ထရမ့်နဲ့တွေ့ဖို့ ဗီယက်နမ်နိုင်ငံဆီ ကင်ဂျုံအွန်း ဘယ်လမ်းကနေ သွားမလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယား နိုင်ငံကနေ ဗီယက်နမ်နိုင်ငံဆီ ဒီလမ်းဟာ လူအများ သွားရိုးသွားစဉ် ခရီးလမ်း မဟုတ်ပါဘူး။ ဒါပေမယ့် မကြာခင်ရက်ပိုင်း ကျင်းပမယ့် အမေရိကန် သမ္မတ ထရမ့်နဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ဒီလမ်းကနေ သွားမယ့်ပုံ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။
တကယ်လို့ ဒီလမ်းကြောင်းအတိုင်းသာ သွားမယ် ဆိုရင် အနည်းဆုံး ၂ ရက်လောက်တော့ ကြာဖို့ ရှိပြီး ကင်ဂျုံအွန်း အနေနဲ့ ဟနွိုင်းမြို့ အရောက် မိုင်ပေါင်း ၁၈၆၀လောက် ရှည်တဲ့ ခရီး နှင်ရမှာပါ။
ဒါပေမယ့် ကင်ဂျုံအွန်းရဲ့ ခရီးစဉ်တွေကို များသောအားဖြင့် လျှို့ဝှက်ထားလေ့ ရှိပါတယ်။
စင်္ကာပူမှာ ထရမ့်နဲ့ ကင်ဂျုံအွန်းတို့ နှစ်ဦး နောက်ဆုံး တွေ့ခဲ့တုန်းကလည်း အလားတူပဲ ဖုံးကွယ် လျှို့ဝှက်မှုတွေ ဖုံးလွှမ်းနေခဲ့ပါတယ်။ အဲဒီတုန်းကတော့ ကင်ဂျုံအွန်း လေယာဉ်နဲ့ လာမယ် ဆိုတာ သေချာပေမယ့် ဘယ်လေယာဉ်နဲ့ လာမလဲ ဆိုတာ နောက်ဆုံးမိနစ်အထိ ဘယ်သူမှ အသေအချာ မသိခဲ့ကြပါဘူး။
အခုလည်း သူရောက်မလာမချင်း ဘယ်လမ်းကြောင်းကနေ ဘယ်လို လာမလဲ ဆိုတာ သိကြမယ့်ပုံ မရှိပါဘူး။
ဒါပေမယ့် သူလာနိုင်မယ့် ခရီးလမ်းကို မှန်းကြည့်ကြရအောင်ပါ။
ဘယ်လမ်းကြောင်းကို သူရွေးနိုင်သလဲ
ကင်ဂျုံအွန်း ဟာ အစိမ်းနဲ့ အဝါရောင် ကိုယ်ပိုင်ရထားကြီးနဲ့ ပြုံယမ်းမြို့ကနေ နယ်စပ် ဒွန်ဒန်းမြို့ကို ဖြတ်ပြီး တရုတ်နိုင်ငံထဲ ဝင်မယ်၊ အဲဒီကနေ ဗီယက်နမ် နိုင်ငံကို ဆက်သွားမယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယား မီဒီယာသတင်းတွေထဲမှာ စ ဖေါ်ပြခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ ကင်ဂျုံအွန်းဟာ ဗီယက်နမ်နိုင်ငံနယ်စပ် ဒွန်ဒန်းမြို့ရောက်ရင် ရထားပေါ်က ဆင်းပြီး ၁၀၅ မိုင်လောက် ဝေးတဲ့ ဟနွိုင်းမြို့ဆီ ကားနဲ့ ခရီးဆက်မယ်လို့ ရိုက်တာ သတင်းဌာနက သတင်းရပ်ကွက်တွေကို ကိုးကား ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ကင်ဂျုံအွန်းဟာ ဟနွိုင်းမြို့ကို ရထားနဲ့ တိုက်ရိုက်သွားမယ်လို့ မြောက်ကိုရီးယား သတင်းဌာနက အစောပိုင်းက ထင်ကြေးပေး ဖော်ပြခဲ့ပါတယ်။ အဲဒီလိုသာ တိုက်ရိုက် သွားမယ်ဆိုရင် ရထားလမ်းက ၄၁၅၃ ကီလိုမီတာလောက် ရှည်မှာ ဖြစ်ပါတယ်။
တကယ်လို့ ဟနွိုင်းကို တိုက်ရိုက် သွားမယ်ဆိုရင်တော့ ကင်ဂျုံအွန်း စီးလာတဲ့ ရထားဟာ ဂျာလမ် ဘူတာမှာ ရပ်မယ့်ပုံ ရှိတယ်လို့ ရထားခရီးစဉ် မြေပုံ ဆွဲတဲ့ မာ့ခ် စမစ် က ဘီဘီစီကို ပြောပါတယ်။
ကင်ဂျုံအွန်းရဲ့ ရထားနဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့ ရထား သံလမ်းက တမျိုးထဲ ရှိပြီး အဲဒီဘူတာမှာပဲ ဒီသံလမ်းမျိုး ရှိတယ်လို့ သူက ပြောပါတယ်။
ခရီးက ဘယ်လောက်ကြာနိုင်သလဲ
ရိုက်တာ သတင်းဌာနရဲ့ အဆိုအရ ခရီးစဉ်က အနည်းဆုံး ၂ ရက်ခွဲလောက် ကြာနိုင်တယ်လို့ ဆိုပါတယ်။
ဒီ့အတွက် ကင်ဂျုံအွန်းဟာ ဗီယက်နမ်နိုင်ငံကို အချိန်မီ ရောက်နိုင်ဖို့အတွက် တနင်္လာနေ့လောက်ကတည်းက မြောက်ကိုရီးယားနိုင်ငံကနေ ကြိုထွက်ရမှာပါ။ ဖေဖော်ဝါရီလ ၂၇ ရက်နဲ့ ၂၈ ရက်မှာ သမ္မတ ထရမ့်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ခရီးချိန် ဘယ်လောက် ကြာမလဲ ဆိုတာက ဒွန်ဒန်းကနေ ကားနဲ့ သွားမလား ဒါမှမဟုတ် ဟနွိုင်းကို ရထားနဲ့ တိုက်ရိုက် သွားမလား ဆိုတာအပေါ် မူတည်ပါလိမ့်မယ်။
တကယ်လို့ ရထားနဲ့ တိုက်ရိုက်သွားရင်တော့ ၃ ညအိပ်လောက် ကြာနိုင်တယ်လို့ မစ္စတာ စမစ်က ပြောပါတယ်။
ပြုံယမ်းကနေ ဘေဂျင်းကို ၂၄ နာရီထက် မနည်းကြာနိုင်တယ်။ အဲဒီနောက် ဘေဂျင်းကနေ ဟနွိုင်းကို ၂ ရက်လောက် ကြာနိုင်တယ်လို့ မစ္စတာ စမစ်က ပြောပါတယ်။ သူ့ရထားက တနာရီကို ကီလိုမီတာ ၁၆၀ ထက်ကျော်ပြီး မောင်းမယ့်ပုံ မရှိဘူးလို့ ဆိုပါတယ်။
ကင်ဂျုံအွန်း ဘာ့ကြောင့် ရထားနဲ့ သွားမှာလဲ
ဒီလောက် ခရီးရှည်ကြီးကို ရထားနဲ့ ကင်ဂျုံအွန်း ဘာ့ကြောင့်သွားချင်မှာလဲ ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။
သူ့ဖခင် ကင်ဂျုံအီးနဲ့ အဖိုး ကင်အီဆွန်းတို့ဟာ လေယာဉ် စီးရမှာ ကြောက်တတ်ကြပြီး လေကြောင်းနဲ့ ခရီးသွားတာကို ရှောင်လေ့ ရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
ကင်ဂျုံအွန်းကတော့ ဇွန်လ ထိပ်သီးဆွေးနွေးပွဲတုန်းက မြောက်ကိုရီးယားကနေ စင်္ကာပူကို အဲချိုင်းနား တရုတ်လေကြောင်းနဲ့ သွားခဲ့တာမို့ ဒီလို ပြဿနာမျိုး ရှိမယ့်ပုံ မတွေ့ရပါဘူး။
ဒါပေမယ့်လည်း ရထားနဲ့ ခရီးသွားတာက လေယာဉ်နဲ့ သွားတာထက် ပို သက်တောင့် သက်သာ ရှိနိုင်တယ်လို့ မစ္စတာ စမစ်က ဆိုပါတယ်။
ကင်ဂျုံအွန်းရဲ့ ရထားမှာ ရုံးခန်း၊ ဧည့်ခန်း၊ အိပ်ခန်းတွေ ပါမယ့်ပုံ ရှိတယ်လို့ သူက ပြောပါတယ်။
ရထားပေါ်မှာ လမ်းလျှောက်ဖို့ နေရာရှိတယ်၊ လမ်းမှာ အလုပ်လည်း အပြီးလုပ်သွားနိုင်တယ် ဆိုတော့ ရောက်သွားတဲ့အချိန်မှာ စိတ်ပေါ့ပါး လန်းဆန်းနေမှာပေါ့၊ အပျော်စီး သင်္ဘော စီးရသလိုမျိုးနဲ့ ပိုတူပါလိမ့်မယ်လို့ မစ္စတာ စမစ်က ရှင်းပြပါတယ်။
ထိပ်သီးဆွေးနွေးပွဲကို ဘာ့ကြောင့် ဗီယက်နမ်မှာ ကျင်းပတာလဲ
ဒီနေရာကို စံထား ရွေးချယ်ရတာ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဗီယက်နမ်နိုင်ငံဟာ တချိန်တုန်းက အမေရိကန်နဲ့ ရန်သူ ဖြစ်ခဲ့ဖူးပေမယ့် အမေရိကန်နဲ့ရော မြောက်ကိုရီးယားနဲ့ပါ သံတမန် ဆက်ဆံရေး ထားရှိတဲ့ နိုင်ငံဖြစ်ပြီး အတိတ်က မကျေနပ်ချက်တွေကို အတိတ်မှာပဲ ထားခဲ့ပြီး နှစ်နိုင်ငံ အတူ လက်တွဲ ဆောင်ရွက်တဲ့ စံနမူနာအနေနဲ့ ဗီယက်နမ်ကို အမေရိကန်က ရွေးချယ်ခဲ့ပုံ ရပါတယ်။
နိုင်ငံရေး သဘောအရ ကြည့်မယ် ဆိုရင် ဗီယက်နမ်ရော မြောက်ကိုရီးယားပါ ကွန်မြူနစ်နိုင်ငံတွေ ဖြစ်ကြပါတယ်။ ဗီယက်နမ်ကတော့ တမဟုတ်ချင်း တိုးတက် ဖွံ့ဖြိုးလာခဲ့ပြီး အာရှမှာ စီးပွားရေး တရှိန်ထိုး တိုးတက်လာနေတဲ့ နိုင်ငံတွေထဲမှာ တခု ဖြစ်လာခဲ့ပါတယ်။








