မြန်မာဟာ ရုရှားထံက လောင်စာဆီဝယ်ယူရေး အာရှဒေသတွင်းက အရေးကြီးတဲ့စျေးကွက်ဖြစ်တယ်လို့ ဝါဆောအင်စတီကျူပြော

ရုရှားလောင်စာဆီတွေကို မြန်မာ၀ယ်ယူတော့မယ်လို့ နိုင်ငံတကာအရေးနဲ့လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့်နေတဲ့ ပိုလန်နိုင်ငံအခြေစိုက် ၀ါဆောအင်စတီကျူက သြဂုတ် ၂၄ ရက်မှာ ပြောလာပါတယ်။

ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲနေတဲ့ရုရှားကို အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ထားလို့ ရုရှားဟာသူ့ရဲ့လောင်စာဆီတွေကို ရောင်းချလို့မရဖြစ်နေချိန်တစ်ခါ မြန်မာမှာလောင်စာဆီမလုံမလောက်ဖြစ်နေချိန် ရုရှားက ခုလိုသူ့လောင်စာဆီကို မြန်မာကိုရောင်းချဖို့ ကြိုးပမ်းနေတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သူ့ရဲ့ ရုရှားခရီးစဥ်အတွင်းမှာလည်း လောင်စာဆီ၀ယ်ယူရေးဆွေးနွေးခဲ့တယ်လို့ ၀ါဆောအင်စတိကျူကပြောပါတယ်။ ရုရှားရဲ့ စက်သုံးဆီအရည်အသွေးနဲ့စျေးနှုန်းကိုလည်း စစ်ခေါင်းဆောင်က သဘောကျကျေနပ်တယ်လို့ ဆိုကြောင်း အဲဒီအင်စတီကျူကရေးသားထားပါတယ်။

ရုရှားစက်သုံးဆီတွေမြန်မာနိုင်ငံထဲ စက်တင်ဘာလထဲရောက်လာဖို့ရှိတယ်လို့ သတင်းတွေကဖော်ပြတယ်လို့လည်း ဒီအင်စတီကျူက ရေးပါတယ်။ မြန်မာရုရှားနှစ်နိုင်ငံဟာ ရုရှားရဲ့လောင်စာဆီတွေကို အိန္ဒိယ ဒါမှမဟုတ် တရုတ်ကိုဖြတ်ပြီး ပိုက်လိုင်းတွေကတစ်ဆင့် သယ်ပို့ဖို့ စဥ်းစားချက်ရှိထားပါတယ်။

အခု မြန်မာနိုင်ငံမှာ လောင်စာဆီတွေကို စင်ကာပူနိုင်ငံကဆိပ်ကမ်းတွေကတစ်ဆင့် တင်သွင်းနေတာလည်းဖြစ်ပါတယ်။ မြန်မာမှာလောင်စာဆီစျေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်၀ါရီ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အခုတစ်နှစ်ခွဲကျော်အတွင်း ၃၀၀ ရာခိုင်နှုန်းလောက်ထိ မြင့်တက်သွားတယ်လို့လည်းရေးပါတယ်။ စစ်ကောင်စီကတော့ရုရှားကနေ လောင်စာဆီ၀ယ်ယူမယ်လို့ပြောထားပြီး ဆီ၀ယ်ယူရေးကော်မတီကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လမ်းကြောင်းကနေ ဘယ်လိုတင်သွင်းမယ်၊ ဘယ်လိုပြန်လည်ဖြန့်ဖြူးရောင်းချမယ်၊ ဘယ်တော့လောက် ဒီအစီအစဥ်စတင်မယ်ဆိုတဲ့အသေးစိတ်အချက်အလက်တော့မသိရသေးပါဘူး။ရုရှားက လောင်စာဆီတွေ မကြာခင် ရောက်ရှိမယ်လို့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်နေပေမဲ့လည်း စစ်ကောင်စီဘက်က နောက်ထပ် တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုလာတာမရှိသေးပါဘူး။ စက်သုံးဆီ ဒီကနေ့သြဂုတ် ၂၅ ရက်မနက် ရန်ကုန်ပေါက်စျေးဟာ အောက်တိန်း ၉၂ တစ်လီတာကို ကျပ် ၂၄၉၀ ကျပ်နဲ့ အောက်တိန်း ၉၅ တစ်လီတာကို ကျပ် ၂၅၇၀ ကျပ်အထိ မြင့်တက်လာပါတယ်။ဆီစျေးဟာ နေ့စဥ်မငြိမ်မသက်နဲ့ တက်လိုက်ကျလိုက် ရှိပေမဲ့ ကျရင် ဆယ်ဂဏန်းလောက်သာကျပြီး တက်ရင်တော့ အနည်းဆုံးကျပ် ၅၀ ကနေ ကျပ် ၁၀၀ ကျော်၀န်းကျင်အထိ တက်သွားလေ့ရှိတာပါ။

ဒါ့အပြင် တက်စျေးနဲ့ကျစျေးက ဆယ်ချီကွာရင် ရက်အနည်းငယ်လောက် စျေးကျပေမဲ့ ဆီစျေးဟာ လူထုအတွက် သိသိသာသာ သက်သာချောင်ချိစရာဖြစ်အောင် စျေးကျသွားတာမျိုးတော့ ခုနှစ်ဆန်းပိုင်းကစလို့မရှိတော့တာတွေ့ရပါတယ်။ဒီဇယ်ဆိုရင်လည်း အခုအခါမှာ တစ်လီတာကို ကျပ် ၃၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ဒါက ရန်ကုန်အခြေပြုစျေးနှုန်းတွေဖြစ်ပြီး ရန်ကုန်ပြင်ပ ဒေသတွေမှာဆိုရင် ဆီ စျေးနှုန်းဒီထက်ပိုပြီးမြင့်တက်နေတာကိုတွေ့ရပါတယ်။

လောင်စာဆီစျေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေတာကြောင့် ဆီဆိုင်တချို့မှာ ဆီပြတ်လပ်ပြီးရောင်းချဖို့ဆီမရှိတာကြောင့် ဆိုင်တွေပိတ်ထားတာတွေလည်းရှိလာသလို ဆီ၀ယ်ယူလိုတဲ့သူတွေဟာလည်း ဆီဆိုင်တွေရှေ့မှာ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရတာတွေလည်း ရှိလာနေပါတယ်။