မြောက်ကိုရီးယားနဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ထရမ့်ကြေညာ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ဒုတိယအကြိမ် ထိပ်သီး ဆွေးနွေးပွဲကို ဒီလထဲမှာ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။
နှစ်စဉ် ဇန်နဝါရီလတိုင်း ကွန်ဂရက်လွှတ်တော်မှာ ပြောရလေ့ရှိတဲ့ ပြည်ထောင်စု အခြေပြ မိန့်ခွန်းမှာ သမ္မတ ထရမ့်က ထိပ်သီးဆွေးနွေးပွဲ အကြောင်းကို ပြောခဲ့တာပါ။
"ကြီးမြတ်မှုကို ရွေးချယ်ခြင်း" ခေါင်းစဉ်နဲ့ တိုင်းပြည်ကို တင်ပြတဲ့ မိန့်ခွန်းမှာ နယ်စပ်တံတိုင်း တည်ဆောက်မယ် ဆိုတာကိုလည်း ထပ်လောင်း ကတိပြုခဲ့ပါတယ်။
တိုင်းပြည်မှာ ညီညွတ်ကြဖို့လည်း ရီဘတ်ပလစ်ကန် သမ္မတ ထရမ့်က တောင်းဆိုလိုက်ပြီး ဒီမိုကရက်တစ်တွေက အဓိပ္ပာယ်မဲ့ တစ်ဖက်သတ်ကျလွန်းတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေတာက နိုင်ငံရဲ့ ကြီးပွားချမ်းသာမှုကို ထိခိုက်စေတယ်လို့ ပြောပါတယ်။
သမ္မတထရမ့်ဟာ အမေရိကန် တန်ဖိုးတွေကို စွန့်ခွာနေတယ်လို့ ဒီမိုကရက်တွေကတော့ ပြန်လည် ချေပ စွပ်စွဲခဲ့ပါတယ်။
လူကြည့်အများဆုံး အချိန်မှာ ပြောခဲ့တဲ့ သမ္မတထရမ့်ရဲ့ မိန့်ခွန်းဟာ အမေရိကန်သမိုင်းမှာ စံချိန်တင် အစိုးရ ယန္တရား တစ်စိတ်တစ်ပိုင်း ရပ်တန့်ခဲ့ပြီး နောက်ပိုင်းမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
သမ္မတ ထရမ့်က အမေရိကန်-မက္ကစီကို နယ်ခြား တံတိုင်း တည်ဆောက်ဖို့ ရန်ပုံငွေ တောင်းခံခဲ့လို့ ပြည်ထောင်စု အစိုးရ အဖွဲ့ လုပ်ငန်း တချို့ ယာယီ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒီတောင်းဆိုချက်ကို ပြိုင်ဘက် ဒီမိုကရက်တွေက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့လို့ နောက်ဆုံးမှာ သမ္မတ ထရမ့်က နောက်ဆုတ် အလျှော့ပေးခဲ့ရပါတယ်။
မြောက်ကိုရီးယား အရေး သမ္မတ ထရမ့် ဘာပြောခဲ့လဲ
ဖေဖော်ဝါရီလ ၂၇-၂၈ ရက် ဗီယက်နမ်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့မယ်လို့ သမ္မတထရမ့်က ဆိုပါတယ်။
၂၀၁၈ ခုနှစ် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲပြီးကတည်းက ခေါင်းဆောင် နှစ်ဦး ဒုတိယအကြိမ် ထပ်တွေ့ဖို့ကို စီစဉ်နေခဲ့တာပါ။ မနှစ် ဇွန်လတုန်းက တွေ့ဆုံခဲ့တဲ့ စင်္ကာပူ ထိပ်သီးပွဲဟာ သမ္မတ ရာထူးလက်ရှိ အမေရိကန် သမ္မတ တစ်ဦးနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ခဲ့ပါတယ်။
"မြောက်ကိုရီးယားမှာ ဖမ်းခံခဲ့ရသူတွေလည်း အိမ်ပြန်ရောက်ပြီ၊ နျူကလီးယား စမ်းသပ်မှုတွေလည်း ရပ်ပြီ၊ ပြီးခဲ့တဲ့ ၁၅ လ အတွင်း ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုတွေလည်း မရှိခဲ့ဘူး" လို့ သမ္မတ ထရမ့်က ပြောပါတယ်။
သူသာ အမေရိကန် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း မခံရရင် ဒီအချိန်မှာ မြောက်ကိုရီးယားနဲ့ စစ်ပွဲကြီး တစ်ပွဲ ဆင်နွှဲနေရပြီလို့လည်း မစ္စတာ ထရမ့်က ဆိုပါတယ်။
အလုပ်တွေ အများကြီး လုပ်ဖို့ ကျန်သေးပေမယ့် သူနဲ့ ကင်ဂျုံအွန်းနဲ့ ဆက်ဆံရေးက ကောင်းနေတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။










