ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေး - အီရန်အရေး အစ္စရေးရောက်မြန်မာတွေရဲ့ စိုးရိမ်ချက်
၂၀၂၅ ဇွန်လ အစ္စရေး - အီရန် ပဋိပက္ခမှာ အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်လာပြီး အစ္စရေးရဲ့ စီးပွားရေးမြို့တော် တဲလ်အဗီး အထိ အီရန်ရဲ့ လက်တုန့်ပြန်မှုတွေ ရောက်လာပါတယ်။
ဒီမြို့ဟာ ၂၀၂၃ အောက်တိုဘာ ၁၀ ရက် အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်မှုနောက်မှာ အစ္စရေး နယ်စပ်မြို့တွေက စိုက်ပျိုးရေးလုပ်ငန်းတွေမှာလုပ်တဲ့ မြန်မာအလုပ်သမားတွေ အများစုပြောင်းရွှေ့နေထိုင်တဲ့မြို့ လည်းဖြစ်ပါတယ်။
အစ္စရေးရောက်နေတဲ့ ရာနဲ့ချီမြန်မာတွေက မြို့တိုင်းမှာ ပြန့်ကျဲနေထိုင်နေပါတယ်။ အခု အစ္စရေးနဲ့ အီရန်အပြန်အလှန်တိုက်ခိုက်မှုမှာ တဲလ်အဗီးမြို့ အပြင် အစ္စရေးရဲ့ တခြားမြို့တွေကိုပါ အီရန်ရဲ့ လက်နက်တွေကျရောက်နေပါတယ်။
အီရန်ရဲ့ အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်မှုက အရင်ဟားမတ်စ်နဲ့ စစ်ရေးအခြေအနေထက် ပြင်းထန်တာကြောင့် အစ္စရေးမှာ ကာလရှည်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေပါ စိုးရိမ်စိတ်ပိုတိုးလာပါတယ်။
အစ္စရေးရောက် မြန်မာတွေ ဘာတွေကြုံနေကြရလဲ
ဇွန် ၁၃ ရက်မှာ "Operation Rising Lion - ခေါင်းထောင်ထလာတဲ့ ခြင်္သေ့ စစ်ဆင်ရေး" လို့ နာမည်ပေးထားတဲ့ အဲဒီတိုက်ခိုက်မှုက အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးစီမံကိန်း နေရာတွေကိုတိုက်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်တပ်အရာရှိကြီးတွေနဲ့ သိပ္ပံပညာရှင်တွေ သေဆုံးခဲ့ရတဲ့ အီရန်ကလည်း တာဝေးပစ်ဒုံး ၊ ဒရုန်းပေါင်း ရာချီနဲ့ နေ့စဥ် လက်တုံ့ပြန်တိုက်ခိုက်နေတာ ရက်သတ္တပတ် ၁ ပတ် ရှိလာပါပြီ။
ဘီဘီစီက အစ္စရေးမှာရောက်နေတဲ့ မြန်မာ ၂ ဦးထက်မကနဲ့ စကားပြောခွင့်ရခဲ့ပါတယ်။
"အရင်တုန်းက ဟားမတ်စ်နဲ့ဆို ပစ်တဲ့အချိန်မှာ မထိပါဘူးကွာဆိုပြီး ဓာတ်ပုံတွေ ထွက်ရိုက်တာရှိတယ်။ အခုက သာမန်ထက်ကို ပေါက်ကွဲတာလည်းပြင်းတာရော Iron Dome ကလည်း ရာနှုန်းပြည့်မကာနိုင်ဘူးလေ" လို့ ကိုရဲရင့်က သူ့စိုးရိမ်ချက်ကို ပြောပါတယ်။
သူပြောတဲ့ Iron Dome ဆိုတာဟာ အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်ပါတယ်။
ကိုရဲရင့်က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းထဲက ရွာတစ်ရွာကဖြစ်ပါတယ်။ သူ အစ္စရေးကို ရောက်နေတာ ၁၀ နှစ်ခန့်ရှိပါပြီ။ အခုတော့ အစ္စရေးနိုင်ငံ၊ ဟာဇာလီယာမြို့ က စားသောက်ဆိုင်တစ်ဆိုင်မှာ သူ အလုပ်လုပ်နေပါတယ်။
အစ္စရေးရဲ့ စီးပွားရေးမြို့တော် တဲလ်အဗီးမြို့မှာနေတဲ့ ဦးဇော်လောဒ့်နဲ့လည်း ဘီဘီစီက အဆက်အသွယ်ရခဲ့ပါတယ်။ သူလည်း တဲလ်အဗီးမြို့မှာ ကာလရှည်နေထိုင်တဲ့သူဖြစ်ပါတယ်။
အီရန်ကို တိုက်ခိုက်မှုမစခင်ကတည်းက အစ္စရေးက စားစရာ၊ရေနဲ့ အခြေခံစားသောက်ကုန်တွေ ဖြည့်ထားဖို့ ကြိုသတိပေးထားသလို အရေးပေါ်ဆေးကုသရေးအဖွဲ့တွေတော့ ပြင်ဆင်ထားတယ်လို့ ကိုဇော်လော့ဒ် ကပြောပါတယ်။
'' ဆေးဝါးနဲ့ စားစရာကတော့ အခက်အခဲ မရှိဘူး'' လို့ ကိုဇော်လောဒ့် ကပြောပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံမကျေလည်ဘဲ ဆက်တိုက်နေမယ်ဆိုရင် လုပ်ငန်းတွေရပ်ပြီး အလုပ်လက်မဲ့ဖြစ်မှာကိုတော့ အစ္စရေးရောက် မြန်မာ အသိုင်းအဝိုင်းက စိုးရိမ်နေပါတယ်။
"သူတို့ ရော့ကတ်တွေ လောင်ချာတွေက ကိုယ့်ဆီလာနေသလိုပဲ အရှင်းကြီးမြင်နေရတာ"လို့ ဗုံးခိုကျင်းထဲ ပြေးချိန်မှာ သူ မြင်ရတဲ့ မြင်ကွင်းကို ဦးဇော်လောဒ့် ကပြောပါတယ်။
လက်ရှိ အစ္စရေးမှာ အရေးပေါ်အခြေအနေကြေညာထားပြီး လမ်းပေါ်မှာ အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဥ်လိုင်းတွေလည်း မရှိသလောက် ဖြစ်နေပါတယ်။
မဖြစ်မနေလိုအပ်တဲ့ အခြေခံစားသောက်ကုန်ရောင်းချတဲ့ ဆိုင်ကလွဲရင် ကျောင်း၊ရုံး၊လေဆိပ်တွေလည်း ပိတ်ထားရပါတယ်။ လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းဆီကို အရောက်သွားဖို့ လူတိုင်းရဲ့ ဖုန်းထဲကို သတိပေးချက် ရောက်ပါတယ်။
"သတိပေးသံကြားရင် တစ်ခါတည်းပြေးရတာဆိုတော့ မအိပ်ရတာ သုံးလေးရက်ရှိပြီ"လို့ ဦးဇော်လောဒ့် ကပြောပါတယ်။
နှစ်နိုင်ငံလုံးက ညလုံးပေါက် အပြန်အလှန်ပစ်ခတ်နေကြတာလို့ Herzeliya - ဟာဇာလီယာမြို့မှာနေတဲ့ ကိုရဲရင့်ကလည်း ပြောပါတယ်။
အစပိုင်းရက်က မနက်ပိုင်းမှာ ဒုံးသတိပေးသံသိပ်မကြားရပေမဲ့ နောက်ပိုင်းရက်မှာ အီရန်ဘက်က အစ္စရေးဘက်ကို တာဝေးပစ်ဒုံး ၃၀ ခန့်နဲ့ ပစ်ခတ်တာတွေရှိတယ်လို့ဆိုပါတယ်။
ဒါကြောင့် အရင်ရက်က အီရန်ရဲ့ ဒုံးတွေဖြတ်သွားတာကိုသာ ကောင်းကင်မှာ မြင်နေရတဲ့ ကိုရဲရင့်တို့မြို့အနီးမှာ ဒုံးကျည်ကျရောက် ပေါက်ကွဲတာခဲ့တာဖြစ်ပါတယ်။
ဇွန် ၁၇ ရက် အထိ အစ္စရေးမှာ ၂၄ ဦးသေဆုံးပြီး အီရန်မှာ လူ ၂၂၀ ကျော်သေဆုံးထားပါတယ်။
"မြန်မာတွေ ထိခိုက်သေဆုံးတဲ့ အထဲပါတယ်လို့တော့မကြားသေးဘူး။ မနေ့က တဲလ်အဗီးမှာနေတဲ့ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ အိမ်နားကို ဒုံးကျည်ကျတာရှိတယ်" လို့ ကိုရဲရင့်က သူသိထားတာကို ပြောပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေနဲ့ စစ်ရေးပြင်းထန်မှုအတွေ့အကြုံရှိတဲ့ အစ္စရေးနိုင်ငံမှာ ဒုံးကာကွယ်ရေးသတိပေးချက် ပို့တာ၊ ဗုံးခိုကျင်းတွေ အဆင်သင့်ရှိနေတာကြောင့် စိုးရိမ်စရာမရှိဘူးလို့ သူတို့က ယူဆထားကြပါတယ်။
ဒါပေမဲ့ အခုတကြိမ် အစ္စရေးရဲ့ တိုက်ခိုက်မှုအပြီး အီရန်ရဲ့ လက်တုံ့ပြန်မှုက ပြင်းထန်တာကြောင့် စိုးရိမ်မိကြတယ်လို့ ဘီဘီစီနဲ့ စကားပြောခဲ့တဲ့ မြန်မာ ၂ ဦးလုံးက ပြောပါတယ်။
"အရင်တုန်းက ဟားမတ်စ်နဲ့ဆို ပစ်တဲ့အချိန်မှာ မထိပါဘူးကွာဆိုပြီး ဓာတ်ပုံတွေ ထွက်ရိုက်တာရှိတယ်။ အခုက သာမန်ထက်ကို ပေါက်ကွဲတာလည်းပြင်းတာရော Iron Drone ကလည်း ရာနှုန်းပြည့်မကာနိုင်ဘူးလေ" လို့ ကိုရဲရင့်က ပြောပါတယ်။
မြန်မာသံရုံးက နိုင်ငံသားတွေအတွက် ဘာတွေစီစဉ်ထားလဲ
အစ္စရေးက အီရန်ကို တိုက်အပြီး နောက်ရက်မှာ တဲလ်အဗီးမြို့မှာရှိတဲ့ မြန်မာသံရုံးက မြန်မာနိုင်ငံသားတွေကို ဒုံးအချက်ပေးသံနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ လမ်းညွှန်ချက်တွေ လိုက်နာဖို့ အသိပေးပါတယ်။
"သံရုံးက ဖုန်းထဲကို စာပို့တာရှိတယ်။ အဆင်ပြေလားမေးတာ" လို့ ဦးဇော်လောဒ့် က ပြောပါတယ်။
အရေးပေါ်အခြေအနေမှာ ဆက်သွယ်ဖို့ ဖုန်းနံပါတ်နဲ့ အီးမေလ်းလိပ်စာ ထုတ်ပြန်ပေးထားတယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကောင်စစ်တာဝန်ခံက ဘီဘီစီကိုပြောပါတယ်။
" ၅ ရက်အတွင်း ဂျော်ဒန်ကတစ်ယောက်တော့ ပြောင်းရွှေ့ဖို့ သံရုံးကို အကူအညီတောင်းလာတာရှိတယ်။ တခြားအကူအညီတောင်းလာတာတော့မရှိသေးပါဘူး" လို့ သူကပြောပါတယ်။
သံရုံးရဲ့ အချက်အလက်အရ အစ္စရေးမှာ မြန်မာနိုင်ငံသား ၁၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ တရားမဝင် ဝင်ရောက်နေထိုင်သူတွေလည်းရှိတာကြောင့် လာသူတွေလည်း ရှိတာကြောင့် ဒီထက်များနိုင်တယ်လို့ ကောင်စစ်တာဝန်ခံက ပြောပါတယ်။
လက်ရှိမှာ လုံခြုံရေးစိတ်မချရလို့ တခြားနေရာကို ပြောင်းရွှေ့ဖို့ တို့ ဆက်သွယ်လာသူမရှိသေးဘူးလို့ သိရပါတယ်။
" မြန်မာနိုင်ငံသားတွေ ပြောင်းချင်တယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံကို သံရုံးကနေ ဗီဇာ လျှောက်ပေးဖို့ အသင့်ပါပဲ။ တရားမဝင် ဝင်လာတဲ့သူဆိုရင်တော့ မြန်မာနိုင်ငံသားဖြစ်ကြောင်း အရင် စိစစ်ဖို့ လိုပါမယ်" လို့ ကောင်စစ်တာဝန်ခံက ပြောပါတယ်။
ပြောင်းရွှေ့ချင်သူတွေအတွက် အစ္စရေးနိုင်ငံအပါအဝင်အရှေ့အလယ်ပိုင်းဒေသမှာ လေကြောင်းခရီးစဉ်တွေ ရပ်တန့်ထားတာကြောင့် ကုန်းလမ်းခရီးကိုသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ အစ္စရေးမှာ ဆက်နေကြမှာလား
ဟားမတ်စ်နဲ့ စစ်ရေးပြင်းထန်တဲ့ကာလတုန်းက အစ္စရေးရောက် မြန်မာစိုက်ပျိုးရေးအလုပ်သမားတွေနဲ့ ကျောင်းသားတွေဟာ နိုင်ငံတွင်းမြို့တွေကို ရွှေ့ပြောင်းနေတာနဲ့ တခြားနိုင်ငံကို ရွှေ့တာတွေ ရှိခဲ့ပါတယ်။
အစ္စရေးရောက်မြန်မာနိုင်ငံသားအရေးလုပ်တဲ့ အဖွဲ့တစ်ခုရဲ့ ပြောပြချက်အရ အဲဒီကာလက မြန်မာနိုင်ငံသား ၅၀၀ နဲ့ ၆၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
အများစု မြန်မာနိုင်ငံသားတွေဟာ အစ္စရေးက စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်းနဲ့ စိုက်ခင်းတွေမှာ အလုပ်ဝင်ရောက်လုပ်ကိုင်ကြတာများပါတယ်။
ကိုရဲရင့်အပါအဝင် မြန်မာနိုင်ငံသားအများစုဟာ မြန်မာမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေအတွက် အဓိက ဝင်ငွေရှာရ သူတွေဖြစ်တာကြောင့် ဝင်ငွေမရှိတဲ့ ကာလကြာရှည်မှာကို စိုးရိမ်ကြပါတယ်။
'' နိုင်ငံသားလည်း မဟုတ်တဲ့အတွက် အိမ်လခတွေက ကိုယ်တွေအတွက်တော့ ဈေးများတယ်။ အလုပ်မရှိရင် အခန်းခလည်းမတတ်နိုင်ဘူး" လို့ ကိုရဲရင့်က ပြောပါတယ်။
ကိုရဲရင့်က စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ သူ အစ္စရေးမှာနေတာ ၁၀ နှစ်တာကာလခန့်ရှိပါတယ်။
တဲလ်အဗီးမြို့မှာနေတဲ့ ဦးဇော်လောဒ်က မိသားစုရှိတာကြောင့် သူလည်း ရေရှည်အလုပ်အကိုင်နဲ့ မတည်ငြိမ်မှုတွေ အတွက် စိုးရိမ်ပါတယ်။
" ဒီမှာက အိမ်ခန်းစုနေကြတာရှိတယ်။ အလုပ်မဆင်းနိုင်ရင် အလုပ်မဆင်းနိုင်ရင် အခန်းခ၊ စားစရိတ်မတတ်နိုင်လို့ မြန်မာကို ပြန်တာဖြစ်နိုင်တယ်" ဦးဆောလောဒ်က ပြောပါတယ်။
ဒါပေမဲ့ သူတို့ နှစ်ယောက်စလုံးကတော့ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို ပြန်ဖို့ အစီအစဉ်မရှိကြသေးပါဘူး။
အစ္စရေးမှာနေ့ ည တန်ပြန်တိုက်ခိုက်မှုတွေကြုံနေရပေမဲ့ မြန်မာနိုင်ငံထက်လုံခြုံတယ်လို့ ဦးဇော်လောဒ့် က ယူဆပါတယ်။
"နိုင်ငံကို ပြန်ရင် ဘာဖြစ်မယ်ဆိုတာခန့်မှန်းမရဘူး။ ဒီမှာက တစ်ခုခုဆို ကြိုတင်သတိပေးတာရှိတယ်" လို့ သူက ပြောပါတယ်။
ကိုရဲရင့်ကတော့ အစ္စရေးရောက် မြန်မာအသိုင်းအဝိုင်းအတွက် အစ္စရေးက ပိုလုံခြုံတယ်ခံစားရပေမဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်နေကြရတယ်လို့ ဆိုပါတယ်။
ကိုရဲရင့် အတွက် သူ့အတွက်စိတ်ပူနေသလို သူ့ဇာတိမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြုံနေရတဲ့ မိသားစုအတွက်လည်း ပူပန်မှုတွေရှိနေပါတယ်။
"ကိုယ့်နိုင်ငံမှာ စစ်ဖြစ်နေတယ်။ အခု ဒီနိုင်ငံမှာပါ စစ်ဖြစ်တာထပ်ကြုံရတော့ မြန်မာနိုင်ငံသားတွေအတွက် ခက်ခဲတယ်။ စိတ်တင်းထားရတယ်" လို့ ကိုရဲရင့်က ဖွင့်ဟပါတယ်။