ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သီရိလင်္ကာ မူးယစ်ဆေးဝါးနှိမ်နင်းမှုမှာ လူထောင်ချီ အဖမ်းခံရ
သီရိလင်္ကာနိုင်ငံတဝန်းမှာ ရဲတပ်ဖွဲ့က သီတင်းတစ်ပတ်အတွင်းပြုလုပ်တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းမှုတွေအတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးသူ လူပေါင်း ၁၅,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း ဘိန်းအပါအဝင် မူးယစ်ဆေးဝါးပေါင်းစုံ ကီလိုဂရမ် ၄၄၀ နီးပါး ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒေသတွင်းသတင်းတွေမှာဖော်ပြနေတဲ့ရုပ်သံတွေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ မြို့တော်ကိုလံဘိုနဲ့ တခြားနေရာတွေက အိမ်တွေကို အနံ့ခံခွေးတွေသုံးပြီး စီးနင်းရှာဖွေတာတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ စီးနင်းရှာဖွေမှုတွေဟာ ရှာဖွေဖမ်းဆီးရေး ဝရမ်းမပါဘဲ လုပ်ဆောင်တာကြောင့် တရားမဝင်ဘူးလို့ ပြောပါတယ်။
ရဲဌာနပြောခွင့်ရသူကတော့ မူးယစ်ဆေးဝါးနှိမ်နင်းရေးရှာဖွေစစ်ဆေးမှုမှာ ဝရမ်းကို အမြဲတမ်းမလိုဘူးလို့ ဘီဘီစီကိုပြောပါတယ်။
စစ်ဆင်ရေးအတွင်းမှာ မသင်္ကာသူ ၁၃,၆၆၆ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ဆေးစွဲနေသူ ၁,၀၉၇ ဦး ကို စစ်ဘက်ဆိုင်ရာ ပြန်လည်ထူထောင်ရေးဆေးဖြတ်စခန်းတွေကို စေလွှတ်ထားခဲ့တယ်လို့ ပြောပါတယ်။
စွပ်စွဲခံထားရတဲ့ရာဇဝတ်သားတွေ ပိုင်ဆိုင်တယ်ဆိုတဲ့အိမ်ခြံမြေနဲ့ ကားတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်း ခဲ့ပါတယ်။
တက်ကြွလှုပ်ရှားသူတွေကတော့ စီးနင်းရှာဖွေမှုတွေကို အခွင့်ထူးခံမဟုတ်တဲ့သာမန်အခြေအနေမှာ နေထိုင်ကြသူတွေရဲ့ အရပ်မှာ ပစ်မှတ်ထားလုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။
သက်ဆိုင်ရာကျွမ်းကျင်သူတွေကတော့ မူးယစ်ဆေးမှောင်ခိုသမားတွေဟာ သီရိလင်္ကာကို ဗဟိုချက်အနေနဲ့ အသုံးပြုပြီး နိုင်ငံတဝန်းကနေတဆင့် ဘိန်းနဲ့ဆေးခြောက်အပါအဝင် မူးယစ်ဆေးဝါးတွေကို နိုင်ငံတဝန်းကို ဖြန့်နေတာဖြစ်လို့ တကယ့်ပြဿနာကြီး ဖြစ်စေတယ်လို့ ပြောပါတယ်။
သီရိလင်္ကာအရာရှိတွေကတော့ ရှာဖွေဖမ်းဆီးမှုတွေကို ခရစ္စမတ်ကာလဖြစ်တာကြောင့် ခေတ္တဆိုင်းငံ့ထားပြီး နောက်တစ်ပတ်မှာ ပြန်စမယ်လို့ ပြောပါတယ်။
သီရိလင်္ကာမှာ မူးယစ်ဆေးဝါး အကြီးအကျယ်ဖမ်းဆီးခဲ့မှုဟာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဖြစ်ပြီး ရဲတပ်ဖွဲ့ဟာ ကိုကင်း အလေးချိန် ကဒီလိုဂရမ် ၈၀၀ ကို ဖမ်းမိခဲ့ပါတယ်။