ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရတ် မင်္ဂလာဆောင် မီးလောင်မှု လူ ၁၀၀ ထက်မနည်းသေဆုံး
အီရတ်နိုင်ငံမြောက်ပိုင်းက မင်္ဂလာဆောင်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၁၀၀ ထက်မနည်းသေဆုံးပြီး နောက်ထပ် ၁၅၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံမြောက်ပိုင်း၊ နီနဗာပြည်နယ်ထဲက အယ်လ် ဟမ်ဒါနီ့ယာ့ခရိုင်မှာ အင်္ဂါနေ့ညနှောင်းပိုင်းတုန်းက ရာနဲ့ချီတဲ့လူတွေ မင်္ဂလာပွဲတစ်ခုကို တက်ရောက်ချီးမြှင့်နေချိန် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းကို အခုအထိ မသိရသေးပေမဲ့ အစောပိုင်းသတင်းတွေမှာတော့ မင်္ဂလာပွဲမှာသုံးတဲ့ မီးရှုးမီးပန်းတွေ မီးရှို့အပြီးမှာ မီးလောင်မှုဖြစ်ခဲ့တာလို့ ဖော်ပြနေပါတယ်။
မင်္ဂလာပွဲကျင်းပတဲ့နေရာမှာသုံးထားတဲ့ မီးလောင်လွယ်တဲ့ဘောင်တွေကနေ မီးအားကောင်းပြီး မျက်နှာကြက်တွေ ပြိုကျ၊ မီးလောင်ခဲ့တာလို့ ဆိုပါတယ်။
‘‘အရည်အသွေးညံ့ဆောက်လုပ်ရေးပစ္စည်းတွေ၊ မီးလောင်လွယ်ပစ္စည်းတွေ သုံးထားတော့ မီးလောင်ပြီး မိနစ်ပိုင်းလောက်မှာပဲ ခန်းမဆောင်အချို့အစိတ်အပိုင်းတွေ ပြိုကျမှုဖြစ်ခဲ့တာ’’ လို့ အီရတ်အရပ်ဘက်ကာကွယ်ရေးညွှန်ကြားရေးမှူးရုံးကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာန INA က ပြောပါတယ်။
ဘီဘီစီက နောက်ဆုံးရရှိတဲ့သတင်းအရ ကြင်စဦး မင်္ဂလာမောင်နှံလည်း မီးလောင်မှုမှာ အသက်ဆုံးပါး ခဲ့တယ်လို့ ပြည်နယ်ကျန်းမာရေးအာဏာပိုင်အဖွဲ့ ဒုတိယအကြီးအကဲက ပြောလာပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောသွားတာဖြစ်ပြီး ဒဏ်ရာရသူတွေထဲက အယောက် ၅၀ ဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။
‘‘ဒဏ်ရာရသူအတော်များများဟာ မီးလောင်ဒဏ်ရာတွေ ရကုန်ပါတယ်။ တချို့ဆိုရင် ကိုယ်ခန္ဓာရဲ့ တဝက်လောက်အထိ မီးလောင်ဒဏ်ရာတွေရထားတယ်။ လုံးဝ မကောင်းဘူး’’ သူက ပြောပါတယ်။
ဒါအပြင် ဒဏ်ရာရသူအများစုဟာ လူငယ်အမျိုးသား၊ အမျိုးသမီးတွေဖြစ်ပြီး ဆေးရုံက ဆင်းရတဲ့သူ မရှိသေးဘူးလို့ သူက ထပ်ပြောပြပါတယ်။
အီရတ်မီဒီယာတွေရဲ့ကနဦးသတင်းဖော်ပြချက်တွေအရတော့ မီးထဲမှာ မင်္ဂလာမောင်နှံပါသွားတယ်လို ဖော်ပြပေမဲ့ နီနာ သတင်းဌာနကတော့ မင်္ဂလာမောင်နှံဟာ အသက်မသေပေမဲ့ မီးလောင်ဒဏ်ရာတွေ ကြောင့် ဆေးကုသခံယူနေရတယ်လို့ နောက်ပိုင်းမှာ သတင်းဖော်ပြခဲ့ပါတယ်။
နီနာသတင်းဌာနက ဖော်ပြတဲ့ ဓာတ်ပုံ တစ်ပုံမှာဆိုရင် မီးသတ်သမားတွေဟာ မီးတောက်ကို ငြိမ်းသတ်နေတာတွေ့ရပြီး ဒေသခံသတင်းထောက်တွေက လူမှုကွန်ရက်တွေမှာ တင်ထားတဲ့ပုံတွေမှာတော့ လောင်ကျွမ်းနေတဲ့ရုပ်အကြွင်းအကျန်တွေဟာ မင်္ဂလာခန်းမထဲမှာ ရှိနေသေးတာကို တွေ့ရပါတယ်။
မီးသတ်သမားတွေဟာ အသက်ရှင်ကျန်ရစ်မယ့်သူကို အပျက်အစီးပုံတွေပေါ်အထိတက်ပြီး ဒီနေ့ မနက်ပိုင်းအထိ ရှာဖွေနေတာကိုလည်း တွေ့ရပါတယ်။
မျက်မြင်သက်သေတွေကတော့ အင်္ဂါနေ့ည ၁၀ နာရီ၊ ၄၅ မိနစ်ခန့်မှာ အဆောက်အဦကို မီးလောင်တဲ့အချိန် အဲဒီမှာ မင်္ဂလာပွဲကို တက်ရောက်ဆင်နွှဲနေသူ လူပေါင်း ရာနဲ့ချီရှိနေခဲ့တယ်လို့ ပြောပါတယ်။
‘‘ခန်းမထဲကနေ မီးတွေ ထိုးတက်လာတာမြင်ရတယ်။ ခန်းမထဲကနေ လွတ်အောင်ရုန်းနိုင်ခဲ့တဲ့သူ၊ မပိတ်မိခဲ့တဲ့သူတွေပဲ လွတ်ခဲ့တာ။ အပြင်ရောက်ဖို့ လုပ်ကြိုးစားရင်း ကျိုးပဲ့သူတွေတောင်ရှိတယ်’’ လို့ မီးဘေးကနေ လွတ်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် အီမက် ယိုဟာနာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
နောက်ထပ် မင်္ဂလာပွဲဧည့်သည်တစ်ဦးဖြစ်တဲ့ ရာနီယာ ဝက်ဒ်ကတော့ လက်မှာ မီးလောင်ဒဏ်ရာရခဲ့ပြီး မင်္ဂလာမောင်နှံ ဖြည်းဖြည်းနှေးနှေးကနေချိန်မှာပဲ ‘’မီးရှူးမီးပန်းတွေက မျက်နှာကြက်ကိုတက်သွားပြီး ခန်းမထဲ မီးတောက်တွေ တက်လာတာပါပဲ’’
‘‘ကျွန်မတို့ဆို ဘာမှ မမြင်ရတော့ဘူး’’လို အသက် ၁၇ နှစ်အရွယ် ရာနီယာက AFP သတင်းဌာနကို ပြောပါတယ်။ ‘‘အသက်ရှုတွေကြပ်နေကြလို့ ဘယ်လိုဘယ်လို အပြင်ရောက်သွားမယ်တောင် မသိဘူး’’
နီ့နာဗာမြို့ဒုတိယအုပ်ချုပ်ရေးမှူး ဟတ်ဆန် အယ်လ် အာလက်ကတော့ သေဆုံးတယ်လို့ အတည်ပြုနိုင်သူ ၁၁၃ ဦးရှိပြီး နိုင်ငံပိုင်သတင်းဌာန INA ကတော့ သေဆုံးသူ ၁၀၀ ထက်မနည်း၊ ဒဏ်ရာရသူ ၁၅၀ ရှိတယ် လို့ သတင်းဖော်ပြပါတယ်။
ဒဏ်ရာရသူတွေကိုတော့ နီ့နာဗာတဝိုက်က ဆေးရုံတွေကို တင်ထားတယ်လို့ ဒေသအုပ်ချုပ်ရေးမှူးကို ကိုးကားပြီး INA က သတင်းဖော်ပြပါတယ်။
ဒါပေမဲ့ သေဆုံး ဒဏ်ရာရသူကို တိတိကျကျအတည်မပြုနိုင်သေးတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့လည်း သူကပြောပါတယ်။
အီရတ်ဝန်ကြီးချုပ်ကတော့ ‘’ဝမ်းနည်းစရာ ဒီဖြစ်ရပ်မှာ ထိခိုက်ခံစားရသူတွေကို အစွမ်းကုန်ကူညီသွားဖို့’’ အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်အကောင့် X (အရင်နာမည် တွစ်တာ) မှာ ရေးသားထားပါတယ်။
ဒီဖြစ်ရပ်ကြောင့် နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့ ၃ ရက်အဖြစ် သတ်မှတ်ကြေညာထားပါတယ်။
(မီးလောင်မှုနောက်ဆုံးရသတင်းတွေကို ဖြည့်စွက်ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်)