ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကော့ကရိတ်တိုက်ပွဲအတွင်း လက်နက်ကြီးကျလို့ ဒေသခံ ၆ ဦးသေဆုံး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာလ ၂၇ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ ၆ ဦး သေဆုံးတယ်လို့ မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။
ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာလ ၂၇ ရက်မှာ တိုက်ခိုက်ခဲ့ပါတယ်။
ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က စစ်ကောင်စီရဲ့ အမှတ် ၉၇ ခြေလျင်တပ်ရင်း အနောက်ဘက် က ရဲသတင်းတပ်ဖွဲ့ရုံးနဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံး ၂ ခု မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတစ်နေ့တည်းမှာပဲ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ကော့ကရိတ်မြို့ရဲ့ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်နဲ့ အမှတ် ၇ ရပ်ကွက်(တံတားဦး)ထဲကို စစ်တပ်ရဲ့ လက်နက်ကြီးကျခဲ့ပြီး
ဒေသခံ ၆ ဦး သေဆုံးခဲ့တဲ့အကြောင်း မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။
‘‘အမှတ် ၇ ရပ်ကွက်(တံတားဦး)က မိသားစု ၃ ယောက်၊ အမှတ် ၄ ရပ်ကွက်က အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်၊ နောက်အမှတ် ၂ ရပ်ကွက်က အမျိုးသားကတော့ ဒီက ဒေသခံ မဟုတ်ဘူး။ ရွှေ့ပြောင်းလုပ်သားလာလုပ်နေတာ။ အုတ်ဖုတ်တဲ့သူပေါ့။ စုစုပေါင်း ၆ ဦးသေဆုံးတယ်’’ လို့ မြေပြင် အခြေအနေ သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တစ်နေ့တည်းမှာပဲ လက်နက်ကြီးပေါက်ကွဲတဲ့အစ ထိမှန်တာကြောင့် ဒဏ်ရာရတဲ့သူ ၁၀ ယောက်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။ သေဆုံးသူ ၆ ဦးရဲ့စျာပနကိုတော့ အောက်တိုဘာလ ၂၈ ရက်မှာပြုလုပ်လုပ်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ကော့ကရိတ်မြို့မှာ အရပ်သားတွေ လက်နက်ကြီးထိမှန်သေဆုံးဒဏ်ရာရတာနဲ့စစ်ရေးအခြေအနေကိုစစ်ကောင်စီတပ်ဘက်က တစ်စုံတစ်ရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒါပေမဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ဆက်စပ်သတင်းတွေကို ပုံမှန်ဖော်ပြလေ့ ရှိတဲ့ PAN သတင်းဌာနကတော့ အောက်တိုဘာလ ၂၈ ရက်မှာ KNLA/PDF အဖွဲ့က အမှတ် ၇ ရပ်ကွက်ထဲက ခနိမ်းမူ ဂိတ်အမှတ် ၃ နဲ့ ဂိတ်အမှတ် ၄ တို့ကို လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။အဲဒီပစ်ခတ်မှုမှာ လက်နက်ကြီးငယ်တွေ ရပ်ကွက်အတွင်းကို ကျရောက်လို့ ဒေသခံ ၂ ဦး စိုးရိမ်ဒဏ်ရာနဲ့ နောက် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာတွေရခဲ့တယ်လို့လည်း PAN သတင်းဖော်ပြပါတယ်။
ဒါပေမဲ့ ကော့ကရိတ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ရော ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပါသေဆုံးမှုအချို့ရှိတာကို နှစ်ဖက်လုံးနဲ့နီးစပ်သူတွေရဲ့ လူမှုကွန်ရက်မှာဖော်ပြမှုတွေအရတွေ့ရပါတယ်။
ဒါပေမဲ့ ကော့ကရိတ်မြို့က ၃ ရက်အတွင်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင်တွေသေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော (KNLA)နဲ့ ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်ဖွဲ့တွေဘက်ကပါ တရားဝင်ထုတ်ပြန်တာတော့မရှိသေးပါဘူး။
တဖက်မှာလည်း အောင်တိုဘာ ၂၉ ရက်အထိလက်နက်ကြီးပစ်ခတ်မှုတွေ ဆက်ရှိနေသေးတာကြောင့် လက်နက်ကြီးကျတဲ့ ရပ်ကွက်တွေက ဒေသခံအများစုဟာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပြပါတယ်။
‘‘လက်နက်သံကတော့ ကြိုကြားကြိုကြား ကြားနေရတယ်။ ရပ်ကွက် ၇ ထဲကတော့ အများစုရွှေ့သွားကြပြီ။ ရွှေ့တာပြောင်းတာလည်း မြင်နေရတာကိုး’’ လို့ မြို့ခံ တစ်ဦးကပြောပါတယ်။
အမှတ် ၇(တံတားဦး) ဒေသခံတစ်ဦးကတော့ မြို့စွန်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်း ဘီဘီစီကို ပြောပြပါတယ်။
‘‘ကျွန်မတို့ တံတားဦးတစ်ရပ်လုံး မြို့စွန်ဖက် ထွက်ပြေးနေရတယ်။ လက်နက်ကြီး ရန်ကြောက်လို့။ မနေ့က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာကြတာ။ ဒီနေ့ နေ့ခင်းပိုင်း အသံငြိမ်တယ်ဆိုပြီး အိမ်ပြန် အဝတ်အစားယူကြတာ။ လက်နက်သံတွေကြားလို့ ပြန်ပြေးလာရတယ်။ အခု သူများအိမ်အောက်မှာ ပုန်းနေရတယ်။ ခေါက်ဆွဲခြောက်ထုပ် ပြုတ်စားနေရတယ်’’လို့ တံတားဦးရပ်ကွက် ဒေသခံတစ်ဦးကအောက်တိုဘာ ၂၉ ရက် ညနေပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။ တံတားဦး ဒေသခံတွေဟာ မနှစ်တုန်းက ဒီလိုအချိန်မှာပဲ အလားတူ ထွက်ပြေးခဲ့ကြရဖူးတယ်လို့ သူက ဆက်ပြောပြပါတယ်။
ကော့ကရိတ်အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ အခုရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်လာနိုင်တာကြောင့် ကော့ကရိတ်မြို့ဖြတ်သွားတဲ့ အာရှ လမ်းမကြီးကို အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းကစလို့ ယာယီပိတ်လိုက်ပြီလို့ ထုတ်ပြန်ပြောဆိုထားကြပါတယ်။
တိုက်ပွဲနဲ့ လက်နက်ကြီးအန္တရာယ်ကြောင့် အာရှလမ်းမကြီးမှာလည်း ကုန်စည်စီးဆင်းမှုနဲ့ ကားအသွားအလာနည်းနေသလို သတိထားသွားလာနေရတယ်လို့ နယ်စပ် ကုန်သွယ်ရေး ပြုလုပ်နေကြသူတွေက ဆိုပါတယ်။
ကုန်သွယ်ရေးဇုန်အတွင်းမှာလည်း အကောက်ခွန်ဝန်ထမ်းတွေဟာ မြို့တွင်းရုံးတွေကနေ အလုပ်လုပ်နေကြပြီး ဇုန်အတွင်းမှာ ကားစစ်ဆေးသူလောက်သာရှိတယ်လို့ ကားသမားတွေက ဆိုပါတယ်။ကုန်သွယ်ရေးဇုန်လမ်းပိုင်းပိတ်ဆို့မှုရက်ကြာရှည်ခဲ့ရင် ထိုင်းကုန်စည်တွေမြန်မာဘက်ထဲဝင်ဖို့အခက်အခဲဖြစ်မှာကိုလည်း ကုန်သည်တွေကစိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်ကလည်း ကော့ကရိတ်မြို့ အရှေ့ခြမ်း ဆင်ကုန်ကျေးရွာအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ကော့ကရိတ်အရှေ့ခြမ်း အာရှလမ်းမ အနီးမှာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။