖို့ လိုအပ်တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
လက်ယက်ကုန်းက စာသင်ကျောင်းကို စက်တင်ဘာ ၁၆ ရက်က စစ်ရဟတ်ယာဉ် ၄ စီးနဲ့ ပစ်ခတ်ခဲ့တာ၊ ကျေးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားတွေကို ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တွေအပါဝင် လူပေါင်း ၁၃ ယောက် သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ KIAနဲ့ PDF အဖွဲ့တွေဟာ လက်နက်ခဲယမ်းတွေကို လက်ယက်ကုန်းကျေးရွာအနီးကနေ သယ်ယူမယ် ဆိုတဲ့သတင်းပေးပို့ချက်ကြောင့် စစ်ကောင်ီစတပ်ဖွဲ့ဝင်တွေကို ရဟတ်ယာဥ်တွေနဲ့ ပို့ဆောင်ပြီး အလစ်အငိုက် စစ်ဆေးချိန် KIA၊PDF အဖွဲ့တွေက ဘုန်းကြီးကျောင်းထဲက ပစ်ခတ်တာကြောင့် အပြန်အလှန် ထိတွေ့မှုဖြစ်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပစ်ခတ်ချိန် ဘုန်းကြီးကျောင်းဝင်းထဲက စာသင်ကျောင်းမှာရှိတဲ့ ကလေးငယ် ၆ ဦးနဲ့ အရပ်သားတွေ သေဆုံးခဲ့တာ၊ နောက် လေကြောင်းပစ်ခတ်တာတွေကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်ထဲ ဖော်ပြထားတာ မတွေ့ရပါဘူး။