မြောက်ကိုရီးယားခေါင်းဆောင် ရုရှားသွားမယ်

မြောက်ကိုရီးယားနဲ့ရုရှားခေါင်းဆောင်တွေ ရုရှားမှာ ၂၀၁၉ ခုနှစ်တုန်းက တွေ့ဆုံမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားနဲ့ရုရှားခေါင်းဆောင်တွေ ရုရှားမှာ ၂၀၁၉ ခုနှစ်တုန်းက တွေ့ဆုံမှု

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ အခုလအတွင်း ရုရှားနိုင်ငံကို သွားရောက်ပြီး ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ယူကရိန်းမှာဖြစ်နေတဲ့ ရုရှားကျူးကျော်စစ်အတွက် ရုရှားကို မြောက်ကိုရီးယားက လက်နက်ထောက်ပံ့မယ့်အရေးလည်း ဆွေးနွေးနိုင်ခြေရှိတယ်လို့ အမေရိကန်အရာရှိတစ်ဦးရဲ့ပြောကြားချက်ကို ကိုးကားပြီး ဘီဘီစီရဲ့ မိတ်ဖက်သတင်းဌာန CBS က သတင်းဖော်ပြပါတယ်။

သူတို့ နှစ်ဦး ဘယ်နေရာမှာတွေ့ကြမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်လို့ မြောက်ကိုရီးယားဘက်ကရော၊ ရုရှားဘက်ကပါ မှတ်ချက်ပေးပြောဆိုတာမျိုး မရှိသေးပါဘူး။

နယူးယောက်တိုင်းစ် သတင်းစာကတော့ ကင်ဂျုံအွန်းဟာ သူ့ ပြည်ပခရီးစဥ်တွေမှာအသုံးပြုလေ့ရှိတဲ့ လုံခြုံရေးမြှင့်ကိုယ်ပိုင်ရထားကြီးနဲ့ ရုရှားသွားနိုင်ခြေရှိတယ်ဆိုပြီး သတင်းရင်းမြစ်တွေကို ကိုးကားပြောဆိုပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားကြား လက်နက်ပိုင်းဆိုင်ရာညှိနှိုင်းဆွေးနွေးမှုတွေ အတော်လေး ခရီးပေါက်နေပြီဆိုတဲ့ သတင်းရထားတယ်လို့ အမေရိကန်သမ္မတ အိမ်တော် အိမ်ဖြူတော်က ပြောဆိုပြီး မကြာခင်မှာပဲ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီး ဇူလိုင်လမှာ မြောက်ကိုရီးယားကို သွားရောက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရုရှားကာကွယ်ရေးဝန်ကြီး ဇူလိုင်လမှာ မြောက်ကိုရီးယားကို သွားရောက်ခဲ့

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေး ဂျွန်ခါဘီကတော့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးဟာ သူ့ရဲ့မကြာသေးခင်တုန်းက မြောက်ကိုရီးယား ခရီးစဥ်အတွင်း ''လက်နက်တွေရောင်းချဖို့ ပြုံယမ်းကို သိမ်းသွင်းပြောဆိုဖို့ ကြိုးစားခဲ့ဖူးတယ်'' လို့ပြောပါတယ်။

တွေ့ဆုံပွဲအတွင်း ပြသထားတဲ့လက်နက်တွေထဲမှာ တိုက်ချင်းပစ် ဟွာဆောင်းပဲ့ထိန်းဒုံးကျည်တွေလည်း ပါဝင်ပါတယ်။ ဒ့ါအပြင် ဒီတွေ့ဆုံပွဲဟာ မြောက်ကိုရီးယားခေါင်းဆောင်တစ်ယောက် ကိုဗစ်ကပ်ဘေးကာလကတည်းကဆိုရင် ပြည်ပဧည့်သည်တွေကို ပထမဆုံး ဝင်ခွင့်ပေးတာလည်းဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မစ္စတာ ပူတင်နဲ့ မစ္စတာ ကင်တို့ဟာ အဲဒီအချိန်ကတည်းက စာတွေ အပြန်အလှန်ပေးပို့ခဲ့ကြပြီး ''နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ '' ကတိကဝတ်တွေ ပြုထားတယ်လို့ သူက ပြောပါတယ်။

''မြောက်ကိုရီးယားအနေနဲ့ ရုရှားနဲ့ လက်နက်အရေးညှိနှိုင်းတာတွေကို လျှော့ဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်။ ရုရှားကို လက်နက် မရောင်းပါဘူး၊ မထောက်ပံ့ပါဘူးဆိုတဲ့ လူသိရှင်ကြားပြောထားတဲ့ကတိကဝတ်ကိုလည်း လိုက်နာဖို့ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်''လို့ မစ္စတာ ခါဘီက ပြောပါတယ်။

မြောက်ကိုရီးယားဘက်က ရုရှားကို လက်နက်ထောက်ပံ့မယ်ဆိုရင် အမေရိကန်အနေနဲ့ အရေးယူပိတ်ဆို့တာတွေအပါအဝင် တုံ့ပြန်တာတွေလုပ်သွားမယ်လို့လည်း သူက သတိပေးပြောဆိုပါတယ်။

ဒီအပေးအယူမျိုးကနေ မြောက်ကိုရီးယားက ဘာတွေပြန်ရမယ်ဆိုတာနဲ့ပတ်သက်လို့ လည်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စိုးရိမ်ချက်လည်း ရှိနေပါတယ်။

တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ကတော့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့လို ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့လည်း ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်သင့်တယ်ဆိုတဲ့အကြံပြုချက်မျိုး ရုရှားကာကွယ်ရေးဝန်ကြီးက သူ့ခရီးစဥ်အတွင်း ပြောထားတယ်လို့ ပြောပါတယ်။

နောက်ထပ် စိုးရိမ်ချက်ကတော့ အနာဂတ်မှာ မြောက်ကိုရီးယားဘက်က လိုအပ်တဲ့အချိန် ရုရှားဘက်ကနေ လက်နက်ထောက်ပံ့နိုင်ခြေဖြစ်ပါတယ်။

ပိုပြီးစိုးရိမ်နိုင်စရာအခြေအနေကတော့ ကင်ဂျုံအွန်းဟာ သူ့ရဲ့ နျူကလီးယားလက်နက်အစီအစဥ် မြှင့်နိုင်အောင် သမ္မတ ပူတင်ဆီကနေ ခေတ်မီလက်နက်နည်းပညာနဲ့ အသိပညာအကူအညီတောင်းနိုင်ခြေရှိပါတယ်။

ဒါပေမဲ့ သဘောတူညီချက်ဟာ ဗျူဟာကျကျအလွှဲအပြောင်းထက် အပေးအယူပုံစံမျိုးနဲ့ ပိုအဆုံးသတ်နိုင်ခြေရှိတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။ အခုအခြေအနေအရဆိုရင် ရုရှားက လက်နက်လိုအပ်နေပြီး ပိတ်ဆို့မှုဒဏ်ခံထားရတဲ့‌မြောက်ကိုရီးယားအတွက်တော့ ငွေကြေးနဲ့ ရိက္ခာလိုအပ်နေတာဖြစ်ပါတယ်။

နယူးယောက်တိုင်းမ်စ် သတင်းဌာနကတော့ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးပွဲဟာ ရုရှားနိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းက ဆိပ်ကမ်းမြို့ ဗလာဒီဗော့စတော့မှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နယူးယောက်တိုင်းမ်စ်ရဲ့ သံတမန်ရေးရာသတင်းထောက် အက်ဒဝပ် ဝမ်ကတော့ မြောက်ကိုရီးယားအရာရှိတွေအဖွဲ့ဟာ ဗလာဒီဗော့စတော့မြို့နဲ့ မော်စကိုကို ပြီးခဲ့တဲ့လမှာ ကြိုတင်သွားရောက်ထားတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

အဲဒီအရာရှိတွေထဲမှာ ''ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ခရီးသွားလာမှုမှာ သံတမန်ရေးအစီအစဥ်တွေနဲ့ ပတ်သက်တာတွေကို ဆောင်ရွက်တဲ့ လုံခြုံရေးအရာရှိတွေပါဝင်တာကြောင့် ဒါကို ထင်ရှားတဲ့ လက္ခဏာတစ်ခုအဖြစ် ကြည့်ကြတယ်" လို့ ဝမ်က ပြောပါတယ်။

ပြုံယမ်းနဲ့ မော်စကိုဘက်ကတော့ ယူကရိန်းမှာဖြစ်နေတဲ့ရုရှားစစ်ပွဲမှာ မြောက်ကိုရီးယားက ရုရှားကို လက်နက်တွေ ထောက်ပံ့နေတယ်ဆိုတာကို ငြင်းဆိုထားပါတယ်။

ဒီအတောအတွင်းမှာပဲ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာပြုလုပ်နေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲနဲ့ ဒေသတွင်းဆက်စပ်အစည်းအဝေးပွဲတွေကို တက်ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက မြောက်ကိုရီးယားရဲ့နျူကလီးယား ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ တောင်ကိုရီးယားနဲ့ အာဆီယံနိုင်ငံတွေ အင်အားပူးပေါင်းဖို့ လိုအပ်တယ်လို့ ထုတ်ပြောထားပါတယ်။