အစ္စရေးတိုက်လို့ ရေနံစက်ရုံတွေ မီးလောင်နေတဲ့အီရန်မှာ ခေါင်းဆောင်သစ်ကို ရွေးလိုက်ပြီ

ဖတ်ရန်အချိန်: မိနစ် ၁၀

အမေရိကန်- အစ္စရေးနဲ့ အီရန််တို့ဖြစ်တဲ့စစ်ပွဲဟာ မတ်လ ၈ ရက်မှာ ဒုတိယသီတင်းပတ်ထဲ ဝင်လာပြီဖြစ်ပါတယ်။

အီရန်မှာတော့ တီဟီရန်မြို့က ရေနံစက်ရုံတွေ တိုက်ခိုက်ခံရပြီး လက်ဘနွန်ဘက်မှာလည်း အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဘေရွတ်မြို့က ဟိုတယ်တစ်လုံးကို ထိမှန်လို့ လူ ၄ ဦးသေဆုံးတယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။

အစ္စရေးကလည်း အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)ရဲ့ ပြည်ပအော်ပရေးရှင်းလက်ခွဲဖြစ်တဲ့ လက်ဘနွန် Corps of the Quds Force က အခရာကျတဲ့တပ်မှူးတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေမှာလည်း ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုသတင်းတွေ ထွက်ပေါ်နေပါတယ်။

ကူဝိတ်မှာတော့ မိုးမျှော်တိုက်တစ်တိုက် မီးလောင်မှုဖြစ်ပြီး ကူဝိတ်စစ်တပ်ကတော့ ''နိုင်ငံ့လေပိုင်နက်ထဲကို ထိုးဖောက်ဝင်လာတဲ့အန္တရာယ်ဒရုန်းတွေ တသီကြီးကို ပစ်ချနေရတယ်'' လို့ ဆိုပြီး ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာကို စစ်ပွဲနိုင်မှ ဝင်ပါဖို့ပြင်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုလိုက်ပါတယ်။

အီရန်မှာ နိုင်ငံ့ဦးသျှောင်သစ်ကို ရွေးဖို့ သဘောတူညီချက်ရပြီ

အစ္စရေးက ရေနံသိုလှောင်ရုံတွေကို တိုက်ခိုက်လို့ မီးတွေလောင်ပြီး အီရန်မြို့တော် တီဟီရန်ကောင်းကင်မှာ မီးခိုးလုံးတွေနဲ့ပြည့်နေချိန်မှာပဲ နိုင်ငံထဲက ဘာသာရေးဆရာတွေဟာ နိုင်ငံ့ဦးသျှောင်အသစ်ကို ရွေးချယ်ဖို့ သူတို့ကြား သဘောတူညီချက် ရပြီဖြစ်ပါတယ်။

အီရန်မှာ နိုင်ငံ့ဦးသျှောင်ဖြစ်သူ အယာတိုလာ ခါမေနီဟာ အမေရိကန်နဲ့ အစ္စရေးတို့ ပြီးခဲ့တဲ့တစ်ပတ်မှာ စတင်ပြုလုပ်တဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီးတဲ့နောက် အခုလို ခေါင်းဆောင်သစ်ရွေးဖို့ အကြောင်းဖန်လာတာ ဖြစ်ပါတယ်။

နိုင်ငံ့ဘာသာရေးခေါင်းဆောင်လည်းဖြစ်၊ ဦးသျှောင်လည်းဖြစ်တဲ့ အထွတ်အထိပ်ခေါင်းဆောင် (Supreme Leader)ကို AE လို့ ခေါ်တဲ့ ဘာသာရေးခေါင်းဆောင်များအစုအဖွဲ့ (Assembly of Experts) က ရွေးကောက်တာဖြစ်ပါတယ်။

ဘာသာရေးခေါင်းဆောင် ၈၈ ဦးနဲ့ ဖွဲ့စည်းထားတဲ့ဒီအဖွဲ့ အဖွဲ့ဝင် အာမက် အယ်လာမိုဟိုဒါက ခေါင်းဆောင်ရွေးပွဲပြီးပြီဖြစ်ပြီး တစ်ယောက်ကို ရွေးကောက်လိုက်ပြီလို့ အတည်ပြုတာဖြစ်ပါတယ်။

အခုတော့ ဒီလူဘယ်သူဖြစ်တယ်ဆိုတာကို ကြေညာဖို့တာဝန်ဟာ သူတို့အဖွဲ့ အတွင်းဝန် ဟိုဆန်နီ ဘူရာရီရဲ့တာဝန်သူဖြစ်တယ်လို့ သူက ပြောတဲ့အကြောင်း အီရန်အစိုးရနဲ့တစ်စိတ်တစ်ပိုင်းဆက်နွှယ်တဲ့ Mehr သတင်းဌာနက သတင်းဖော်ပြပါတယ်။

အီရန်ဘာသာရေးဆရာတွေဟာ ခေါင်းဆောင်သစ် ရွေးဖို့ သဘောတူလိုက်ကြပြီဖြစ်ပေမဲ့ ဘယ်သူဆိုတာ ထုတ်မပြောခင်မှာ အခက်အခဲတချို့ရှိတယ်လို့ ဆိုပါတယ်။ အစ္စရေးကလည်း အယာတိုလာ ခါမေနီ့နေရာကို ဆက်ခံသူမှန်သမျှရဲ့နောက်ကို လိုက်မယ်လို့ ပြောနေတာပါ။

အစ္စရေးက အီရန်မြို့တော် တီဟီရန်က ရေနံချက်စက်ရုံတွေကို လေကြောင်းတိုက်တာကြောင့် မြို့ခံတွေက ''ကောင်းကင်မှာ မီးခိုးတွေပြည့်နေတာ နေကိုတောင် မမြင်ရတော့ဘူး''လို့ ပြောပါတယ်။

ကူဝိတ်မှာတော့ အီရန်ဒရုန်းတစ်စင်းက အစိုးရရဲ့ လူမှုဖူလုံရေး အထပ်မြင့်အဆောက်အအုံကို ထိမှန်လို့ မီးအကြီးအကျယ်လောင်ခဲ့ပါတယ်။ အခုတော့ မီးကို ထိန်းနိုင်ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

လက်ဘနွန်မှာတော့ အစ္စရေးရဲ့တိုက်ခိုက်မှု ဆက်ရှိနေပါတယ်။ လက်ဘနွန် ကျန်းမာရေးဝန်ကြီးကတော့ အစ္စရေးနဲ့ အခုတစ်ခေါက်ဖြစ်တဲ့တိုက်ခိုက်မှုတွေ စတင်ကတည်းကဆိုရင် သေဆုံးသူ ၃၉၄ ဦးအထိ ရှိလာပြီလို့ ပြောပါတယ်။

''ကျွန်တော်တို့နိုင်နေမှ စစ်ပွဲတွေထဲကို ဝင်ပါမယ့်သူမျိုးကို မလိုချင်ပါဘူး'' - ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ ဗြိတိန်ရဲ့လေယာဉ်တင်သင်္ဘောနှစ်စင်းကို မလိုအပ်ဘူးလို့ဆိုပြီး သူ့ရဲ့လူမှုကွန်ရက် Truth ဆိုရှယ်ပေါ် တက်ရေးပါတယ်။

''တစ်ချိန်တစ်ခါတုန်းက ကျွန်တော်တို့ရဲ့တကယ့်မဟာမိတ်ကြီးလို့ပဲ ပြောပြော၊ မဟာမိတ်တွေထဲ အရင်းအခြာအဖြစ်ဆုံးလို့ဆိုဆို ပြောလို့ရတဲ့ဗြိတိန်ဟာ အခုတော့ အရှေ့အလယ်ပိုင်းကို လေယာဉ်တင် သင်္ဘောနှစ်စင်းကို စေလွှတ်တာမျိုး အတည်အတန့် တွေးလာပါပြီ။ ဒါ ကိစ္စမရှိပါဘူး။ ဝန်ကြီးချုပ် စတားမာ ခင်ဗျာ ... ကျွန်တော်တို့ ဒီသင်္ဘောတွေကို မလိုအပ်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အမှတ်ထားပါမယ်။ ကျွန်တော်တို့ စစ်နိုင််နှင့်နေပြီးမှ စစ်ပွဲထဲပါမယ့်သူမျိုးကို မလိုအပ်ပါဘူး''

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ ပူးတွဲတိုက်ခိုက်ချိန် ဗြိတိန်စစ်အခြေစိုက်စခန်းတွေကို အမေရိကန်ကို အစောပိုင်းမှာ အသုံးပြုခွင့်ကို ဗြိတိန်ဝန်ကြီးချုပ် စတားမာက ငြင်းဆိုခဲ့ပြီးနောက်မှာ သမ္မတ ထရမ့်ဘက်က အခုလိုအပြောထွက်လာတာဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ထရမ့်က စတားမာကို ''သူ အထောက်အကူ မဖြစ်လှဘူး'' လို့ဆိုပြီး ပြောခဲ့ဖူးပါတယ်။

''ဒါမျိုးမြင်ရလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ ဗြိတိန်ဆီကနေ ဒီလိုဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မြင်မထားခဲ့တာ'' လို့ သူက The Sun သတင်းစာကို ပြောပါတယ်။

အဆက်အစပ်မိအောင် ပြောရမယ်ဆိုရင်တော့ ဗြိတိန်အစိုးရဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှု စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်တာ မရှိသေးသလို ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး ကတိကဝတ်ပြုထားတာလည်း မရှိသေးပါဘူး။

ဒါပေမဲ့ ဗြိတိန် လေယာဉ်တင်သင်္ဘော HMS Prince of Wales ကို လိုအပ်လာရင် အရှေ့အလယ်ပိုင်းကို ဖြန့်ကြက်ဖို့ ဗြိတိန်ဘက်က အသင့်ပြင်ထားတယ်လို့ ဘီဘီစီက သိရှိရပြီးတဲ့နောက်မှာ သမ္မတ ထရမ့်ဘက်က မှတ်ချက်တွေ ထွက်လာတာဖြစ်ပါတယ်။

မဟာမိတ်တွေဘက်က သင်္ဘောတွေစေလွှတ်မယ်ဆိုရင် ''နည်းနည်းနှောင်းသွားပါပြီ'' - ထရမ့်

အီရန်မှာဖြစ်နေတဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး အထောက်အကူဖြစ်ဖို့ မဟာမိတ်တွေဘက်ကနေ ဘာတွေ လုပ်နိုင်တယ်ဆိုတာကို သူ ခေါင်းထဲမထည့်ထားတဲ့အကြောင်း သမ္မတထရမ့်က ပြောတဲ့အကြောင်း အမေရိကန်မိတ်ဖက်သတင်းဌာန စီဘီအက်စ်က သတင်းဖော်ပြပါတယ်။

''သူတို့ စိတ်ကြိုက် လုပ်ချင်တာ လုပ်ခွင့်ရှိပါတယ်။ သစ္စာရှိတဲ့သူတွေက ပါဝင်ပြီးနေကြပြီ'' လို့ သမ္မတက ပြောပါတယ်။

လိုအပ်ရင် ဗြိတိန်က အရှေ့အလယ်ပိုင်းကို လေယာဥ်တင် သင်္ဘောတွေ စေလွှတ်ဖို့ အသင့်ပြင်ထားနိုင်ခြေနဲ့ပတ်သက်ပြီး ထရမ့်က ''သင်္ဘောတွေစေလွှတ်ဖို့ အချိန်နည်းနည်းနည်းနည်းနောက်ကျသွားပြီ။ ဟုတ်တယ် မဟုတ်လား။ နည်းနည်းနှောင်းသွားပြီ''လို့ ထရမ့်က စနေနေ့တုန်းက ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ပြန်ပေးဆပ်ရမယ်ဆိုတဲ့အီရန်အရာရှိအပြော ထရမ့်တုံ့ပြန်ချက်

နောက်ပြီး စီဘီအက်စ် သတင်းဌာနနဲ့ စနေနေ့ညနေပိုင်းတုန်းက ပြုလုပ်တဲ့ဖုန်း အင်တာဗျူးမှာပဲ ထရမ့်က အီရန်အမျိုးသားလုံခြုံရေးထိပ်ပိုင်းအရာရှိ အလီ လာရီဂျာနီရဲ့ ခြိမ်းခြောက်မှုတွေကို ဂရုမထားဟန် တုံ့ပြန်လိုက်ပါတယ်။

အီရန်အရာရှိဟာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်မှုအတွက် ဝါရှင်တန်ဘက်ကနေ ''ပြန်ပေးဆပ်ရလိမ့်မယ်'' လို့ လူမှုကွန်ရက်ပေါ်မှာ တက်ပြောခဲ့တာပါ။

''သူ ဘာတွေပြောနေလဲဆိုတာ ကျွန်တော် မသိဘူး။ သူ ဘယ်သူလဲဆိုတာလည်း မသိပါဘူး။ ကျွန်တော်တော့ အလေးမထားပါဘူး။ အလေးမထားပါဘူး'' လို့ ထရမ့်က စီဘီအက်စ် သတင်းဌာနကို ပြောပါတယ်။ ''သူ ရှုံးတောင် ရှုံးနေပြီပဲ''

အခုစစ်ပွဲမှာ အမေရိကန်ရဲ့ဗျူဟာနဲ့ အရှေ့အလယ်ပိုင်းနဲ့ပတ်သက်ပြီး သူ့အစိုးရ မူဝါဒအပေါ် ယုံကြည်ချက်ရှိကြောင်းလည်း သူက ပြောပါတယ်။ ''ကျွန်တော်တို့ လုပ်ထားနိုင်တဲ့အလုပ်ဟာ သိပ်ကို ချီးကျူးစရာကောင်းတယ်။ ဒုံးကျည်တွေဆို တစ်စစီဖြစ်သွားတာ ကြည့်ပါလား'' လို့ သူက ဆက်ပြောပါတယ်။

''စက်ရုံတွေဆိုရင် ကျွန်တော်တို့ ပြောထားတဲ့အတိုင်း ဖောက်ခွဲခံလိုက်ရပြီ။ ရေတပ်ဆို ရေအောက်ရောက်သွားပြီ။ သင်္ဘောဆို ၄၂ စင်းနော်၊ ၆ ရက်အတွင်း ၄၂ စင်းတိတိ။ ရေတပ်ဆို ကုန်ပြီ။ လေတပ်လည်း မရှိတော့ဘူး။ ခေါင်းဆောင်ပိုင်းလည်း သွားပြီ။ ကျန်တာဆို ဘာတစ်ခုမှ မရှိတော့ဘူး။ အရင်တုန်းက မမြင်ဘူးတဲ့နှုန်းနဲ့ မြန်မြန်ကို ကျွန်တော်တို့ နိုင်နေပြီ''

''နိုင်ငံရေးစကားပွဲတွေ'' လုပ်နေဖို့ အချိန်အခါမဟုတ် - ဗြိတိန်ဝန်ကြီးချုပ်

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာ တစ်ယောက်တော့ အမေရိကန်- အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်မှုမှာ ထရမ့်ရဲ့ပြောဆိုချက်တွေကို ပြန်လည်တုံ့ပြန်တာ မလုပ်သေးပါဘူး။ ဒါပေမဲ့ ဗြိတိန် အတိုက်အခံ ခေါင်းဆောင် Kemi Badenoch ကို ရည်ရွယ် ပြောဆိုတာမျိုးတော့ လုပ်ထားပါတယ်။

စတားမာက ကွန်ဆာဗေးတစ်ခေါင်းဆောင်ဟာ ''ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ဗြိတိန်အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဖို့'' ကြိုးပမ်းပြီး ''နိုင်ငံရေးကစား'' နေတာလို့ Sunday Mirror မှာ စွပ်စွဲရေးသားပါတယ်။

သောကြာနေ့တုန်းကတော့ Kemi Badenoch က အစိုးရတုံ့ပြန်ပုံကို အခုလို ဝေဖန်ပါတယ်။ ''ကိုယ့်ကို တခြားသူ လာတိုက်တဲ့အထိ စောင့်နေလို့ မရပါဘူး။ ကျွန်တော်တို့မှာရှိတဲ့ တိုက်လေယာဉ်တွေ ဘာလုပ်ဖို့ ထားထားတာလဲ။ ဖုန်အတက်ခံဖို့ပဲလား'' လို့ဆိုပြီး Kemi Badenoch က ဘီဘီစီကို ပြောပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်၀န်ကြီးချုပ်က ''အခုလိုအခိုက်အတန့်မျိုးဟာ ဗြိတိန်အတွက် တကယ့်ကို သတိကြီးကြီးခြေလှမ်းရတဲ့အချိန်ကာလမျိုးပါ။ နိုင်ငံရေးကစားတာတွေ လုပ်ရမှာမဟုတ်ဘူး'' လို့ သူက ရေးပါတယ်။

စစ်ပွဲထဲ ပါဝင်မယ့်ကိစ္စ 'သတိကြီးကြီးထားဖို့' အီရန်သံအမတ်က ဗြိတိန်ကို ပြော

ဒီအတောအတွင်းမှာပဲ လန်ဒန်မြို့မှာရှိတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာအီရန်သံအမတ် ဆာယတ် အလီ မိုဆာဗီက ဗြိတိန်အနေနဲ့ စစ်ပွဲမှာ ပါဝင်မယ့်အရေးကို သတိကြီးကြီးထား ခြေလှမ်းဖို့ ဘီဘီစီ Laura Kuenssberg နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။

အမေရိကန် -အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်မှုမှာ ဗြိတိန်ဟာ တိုက်ရိုက်ပါဝင်လာမယ်ဆိုရင် အီရန်ဘက်ကလည်း ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ သံအမတ်က ပြောလိုက်တာပါ။

ပြီးတော့ အီရန်အနေနဲ့ ဗြိတိန်အစိုးရရော၊ တခြားအစိုးရတွေကိုပါ ဘာပဲလုပ်လုပ် သတိရှိရှိ လုပ်ဆောင်စေချင်တဲ့အကြောင်း မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။

ဗြိတိန်ဟာ လက်ရှိမှာ အကျိုးစီးပွားခုခံကာကွယ်ရေး လေကြောင်းတိုက်ခိုက်မှုတွေအတွက် အမေရိကန်ကို သူ့ရဲ့အခြေစိုက်စခန်းတွေကို အသုံးပြုခွင့်ပေးထားပေမဲ့ တိုက်ခိုက်မှုတွေမှာ ကိုယ်တိုင် ပါဝင်တာ မရှိသေးပါဘူး။

သံအမတ်ကတော့ ''အခုကျူးကျော်မှုမှာ ဗြိတိန်မပါဝင်တာ ကောင်းတယ်လို့ သူ ထင်မြင်ကြောင်း ပြောပြီး အီရတ်ကို ၂၀၀၃ ခုနှစ်ကျူးကျော်မှုကနေ ဗြိတိန်အစိုးရဟာ သင်ခန်းစာ ရပြီးဖြစ်နေလိမ့်မယ်လို့ သူ ထင်မြင်ကြောင်းလည်း ပြောသွားပါတယ်။

မတ်လ ၈ ရက် အရှေ့အလယ်ပိုင်းက အခြေအနေတွေကို အခုစာမျက်နှာမှာ စုစည်းဖော်ပြခဲ့တာဖြစ်ပါတယ်။