နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ မြောက်ကိုရီးယားကပထမဆုံးအကြိမ် ထုတ်ပြ

ဂျင်းမက်ကင်ဇီ၊ ဆိုးလ်သတင်းထောက်

မြောက်ကိုးရီးယားနိုင်ငံပိုင် မီဒီယာတွေမှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေလို့ ဖော်ပြနေတဲ့ လက်နက်တွေနဲ့ အတူ ကင်ဂျုံအွန်းကို တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, Rodong sinmun

ဓာတ်ပုံ ပုံစာ, မြောက်ကိုးရီးယားနိုင်ငံပိုင် မီဒီယာတွေမှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေလို့ ဖော်ပြနေတဲ့ လက်နက်တွေနဲ့ အတူ ကင်ဂျုံအွန်းကို တွေ့ရစဥ်

တာတိုပစ်ဒုံးကျည်တွေမှာ တပ်ဆင်ပစ်ခတ်နိုင်တဲ့ နျူကလီးယားထိပ်ဖူး အသေးစားတွေကို မြောက်ကိုရီးယားက ပထမဆုံး ထုတ်ပြလိုက်ပါတယ်။

တောင်ကိုးရီးယားက ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ နည်းဗျူဟာမြောက် နျူလက်နက်တွေ သူတို့မှာ ရှိနေပြီဆိုတာ မြောက်ကိုရီးယားက အရင်ကတည်းက အခိုင်အမာထုတ်ပြောနေတာ ကြာပါပြီ။

ဒါပေမယ့် အင်္ဂါနေ့က သူတို့ နိုင်ငံပိုင်သတင်းစာမှာ သက်သေအထောက်အထား ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အဲ့ဒီလက်နက်တွေ အစစ် ဟုတ်မဟုတ်ဆိုတာကိုတော့ အတည်ပြုလို့ မရနိုင်ပါဘူး။ မြောက်ကိုရီး ယားက အဲဒီလက်နက်တွေကို စမ်းသပ်မပြီးသေးခင်အထိတော့ ခန့်မှန်းတဲ့ အဆင့်မှာပဲ ရှိနေဦးမှာပါ။

တောင်ကိုရီးယားကို နျူကလီယားနဲ့ ခြိမ်းခြောက်တဲ့အနေနဲ့ လွန်ခဲ့တဲ့နှစ်ပတ်ကလည်း နျူကလီးယား ရေအောက်တိုက်ခိုက်ရေး ဒရုန်းတစ်ခုကို မြောက်ကိုရီးယားက စမ်းသပ်ပြခဲ့ပါတယ်။

လတ်တလော စမ်းသပ်ပစ်လွှတ်နေတဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေကို ခြေရာခံနိုင်ဖို့ ခက်ခဲတယ်လို့လည်း ဝန်ခံထားကြပါတယ်။ ဒီစမ်းသပ်မှုတွေဟာ အရင်တုန်းက သတင်းတွေမှာ ဖော်ပြနေကျ စမ်းသပ်မှုပုံစံမျိုးတွေနဲ့ မတူပေမဲ့ အဲဒါတွေ အားလုံးကို တစုတစည်းတည်း ကြည့်လိုက်ရင် လေ့လာစရာတွေ အများကြီးရှိနေပါတယ်။

လွန်ခဲ့တဲ့နှစ်များစွာအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို ဒဏ်ခတ်ဖို့ စီစဥ်ထားတဲ့အကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ရေးမဟာမိတ်တွေဖြစ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံရဲ့ ပူးတွဲစစ်ရေး လေ့ ကျင့်မှုထဲမှာ မြောက်ကိုရီးယားကို တိုက်ခိုက် အနိုင်ယူနိုင်တဲ့နည်းကိုလည်း ထည့်သွင်းလေ့ ကျင့်ခဲ့တာရှိပါတယ်။ သူတို့နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်နေကြတဲ့ မြင်ကွင်းတွေက မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကို နှစ်သက်သဘောကျတဲ့ မြင်ကွင်း မဟုတ်တာတော့ သေချာပါတယ်။

အရင်တုန်းကလည်း မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ အမေရိကန်ပူးတွဲ စစ်ရေးလေ့ကျင့် မှုကို တုံ့ပြန်တဲ့အနေနဲ့ တာတို၊ တာလတ်၊ တာဝေးပစ် ဒုံးကျည်တွေနဲ့ အမြောက်ကျည်တချို့ စမ်း သပ်ပစ်ခတ် တုံ့ပြန်လေ့ရှိပါတယ်။

နှစ်ပတ်ကျော်အချိန်တွင်း ဒီတစ်ကြိမ်စမ်းသပ်မှုထဲမှာ သဘောတရားအရ အမေရိကန်ရဲ့ ဘယ်နေရာထိမဆို ရောက်နိုင်တဲ့ အင်အားအပြင်းဆုံး တိုက်ချင်းပစ်ဒုံး ကျည်တစ်စင်းကို မြောက်ကိုရီးယားက စမ်းသပ်လွှတ်တင်ခဲ့ပါတယ်။

ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေကို ရေငုပ်သင်္ဘောတစ်စင်းနဲ့ မြေအောက်စခန်းတစ်ခုကနေ ပစ်ခတ်ခဲ့တာပါ။ မြောက်ကိုရီးယားစစ်တပ်က တောင်ကိုးရီးယား လေယာဉ်ကွင်း တစ်ကွင်းကို နျူကလီယားတိုက်ခိုက်မှု ပြုလုပ်တဲ့ပုံစံမျိုး လေ့ကျင့်ခဲ့ပါတယ်။

ဒါ့အပြင် ကင်ဂျုံအွန်းက “အလွန်ပြင်းထန်တဲ့ ရေဒီယိုသတ္တိကြွ ဆူနာမီ”လှိုင်းတွေ ဖြစ်ပေါ် လာစေနိုင်ပြီး၊ရန်သူစစ်သင်္ဘောတွေကို ဖျက်ဆီးနိုင်တဲ့ နျူလက်နက် တပ်ဆင်ပစ်ခတ်နိုင်တဲ့ ရေအောက် ဒရုန်းအသစ်တစ်ခုကို ထုတ်ဖော်စမ်းသပ်ပြခဲ့ပါသေးတယ်။

ဒီအပေါ်မှာဖော်ပြထားတဲ့ ပုံထဲက နျူကလီးထိပ်ဖူးတွေကို အဲ့ဒီလက်နက်တွေမှာ တပ်ဆင် ပစ်ခတ်လို့ရတယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ထားပါတယ်။

မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ ခွဲခြမ်းစိတ်ဖြာလေ့လာသူ အီလန်ကင်က ဒီစစ်လက်နက်ပစ္စည်းပြသမှုတွေကို "မြောက်ကိုရီးယားရဲ့ ဖက်ရှင်ရှိုးတစ်ခု"လို့ ဖော်ပြခဲ့ပါတယ်။ Dior စတိုင် ဂျာကင်အင်္ကျီလေးဝတ်ထားတဲ့ ကင်ဂျုံအွန်းရဲ့ သမီးလေးကိုလည်း ဒုံးကျည် လွှတ်တင်မှုတစ်ခုမှာ တွေ့ရပါတယ်။

အခုရာသီ မြောက်ကိုရီးယားက စုစည်းပြသလာတဲ့ လက်နက်တွေဟာ အရင်ကထုတ်ပြခဲ့တဲ့ လက်နက်တွေနဲ့ မတူညီတဲ့အပေါ် လည်း ကင်အပါအဝင် လေ့လာသုံးသပ်သူအများစုက စိုးရိမ်မှု တွေရှိနေကြပါတယ်။

မြောက်ကိုရီးယားက နောက်ဆုံး ထုတ်ပြလိုက်တဲ့ လက်နက်အသစ်တွေက အမေရိကန်၊ တောင် ကိုရီးယားနဲ့ ဂျပန်တို့ကို ရေကြောင်းနဲ့ မြေပြင်ကနေ ပစ်ခတ်နိုင်တဲ့ လက်နက်တွေဖြစ်ပါတယ်။

"အရင်တုန်းကတော့ သူတို့ ရေငုပ်သင်္ဘောတွေကနေ ခရုဇ်ဒုံးကျည်တွေ၊ ဒါမှမဟုတ် မြေအောက်ကနေ ဒုံးကျည်တွေ ပစ်လွှတ်နိုင်တယ်ဆိုတာ ကျွန်မတို့ မသိခဲ့ကြဘူး။ သူတို့ရဲ့လက်နက်တွေကို ခြေရာခံဖို့ ကြားဖြတ်လေ့လာနိုင်ဖို့ ပိုခက်ခဲလာတယ်" လို့ မစ္စကင်က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ရေအောက်လက်နက် စမ်းသပ်မှုက စိုးရိမ်စရာဖြစ်လာနေ

ဓာတ်ပုံ ရင်းမြစ်, KCNA

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားရဲ့ ရေအောက်လက်နက် စမ်းသပ်မှုက စိုးရိမ်စရာဖြစ်လာနေ

ဒီအနေအထားက မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို မြင့်တက်လာစေတယ်လို့ ပြောနိုင်ပါတယ်။

ရေငုပ်သင်္ဘောက ပစ်လွှတ်ခဲ့တဲ့ ခရုစ်ဒုံးကျည်တွေကို နမူနာအဖြစ် ကြည့်ကြည့်ပါ။ အဆိုပါဒုံး ကျည်တွေဟာ ဆိုးလ်မြို့ Asan Instituteက လက်နက်ကျွမ်းကျင်သူ Yang Ukကို စိုးရိမ်မှုတွေ အမြင့်ဆုံး ဖြစ်ပေါ်လာစေပါတယ်။

ရေအောက်ကနေ ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်တာက မပစ်မီမှာ သိနိုင်ဖို့ အခက်အခဲရှိတယ် ဆိုတာ သူက ရှင်းပြပါတယ်။ ပစ်လွှတ်လိုက်တဲ့ ခရုစ်ဒုံးကျည်တွေက နိမ့်နိမ့်ပျံနိုင်ပြီး ဒုံးကျည် ကာ ကွယ်ရေးစနစ်ကိုပါ ကျော်ဖြတ်နိုင်စွမ်းရှိတယ်ဆိုတာလည်း သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက သူတို့လက်နက်တွေ အသုံးမပြုနိုင်ခင်မှာ အမေရိ ကန်က သူတို့ကို အရင်တိုက်ခိုက်လာမှာကို အမြဲကြောက်လန့်နေတဲ့သူပါ။

သူတို့နိုင်ငံရဲ့ နောက်ဆုံးလက်နက် စမ်းသပ်မှုအရ မြောက်ကိုရီးယားဟာ ပြန်လည်တိုက်ခိုက်နိုင် စွမ်းရှိနေပြီ သို့မဟုတ် အရင်ဆုံးလက်ဦးမှုယူတိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတာ ကင်ဂျုံအွန်းက သတင်းစကား ပါးချင်နေတာပါ။

လက်တွေ့မှာလည်း မြေအောက် သို့မဟုတ် ရေအောက်မှာ ဖွက်ထားတဲ့ လက်နက်တွေကို ဖျက်ဆီးဖို့ က အခက်အခဲရှိပါတယ်။

တစ်နည်းပြောရရင် ကင်ဂျုံအွန်းက “ငါတို့ကို တိုက်ခိုက်ဖို့ မစဉ်းစားနဲ့”လို့ အားလုံးကို သတိပေး လိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားစရာရှိတာက ကင်ဂျုံအွန်းဟာ သူ့စစ်တပ်ရဲ့ စွမ်းရည်ကို ချဲ့ကား ပြောဆိုတတ်တဲ့ သဘောထားရှိနေတာပါ။

အဲဒီဒုံးကျည်တွေမှာ တပ်ဆင်ပစ်လွှတ်နိုင်တဲ့ နျူကလီးယားထိပ်ဖူးတွေ မြောက်ကိုရီး ယားမှာ အမှန်တကယ် ရှိမရှိဆိုတာကလည်း မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေပါတယ်။

မကြာသေးခင်က ထုတ်ပြခဲ့တဲ့ လက်နက်အများစုဟာ အလွန်သေးငယ်ပေါ့ပါးတဲ့ ထိပ်ဖူးကိုပဲ သယ်ဆောင်နိုင်တာပါ။ အခုအချိန်အထိလည်း မြောက်ကိုရီးယားက အဲ့ဒီနည်းပညာကို စမ်းသပ် အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေ မတွေ့ရသေးပါဘူး။

အင်္ဂါနေ့မှာတော့ ကင်ဂျုံအွန်းက ပထမဆုံး အထောက်အထားတွေ ထုတ်ပြခဲ့ပါတယ်။ မြောက် ကိုရီးယားအစိုးရက ထိန်းချုပ်ထားတဲ့ သတင်းစာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေမှာ ကင်ဂျုံအွန်းက သေးငယ်တဲ့ နျူကလီးယား ထိပ်ဖူးအသေးစားတွေကို လိုက်လံစစ်ဆေးနေတဲ့ ပုံတွေဖော်ပြ တာတွေ့ရပါတယ်။

ဒါပေမယ့် အဲ့ဒီထိပ်ဖူးတွေက သူတို့ပြောသလို နျူကလီးယားထိပ်ဖူးတွေဖြစ်တယ်ဆိုတာ အတည် ပြုနိုင်တဲ့ နည်းလမ်းလည်းမရှိပါဘူး။ဒါကြောင့် ထောက်လှမ်းရေးအသိုင်းအဝိုင်းအနေနဲ့ နျူကလီးယားစမ်းသပ်မှုကို အခက်အခဲတွေကြားက ရင်တမမနဲ့ စောင့်ကြည့်နေရတာ ကြာပါပြီ။

မြောက်ကိုရီးယားက အသေးစား နျူကလီးယားထိပ်ဖူးတွေ အများအပြားထုတ်လုပ်နိုင်လာရင် ခြိမ်းခြောက်မှုတွေ တကယ် ဖြစ်လာပြီး၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို နျူလက်နက်တွေနဲ့ တိုက်ခိုက်တဲ့အထိ ဆက်ဖြစ်လာနိုင်ပါတယ်။

ဒီနျူကလီးယားစမ်းသပ်မှုတွေကို ဟန့်တားနိုင်ဖို့ အရေး မြောက်ကိုရီးယားကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းဆီ ပြန်ပို့ဖို့ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပိုလုပ်ဆောင်သင့်တယ်လို့ ပြောဆိုနေတာနဲ့ပတ်သက်ပြီး အငြင်းအခုန်တွေလည်းရှိနေပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား နှစ်ဘက် ဆွေးနွေးပွဲတွေ ရပ်တန့်နေတဲ့အချိန်ကလည်း လေးနှစ်ကျော်ကြာနေပါပြီ။ ဒါပေမဲ့ လက်ရှိမှာလည်း မြောက်ကိုရီးယားအစိုးရဘက်က တွေ့ဆုံ စကားပြောချင်တဲ့ အရိပ်အယောင်တွေလည်း မတွေ့ရပါဘူး။ တွေ့ဆုံမှုကနေ အကျိုးအမြတ် အများဆုံး ရနိုင်တဲ့အချိန်ကိုပဲ မြောက်ကိုရီးယားက ရွေးချယ်ပြီး လုပ်လေ့ရှိပါတယ်။

KCNA

ဓာတ်ပုံ ရင်းမြစ်, KCNA

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားကို အပြစ်ပေးအရေးယူဖို့ ကြိုးစားရင်လည်း တရုတ်နဲ့ ရုရှားတို့က အမြဲကန့်ကွက်တာကြောင့် ဘာမှအဖြေမထွက်တဲ့အတွက် မြောက်ကိုရီး ယားက လက်နက်တွေ ဆက်ထုတ်လုပ်နိုင်မှာ သေချာပါတယ်။

ဒါဆိုရင် ဘာလို့ အခု ရပ်လိုက်တာလဲ။ သူတို့လက်နက်တွေထဲမှာ အဲ့ထက်ပိုအား‌ကောင်းတဲ့ လက်နက် တွေရှိ‌သေးရင် ထပ်ထုတ်ပြဖို့ အခြေကလည်း ထပ်ဖြစ်လာဖို့ ရှိပါတယ်။

အခုလို နျူကလီးယားထိပ်ဖူး အသေးစား တွေအပြင်၊ တိုက်ကြီးတစ်တိုက်လုံးကို ကျော်ပစ်နိုင်တဲ့ ပုံမှန်အရွယ်အစား ထိပ်ဖူးတွေကိုပါ ထုတ်ပြလာနိုင်တဲ့ သဘောရှိပါတယ်။

လက်ရှိမှာလည်း မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်တွေကို အာကာသထဲကို စမ်းသပ် ပစ်လွှတ်နေပါတယ်။

ပစ်လွှတ်ခြင်းမပြုမီ လောင်စာဆီမသုံးဘဲ ပစ်လွှတ်နိုင်တဲ့ ပိုမိုခေတ်မီဆန်းပြားတဲ့ တိုက်ချင်း ပစ်ဒုံးကျည် နည်းပညာတွေရဖို့လည်း မြောက်ကိုရီးယားက ကြိုးစားနေပြီး အဲ့ဒီနည်းပညာ က သတိပေးမှုနည်းပါးစွာဖြင့် ပစ်ခတ်နိုင်ပါတယ်။

ကင်ဂျုံအွန်းဟာ ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ ဆိုးရွားတဲ့ အခြေအနေကြောင့် ရှေ့ကို တွန်းပို့ ခံ နေရသလိုဖြစ်နေတယ်လို့ Yang Ukက လက်ခံထားပါတယ်။ ဆုတ်ယုတ်ကျဆင်းနေတဲ့ စီးပွားရေးအခြေအနေ သူ့ပြည်သူတွေ့ရဲ့ ဆာလောင်မွတ်သိပ်မှုတွေကိုရှောင်လွှဲနိုင်ဖို့ သူ့ရဲ့ တိုးတက်မှုရှိနေတဲ့ နျူကလီးယား လက်နက်အစီအစဉ်က သူ့အတွက် "ကစားဖို့ကျန်တဲ့ တစ်ခုတည်းသော ဖဲချပ်ဖြစ်တယ်"လို့ Yang က ဆိုပါတယ်။

ဒါကြောင့် မြောက်ကိုရီးယားက အရင်ကနဲ့ မတူ ပိုမိုကွဲပြားပြီး အသေအပျောက်များမယ့် လက် နက်တွေ တီထွင်ဖန်တီးဖို့ ရှေ့တိုးလုပ်ဆောင်လာမယ်လို့ မျှော်လင့်ရပါတယ်။

သူ ပြောနိုင်တဲ့ အချက်တစ်ခုကတော့ မြောက်ကိုရီးယားက"နောက်ထပ် စမ်းသပ်မှုတွေ ဆက်လုပ်လာဦးမှာ "သေချာပါတယ်လို့ အီလန်ကင်က နိဂုံးချုပ်အနေနဲ့ ပြောပါတယ်။