အမေရိကန် အစိုးရ ယန္တရား ရပ်တန့်မှု အဆုံးသတ်ရေး ထရမ့် အပေးအယူလုပ်

ဓာတ်ပုံ ရင်းမြစ်, AFP
ရက်သတ္တပတ် ၄ ပတ်ကျော်ကြာ ရှိနေပြီဖြစ်တဲ့ အစိုးရ လုပ်ငန်း စဉ်တွေ ရပ်ဆိုင်းထားရမှု အဆင်ပြေဖို့ အတွက် သမ္မတ ဒေါ်နယ် ထရမ့်က အစီအစဉ် တခု ကို ချပြ ခဲ့ပါတယ်။
ဒေါ်နယ် ထရမ့် ပြောဆို ခဲ့တဲ့ အထဲမှာ ဒရင်းမာလို့ ခေါ်တဲ့ အသက်ငယ်ရွယ် သူတွေ အမေရိကန် နိုင်ငံကို ဝင်ရောက် လာမှု အပေါ်မှာ ချွင်းချက် ထား ပေးမယ် ဆိုတဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။
ဒါပေမယ့် မက္ကဆီကို နိုင်ငံ နဲ့ နယ်စပ်မှာ တံတိုင်း ကာရံ ဖို့ အတွက် ဘဏ္ဍာရေး အစီအစဉ်ထဲမှာ ဒေါ်လာ ၅.၇ ဘီလီယံ ကို ထည့်သွင်း တောင်းဆိုလျှက် ရှိဆဲပါ။
ဒါကို ဒီမိုကရက် ခေါင်းဆောင်တွေက ကန့်ကွက် နေကြပြီး သူ့မိန့်ခွန်း မတိုင် ခင် ကတည်း က ဆန့်ကျင်မှုတွေ၊ ပြစ်တင် ဝေဖန်မှုတွေက ရှိနေခဲ့တာပါ။
အခု ဆိုရင် အမေရိကန် နိုင်ငံမှာ အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်း နေရမှု က သမိုင်းဝင် အချိန်ကာလ အကြန့်ကြာဆုံး အဖြစ် ရပ်တည် နေပြီး ပြည်ထောင်စု အစိုးရ ဝန်ထမ်း ရှစ်သိန်း ဟာ လစာ မရရှိသေးပါဘူး။
ဒေါ်နယ် ထရမ့် က သူ့ရဲ့ မိန့်ခွန်းထဲမှာ အမေရိကန် ဟာ ရွှေ့ပြောင်း ဝင်ရောက် လာသူတွေ အတွက် အမြဲ ဂုဏ်ယူ နေခဲ့တဲ့ ကာလ ရှည်ကြာ သမိုင်းကြောင်း ရှိခဲ့ ပေမယ့် လူဝင်မှု ကြီးကြပ်ရေး စနစ် ကတော့ ပျက်ယွင်း သွားခဲ့ပြီလို့ ဆိုခဲ့ပါတယ်။
သူ့ အနေနဲ့ အစိုးရ ယန္တရား လုပ်ငန်းစဉ် တွေ ရပ်တန့် နေရမှု အတွက် ကွန်ကရက် နဲ့ အကြား အပေးအယူ လုပ်ဖို့ အဆင်သင့်ပဲလို့ လည်း ပြောခဲ့ပါတယ်။
မက္ကဆီကို နယ်စပ်မှာ တံတိုင်း ဆောက်လုပ်တဲ့ ရည်ရွယ်ချက် ကလည်း နှစ်စဉ် နှစ်တိုင်း အမြဲ ဆောက်လုပ် နေမှာ မဟုတ်ဘဲ၊ အဓိက ကျတဲ့ နေရာ တွေ မှာ တကြိမ်တခါပဲ သံမဏိ အတားအဆီးတွေ တည်ဆောက် ဖို့ ဖြစ်တယ်လို့ ဆိုခဲ့ပြီး ကုန်ကျ စားရိတ် ဒေါ်လာ ၅.၇ ဘီလီယံ ကို ဆက်လက် တောင်းခံ နေဆဲ ဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ လောလောလတ်လတ် အဆိုပြုချက်ကြောင့် ဒရင်းမာ လို့ ခေါ်တဲ့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူ မိဘ နှစ်ပါး က မွေးဖွားလာသူတွေ နဲ့ Temporary Protection Status အရ ယာယီ ခိုလှုံ ခွင့် ပေးထားတဲ့ သူတွေဟာ ထိခိုက် မှုတွေ ရှိနိုင်ပါတယ်။
လောလောဆယ်မှာ အမေရိကန်မှာ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက် လာကြတဲ့ မိဘ တွေကနေ မွေးဖွား လာပြီး တိုင်းပြည်ကနေ နှင်ထုတ်ခွင့် မရှိဘဲ အကာအကွယ် ပေး နေထိုင်ခွင့်ပေးထားရတဲ့ လူဦးရေ က ခုနှစ်သိန်း ရှိပါတယ်။
သူတို့ဟာ အလုပ်လုပ်ကိုင်ခွင့် ရကြပေမယ့် နိုင်ငံသား အဖြစ် လျှောက်ထား ခွင့်တော့ မရှိပါဘူး။ ဒီကိစ္စ ကို မစ္စတာ ထရမ့် က ပယ်ဖျက်ဖို့ ကြိုးစား နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလူတွေ အတွက် နေထိုင်ခွင့် ပါမစ် ကို နောက်ထပ် သုံးနှစ် ထပ်တိုးပေးပြီး အလုပ်လုပ်ကိုင်ခွင့်ကိုလည်း ပေးမယ်လို့ ဒေါ်နယ် ထရမ့် ကဆိုထားပါတယ်။
နောက်ပြီး ကမ္ဘာ့ နေရာ အနှံ့က စစ်ပွဲတွေ၊ ဘေး အန္တရာယ် ဆိုးတွေ ကနေ ထွက်ပြေးပြီး ယာယီ နေထိုင်ခွင့် ရထားတဲ့ လူဦးရေ က သုံးသိန်း နီးပါး ရှိပါတယ်။ သူတို့ဟာလည်း အလုပ်လုပ်ခွင့် ရထားပါတယ်။ ဒီကိစ္စကို မစ္စတာ ထရမ့် က ပြောင်းလဲ ပြင်ဆင် နိုင်ဖို့ စီစဉ် နေတာပါ။
သမ္မတ ထရမ့် ဟာ နောက်ထပ် ကမ်းလှမ်းမှုတွေလည်း လုပ်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် ဒေါ်လာ သန်း ၈၀၀ သုံးစွဲဖို့ လူ နှစ်ထောင် ကျော် ကို နယ်စပ် လုံခြုံရေး အဖြစ် တိုးချဲ့ ခန့်အပ်ဖို့နဲ့ လူ ၇၅ ဦးပါ လူဝင်မှု ကြီးကြပ်ရေး အဆုံးအဖြစ် ပေးရမယ့် တရားရေး ဝန်ထမ်း အဖွဲ့ ခန့်အပ်ဖို့ တွေပါရှိပါတယ်။ ဒါတွေကလည်း ဒီမိုကရက် ပါတီ က အမတ်တွေ ရဲ့ အကြံပြု တောင်းဆိုမှုတွေကို သမ္မတ ဘက်က လိုက်လျော ပေးခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ကမ်းလှမ်းချက်ဟာ မျှတပြီး လက်တွေ့ကြတာကြောင့် ကွန်ကရက် နဲ့ အိမ်ဖြူတော် အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက် နိုင်လိမ့်မယ်လို့လည်း ယုံကြည်ကြောင်း သမ္မတ ထရမ့် က ပြောဆို ခဲ့ပါတယ်။












