ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရတ်ဆေးရုံက ကိုဗစ်လူနာဆောင် မီးလောင်မှု သေဆုံးသူ ၉၀ ကျော်ထိရှိလာ
အီရတ်နိုင်ငံ နာဇီရီးယားမြို့မှာရှိတဲ့ ဆေးရုံတရုံက ကိုဗစ်လူနာဆောင်တဆောင် မီးလောင်ပြီး အနည်းဆုံး လူ ၉၂ ဦး သေဆုံးခဲ့ပါတယ်။
စစ်ပွဲတွေနဲ့ နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရတဲ့ အီရတ်နိုင်ငံရဲ့ ကျန်းမာရေးစနစ် အများစုဟာ ဆိုးရွားနေပါတယ်။ အခုမီးလောင်မှုကြောင့် သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေက ဒေါသထွက်နေကြပြီး ဆေးရုံအပြင်ဘက်မှာ လာရောက် ဆန္ဒပြနေကြပါတယ်။
အယ်လ်ဟူစိန်ဆေးရုံ မီးလောင်မှုဟာ ဝါယာအပြစ်ဖြစ်တဲ့ မီးစတွေက အောက်ဆီဂျင်ကန်ဆီကို ပျံ့သွားရာက ပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီနောက် ဆေးရုံအကြီးအကဲကို ဖမ်းဆီးဖို့ အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ်လ်ကာဟီမီက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ သေဆုံးသူ စုစုပေါင်း အနည်းဆုံး ၉၂ ဦး ရှိနေပြီး ၁၀၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။
"အီရတ်ပြည်သူတွေရဲ့ အသက်တွေကို မကာကွယ်ပေးနိုင်ဘူးဆိုတဲ့သဘော ။ ဒီလိုကြီးမားတဲ့ ဆုံးရှုံးမှုမျိုးတွေ ဆက်မဖြစ်အောင် အဆုံးသတ်ပစ်ဖို့ အချိန်ရောက်ပါပြီ" လို့ အီရတ်လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် အယ်လ်ဟာဘိုစီက ပြောပါတယ်။
ဆေးရုံရှေ့ မှာ လာဆန္ဒပြတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ရဲ ကား၂ စီးမီး ရှို့ခံရတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
အခုမီးလောင်သွားတဲ့ အဆောင်ဟာ လွန်ခဲ့တဲ့ ၃ လကမှ တည်ဆောက်ထားတဲ့ အဆောင်သစ်ဖြစ်ပြီး ခုတင် ၇၀ ဆံ့တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက အေအက်ဖ်ပီကို ပြောပါတယ်။
မီးစလောင်ချိန်မှာ အထဲမှာ အနည်းဆုံး လူ ၆၃ ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
"ကိုရိုနာဗိုင်းရပ်စ် အဆောင်ကနေ ပေါက်ကွဲသံ အကြီးကြီး ကြားလိုက်ပြီးတော့ ချက်ချင်းပဲ မီးထလောင် သွားတာပါ" လို့ ဆေးရုံစောင့်တစ်ယောက်က ပြောပါတယ်။
လက်ရှိမှာ မီးလောင်မှုဖြစ်ပွားရာမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။
ဧပြီလတုန်းကလည်း ဘက်ဂဒက်မြို့က ဆေးရုံတရုံမှာ အောက်ဆီဂျင်ကန် ပေါက်ကွဲရာက စခဲ့တဲ့ မီးလောင်မှုကြောင့် အနည်းဆုံး ၈၂ ဦး သေဆုံးပြီး ၁၁၀ ဒဏ်ရာရခဲ့ပါတယ်။
အဲ့ဒီ မီးလောင်မှုဖြစ်ပြီးနောက် ကျန်းမာရေးဝန်ကြီးလည်း ရာထူးကနုတ်ထွက်သွားပါတယ်။
စစ်ပွဲနဲ့ နှစ်ပေါင်းများစွာကြုံခဲ့ရတာတွေ အပြင် လျစ်လျူရှုမှု နဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် နဂိုကတည်းက အားနည်းမှုတွေရှိနေတဲ့ အီရတ်ကျန်းမာရေးစနစ်ဟာ အခုတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ပိုဆိုးရွားတဲ့ အခြေအနေကိုရောက်နေပါပြီ။
အီရတ်မှာ ကိုဗစ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၁.၄ သန်းရှိနေပြီဖြစ်ပြီး ၁၇၀၀၀ ကျော် ကိုဗစ်ကြောင့် သေဆုံးခဲ့ရတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ် သုတေသနဌာနက ဖော်ပြထားပါတယ်။
အကြမ်းဖျင်း စုစုပေါင်း လူဦးရေ သန်း၄၀လောက်ရှိတဲ့ အီရတ်နိုင်ငံမှာ အခုအချိန်ထိ လူ တစ်သန်း ကျော်ကို ပဲ ကာကွယ်ဆေး တစ်ကြိမ်ထိုးထားရသေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။