ရုရှားသမ္မတဟောင်းစကားကြောင့်နျူကလီးယား ရေငုပ်သင်္ဘောနှစ်စင်းကို ထရမ့်နေရာရွှေ့

ထရမ့်နဲ့ မက်ဗီဒက်တို့ဟာ မကြာသေးခင်က လူမှုမီဒီယာကတစ်ဆင့် တစ်ဦးကိုတစ်ဦး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထရမ့်နဲ့ မက်ဗီဒက်တို့ဟာ မကြာသေးခင်က လူမှုမီဒီယာကတစ်ဆင့် တစ်ဦးကိုတစ်ဦး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ခဲ့ကြပါတယ်။

ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်ရဲ့ အတော်ရန်လိုတဲ့ မှတ်ချက်စကားတွေကို တုံ့ပြန်တဲ့အနေနဲ့ နျူကလီးယားရေငုပ်သင်္ဘောနှစ်စင်းကို သင့်တော်တဲ့ ဒေသတွေကို ရွှေ့ထားလိုက်ပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောပါတယ်။

"ရူးမိုက်ပြီး ရန်လိုတဲ့ ထုတ်ပြန်ချက်တွေက စကားထက်ပိုလာနိုင်တာကြောင့် လှုပ်ရှားခဲ့တာပါ၊ စကားလုံးတွေဟာ အင်မတန်ကို အရေးပါပြီး တစ်ခါတရံမှာ မလိုလားအပ်တဲ့ အကျိုးဆက်တွေကိုဦးတည်သွားစေနိုင်တယ်၊ ဒီလိုဖြစ်ရပ်တွေထဲက တစ်ခုမဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်" လို့ ထရမ့်က ပြောပါတယ်။

အမေရိကန်စစ်ရေးလုပ်ထုံးလုပ်နည်းတွေနဲ့အရ အဲဒီရေငုပ်သင်္ဘောနှစ်စင်းကို ဘယ်မှာ တာဝန်ချထားစေခဲ့တယ်ဆိုတာကိုတော့ ထရမ့်က ထုတ်ဖော်မပြောပါဘူး။

ယူကရိန်းမှာ အပစ်အခတ်ရပ်စဲတာကို သဘောတူရင်တူ၊ မတူရင် ကြီးလေးတဲ့ပိတ်ဆို့မှုတွေခံရမယ်လို့ ထရမ့်က ရာဇသံပေးခဲ့တာကို မက်ဗီဒက်ဗ်က မကြာသေးခင်က တုံ့ပြန်ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ဟာ ကမ္ဘာပေါ်မှာ နျူလက်နက်အများဆုံးပိုင်ဆိုင်ကြပြီး နှစ်နိုင်ငံစလုံးမှာ နျူကလီးယားရေငုပ်သင်္ဘောတပ်တွေရှိကြပါတယ်။

နေရာရွှေ့ခဲ့တာက နျူစွမ်းအင်သုံးရေငုပ်သင်္ဘောလား၊ နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောလားဆိုတာကို အမေရိကန်သမ္မတက ခွဲခြားပြောဆိုခြင်းမပြုခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေရာရွှေ့ခဲ့တာက နျူစွမ်းအင်သုံးရေငုပ်သင်္ဘောလား၊ နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောလားဆိုတာကို အမေရိကန်သမ္မတက ခွဲခြားပြောဆိုခြင်းမပြုခဲ့ပါဘူး။

နေရာရွှေ့ခဲ့တာက နျူစွမ်းအင်သုံးရေငုပ်သင်္ဘောလား၊ နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောလားဆိုတာကို အမေရိကန်သမ္မတက ခွဲခြားပြောဆိုခြင်းမပြုခဲ့ပါဘူး။

"ခြိမ်းခြောက်တာလုပ်လာတယ်၊ ဒါကို သင့်တော်တယ်လို့ ကျွန်တော်တို့မထင်ဘူး၊ ဒါကြောင့် ကျွန်တော် သေချာဂရုထားမှဖြစ်မယ်" လို့ ထရမ့်က အဲ့ဒီနေ့နှောင်းပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

"ကျွန်တော်တို့နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အခြေခံပြီး ဒါကို လုပ်ခဲ့တာဖြစ်ပါတယ်။ ရုရှားသမ္မတဟောင်းက ခြိမ်းခြောက်မှုတစ်ခုလုပ်ခဲ့ပါတယ်၊ ဆိုတော့ ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ရပါမယ်"

ဒီကိစ္စနဲ့ပတ်သက်လို့ ရုရှားအစိုးရက အခုအချိန်အထိ မှတ်ချက်ချပြောဆိုတာတွေမရှိသေးပေမဲ့ ထရမ့်ရဲ့ထုတ်ပြန်ချက်ပြီးနောက်မှာ မော်စကို စတော့ဈေးကွက်တန်ဖိုးတွေ ထိုးကျသွားခဲ့ပါတယ်။

ထရမ့်နဲ့ မက်ဗီဒက်တို့ဟာ မကြာသေးခင်က လူမှုမီဒီယာကတစ်ဆင့် တစ်ဦးကိုတစ်ဦး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ခဲ့ကြပါတယ်။

ယူကရိန်းစစ်ပွဲကို ဩဂုတ် ၈ ရက်နောက်ဆုံးထားပြီး အဆုံးသတ်ပေးရမယ်လို့ ရုရှားသမ္မတဗလာဒီမီယာပူတင်ကို ထရမ့်က နောက်ဆုံးရက်သတ်မှတ်တောင်းဆိုပြီးနောက်မှာ အခုလို ခြိမ်းခြောက်တာတွေရှိလာတာဖြစ်ပါတယ်။ ထရမ့်ရဲ့ တောင်းဆိုချက်ကို ပူတင်ကဘက် လိုက်လျောမယ့်အလားအလာမရှိပါဘူး။

အဲဒီမတိုင်မီ တနင်္လာနေ့မှာ ထရမ့်က ၁၀ ရက်အတွင်း အပစ်ရပ်ရင်ရပ် ဒါမှမဟုတ် ၁၂ ရက် အတွင်း ရပ်ရမယ်လို့ သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

ဇူလိုင်အစောပိုင်းမှာလည်း ပူတင်ဟာ စစ်ပွဲကို ရက် ၅၀ အတွင်းမရပ်ဘူးဆိုရင် ရုရှားက ရေနံနဲ့ အခြားပို့ကုန်တွေအပေါ် အခွန်ကြီးကြီးမားမားကောက်မယ်လို့ သူက ရုရှားကို ခြိမ်းခြောက်ခဲ့ပြီးဖြစ်ပါတယ်။

နျူကလီးယားရေငုပ်သင်္ဘောတစ်စီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နျူကလီးယားရေငုပ်သင်္ဘောတစ်စီး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၀၈ ကနေ ၂၀၁၂ ခုနှစ်အထိ ရုရှားသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ မက်ဗီဒက်က ထရမ့်ဟာ ရုရှားကိုခြိမ်းခြောက်ပြပြီး နိုင်ငံရေးအမြတ်ထုတ်နေတာလို့ အခုအပတ်အစောပိုင်းမှာပြောခဲ့ပါတယ်။

"ရာဇသံအသစ်တိုင်းဟာ ခြိမ်းခြောက်မှုဖြစ်ပြီး စစ်ပွဲဆီကို ရှေ့တစ်လှမ်းတိုးလိုက်တာပဲ" လို့ မက်ဗီဒက်က X ဆိုရှယ်မီဒီယာမှာရေးပါတယ်။

ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေဟာ တကယ်အရေးကြီးတဲ့ နိုင်ငံရေးလုပ်ရပ်တွေ မဟုတ်ဘဲ၊ လူအများရဲ့အာရုံစိုက်မှုကို ရဖို့ ရည်ရွယ်ကစားနေတဲ့ ပြဇာတ်တစ်ခုလိုပဲ လို့ သူကပြောပြီး ရုရှားက ဂရုမစိုက်ဘူးလို့ ဇူလိုင်အစောပိုင်းမှာ ပြောခဲ့ပါတယ်။

မက်ဗီဒက်က "သေဆုံးလက်" ခြိမ်းခြောက်မှုကို တယ်လီဂရမ်မှာ ကြာသပတေးနေ့က ရေးသားခဲ့ပါတယ်။ ဒါဟာ ရုရှားရဲ့ လက်စားချေ နျူကလီးယားတိုက်ခိုက်မှုထိန်းချုပ်ရေးစနစ် ရဲ့ လျှို့ဝှက်နာမည်ဖြစ်နိုင်တယ်လို့ စစ်ရေးသုံးသပ်သူတွေက နားလည်ထားပါတယ်။

ထရမ့်ရဲ့ သောကြာနေ့က တုံ့ပြန်မှုဟာ မက်ဗီဒက်ရဲ့ မှတ်ချက်တွေနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် တုံ့ပြန်မှုတော့မဟုတ်ပါဘူး။ မက်ဗီဒက်ဟာ " ကိုယ့်ကိုယ်ကိုယ်သမ္မတလို့ထင်နေတဲ့ မအောင်မြင်တဲ့ ရုရှားသမ္မတဟောင်း" လို့ ထရမ့်က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

ထရမ့်က မက်ဗီဒက်ကို "စကားပြောဆင်ခြင်ဖို့" သတိပေးခဲ့ပြီး "သူဟာ အင်မတန် အန္တရာယ်များတဲ့ နယ်ပယ်ကိုဝင်ရောက်နေပြီ" လို့ ဆက်ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ လုပ်ခဲ့တဲ့ ရုရှားရဲ့ ယူကရိန်းကို အပြည့်အဝကျူးကျော်စစ်နဲ့ပတ်သက်လို့ မက်ဗီဒက်ဟာ ထောက်ခံခဲ့ပြီး အနောက်နိုင်ငံတွေကို ပွင့်ပွင့်လင်းလင်းဝေဖန်နေသူတစ်ဦးလည်းဖြစ်ပါတယ်။