ငတ်လို့ "သေမယ့်အချိန်စောင့်ရင်း ပိတ်မိ" နေတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေ

နိုင်ငံတွင်းမှာ နေထိုင်နေတဲ့ မြောက်ကိုရီးယား ၃ ယောက်ကို ဘီဘီစီက လပေါင်း များစွာ လျှို့ဝှက် ဆက်သွယ် နိုင်ခဲ့ပါတယ်။ နယ်စပ်တွေကို ၃ နှစ်ကျော် ပိတ်ထားပြီး နောက်ပိုင်း နိုင်ငံထဲမှာ ဖြစ်နေတဲ့ ဒုက္ခ အဖုံဖုံကို ပထမဆုံး အကြိမ်အဖြစ် သူတို့ ဖွင့်ဟ ခဲ့ကြပါတယ်။ ငတ်မွတ်တဲ့ဘေး၊ ရက်စက်တဲ့ ဖိနှိပ်မှုဒဏ်တွေ ဖိစီးနေပေမယ့် သူတို့ မှာ ထွက်ပြေးဖို့လမ်းလည်း မရှိပါဘူး။ သူတို့ကို အကာအကွယ်ပေးတဲ့ အနေနဲ့ သူတို့ ရဲ့ အမည်တွေကို ပြောင်းထားပါတယ်။
မြုံဆတ်တယောက် သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး နောက်ထပ် စျေးရောင်းနိုင်ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။ သူက ပါးပါးနပ်နပ် လုပ်ကိုင်တတ်တဲ့ အမျိုး သမီး စီးပွားရေး သမားတယောက်ဖြစ်ပြီး လူတွေ သိပ်ကို အလိုရှိနေတဲ့ ဆေးဝါး တွေကို လျှို့လျှို့ဝှက်ဝှက် ရောင်းနေပါတယ်။ ဒီဆေးတွေက တရားမဝင်တဲ့ လမ်း ကြောင်းကနေ မှောင်ခို သွင်းလာတာပါ။ ဒီလို လုပ်ကိုင် တာကနေရတဲ့ ဝင်ငွေက သူ အသက်ရှင်နေထိုင်နိုင်ရုံလောက်ပဲ ရပါတယ်။ တခါက သူ ဒီလို အရောင်းအဝယ်တွေ ကြောင့် အဖမ်းခံရဖူးပါတယ်၊ လာဘ်ငွေထိုးလိုက်လို့သာ သူ ထောင်ထဲ ရောက်မသွားတာပါ။
နောက်တခါ အဖမ်းခံရရင်တော့ သူ့မှာ ပေးစရာ ဘာမှ မရှိတော့ပါဘူး။ အချိန်မရွေး သူ့အိမ်ကို ဖမ်းတဲ့သူတွေရောက်လာပြီး တံခါး လာခေါက်နိုင်ပါတယ်။ ရဲတွေကိုတင် သူကြောက်ရတာ မဟုတ်ပါဘူး၊ သူ့အိမ်နီးနားချင်းတွေကိုလည်း လန့်ရပါတယ်။ အခု ကာလမှာ ဘယ်သူ့ ကိုမှ သူမယုံကြည်နိုင်ပါဘူး။ အခြေအနေတွေကလည်း အရင်နဲ့ မတူ ပါဘူး။ အရင်တုန်းကတော့ မြုံဆတ်ရဲ့ ဆေးဝါး စီးပွားရေးက အတော်ကောင်းခဲ့ပါတယ်။
ဒါပေမဲ့ ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၀ ခုနှစ်မှာ မြောက်ကိုရီးယားက ကိုဗစ် ကပ်ဘေး ကြောင့် သူ့ နယ်စပ်တွေကို ပိတ်ချလိုက်ပါတယ်၊ ဒီတော့ လူတွေတင် နိုင်ငံထဲ ဝင်လို့ မရတော့တာ မဟုတ်ပါဘူး၊ အစားအစာတွေရော၊ ဆေးဝါးတွေပါ မဝင်နိုင်တော့ တာပါ။ အရင်ကတည်းက နိုင်ငံပြင်ပကို ထွက်ခွင့် ပိတ်ပင်ခံထားရတဲ့ နိုင်ငံသား တွေဟာ သူတို့ နေထိုင်ရာ မြို့တွေထဲကနေ မထွက်ပဲ နေရပါတော့တယ်။ အကူအညီ ပေးရေး ဝန်ထမ်းတွေနဲ့ သံတမန်တွေလည်း အထုတ်ပြင်ပြီး နိုင်ငံကနေ ထွက်ခွာ သွားကြပါပြီ။ နယ်စပ် တံတိုင်းကို ကပ်လာတဲ့ ဘယ်သူ့ကို မဆို ပစ်ချလိုက် လို့ ဆိုတဲ့ အမိန့်ကို အစောင့်တွေ ရထားပါတယ်။ ကမ္ဘာပေါ်မှာ အထီးကျန်ဆုံးသော နိုင်ငံဟာ ဘာသတင်းမှ ထွက်မလာတော့တဲ့ တွင်းနက်ကြီး တခု ဖြစ်သွားပါတယ်။
ကင်ဂျုံ အွန်းရဲ့ ဖိနှိပ်ညှင်းပန်းတဲ့ အုပ်ချုပ်မှုအောက်မှာ မြောက်ကိုရီးယား နိုင်ငံ သားတွေအဖို့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဆောင်ရွက်ခွင့် မရကြပါဘူး။ မြောက် ကိုရီးယား နိုင်ငံတွင်းမှာ သတင်းရင်းမြစ် ကွန်ရက်ရှိတဲ့ Daily NK မီဒီယာ အဖွဲ့အစည်း အကူအညီနဲ့ သာမန် လူ ၃ ယောက်ကို ဘီဘီစီက ဆက်သွယ်နိုင်ခဲ့ ပါတယ်။ နယ်စပ် တွေပိတ်ထားတဲ့ နိုင်ငံအတွင်းမှာ သူတို့ ဘဝတွေ ဘယ်လို အကြီး အကျယ် ဒုက္ခ ရောက်နေလဲ ဆိုတာကို ကမ္ဘာကို သူတို့က သိပ်ပြောပြ ချင်ကြ ပါတယ်။ သူတို့ အဲဒီလို ပြောပြတာကို သူတို့အစိုးရက သိသွားရင် သူတို့ အသတ်ခံ ကြရမယ် ဆိုတာ လည်း သူတို့ သိထားပါတယ်။ သူတို့ကိုအကာအကွယ် ပေးတဲ့ အနေနဲ့ သူတို့ ပြောပြ တဲ့အထဲက တချို့ကိုပဲ ဒီမှာ ဖော်ပြနိုင်ပါတယ်၊ သို့သော်လည်းပဲ သူတို့ရဲ့ အတွေ့ အကြုံတွေက မြောက်ကိုရီးယား ထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို မီးမောင်းထိုးပြ နေပါတယ်။
မြုံဆတ်

"ကျွန်မတို့ စားစရာ ရနိုင်ဖို့ အခြေအနေ ဒီလောက်ဆိုးတာမျိုး အရင်က မကြုံခဲ့ဖူး ဘူး"လို့ မြုံဆတ်က ကျွန်တော်တို့ကို ပြောပါတယ်။ မြောက်ကိုရီးယားမှာ ရှိတဲ့ အမျိုးသမီး အများစုလိုပဲ သူက မိသားစုမှာ အဓိက ဝင်ငွေကို ရှာဖွေပေးသူပါ။ သူတို့ အမျိုးသားတွေ မလုပ်မနေရ အစိုးရအလုပ်ကနေ ရတဲ့ ဝင်ငွေက ဘာမှ လောက်ငှတာ မဟုတ်တော့ ဇနီးတွေက မိသားစု စားဝတ်နေရေး လုံလောက်ဖို့ နည်းလမ်းတွေ ဖန်တီး ကြရပါတယ်။
နယ်စပ်တွေ မပိတ်ခင်က ပဋိဇီဝဆေးတွေအပါအဝင် လူတွေ အများစုလိုအပ်တဲ့ ဆေးတွေရအောင် မြုံဆတ်က တရုတ်နိုင်ငံကနေ မှောင်ခိုသွင်းပြီး သူ့ ရပ်ရွာ အတွင်းမှာ ရောင်းပါတယ်။ နယ်စပ်က ဂိတ်စောင့်တွေကို သူက လာဘ်ထိုးပြီး လုပ်ရတာပါ၊ လာဘ်ငွေ ပေးရတာက သူဆေးရောင်းလို့ ရတဲ့ အမြတ်ရဲ့ တဝက် ကျော်ပါတယ်၊ ဒါပေမဲ့ ဒါက ကုန်ရမှာပဲလို့ သူသဘောထားပြီး ဆေးရောင်းခဲ့ပါ တယ်။ တရုတ်နယ်စပ်နဲ့ နီးတဲ့ နိုင်ငံမြောက်ပိုင်းက သူ့မြို့လေးမှာ ဒီဝင်ငွေနဲ့ သူတို့ မိသားစု ဘဝကို သက်သောင့်သက်သာ နေနိုင်ပါတယ်။
သူ့မိသားစုကို ရှာကျွေးရမယ်ဆိုတဲ့ တာဝန်က သူ့စိတ်ကို အတိုင်းအတာတခု အထိ ဖိစီး ခဲ့ပါတယ်၊ အခုကတော့ ပူပင်ကြောင့်ကြရမှုက သူ့ကို လောင်မြှိုက်လာနေပါပြီ။ ရောင်းဖို့ ကုန်စည် ရနိုင်ဖို့က အခုအချိန်မှာ မဖြစ်နိုင် သလောက်ပါ။ တခါတော့ ဘယ်လိုမှ မနေနိုင်တော့ဘဲ သူကိုယ်တိုင် ဆေးကို မှောင်ခိုသွင်းဖို့ ကြိုးစားခဲ့ပြီး အဖမ်းခံ လိုက်ရပါ တယ်။ အဲဒီကတည်းက အာဏာပိုင်တွေက သူ့ကို တချိန်လုံး စောင့်ကြည့် နေပါတော့တယ်။ အပြင်က သွင်းတဲ့ ဆေးတွေအစား မြောက်ကိုရီးယား ထုတ် ဆေးတွေ သူရောင်းဖို့ ကြိုးစားပါတယ်၊ ဒါပေမဲ့ ဝင်ငွေက အရင်ကနဲ့ဆိုရင် တဝက်လောက်ပဲ ရပါတော့တယ်။
သူ့ယောက်ျားနဲ့ ကလေးတွေ နိုးရင် မနက်စာစားဖို့ အတွက် အခု သူ ပြောင်းဆန် ချက်နေပါတယ်။ သူတို့ ထမင်းစားနိုင်တဲ့နေ့တွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ စားစရာ မရှိလို့ ဆာလောင်နေကြတဲ့ သူ့အိမ်နီးနားချင်းတွေ သူ့အိမ်တံခါးကို လာခေါက်ပြီး တောင်းကြပေမယ့် သူ့မှာ ဝေမျှပေးစရာ မရှိပါဘူး။ "အသက်ရှင်သန်ဖို့ သူတို့ ရုန်းကန် နေကြ ရတာပါ" လို့ သူက ပြောပါတယ်။
ချန်ဟို
နယ်စပ်က မြို့လေးတခုမှာ ဆောက်လုပ်ရေး အလုပ်သမား ချန်ဟို တယောက် စိတ်ပျက်အားကုန်စရာ မနက်ခင်းနဲ့ ကြုံနေရပါတယ်။ "ဒီနိုင်ငံမှာ လူဖြစ်ရတာ သိပ်ကို ဝမ်းနည်းမိတယ် ဆိုတာကို လူတွေ သိစေချင်တယ်" လို့ သူက ရင်ဖွင့်ပါတယ်။

သူ မနက်စောစော ပုံမှန်ထလေ့ရှိပြီး သူ့အလုပ်ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် ထဲကို မသွားခင် စျေးထွက်ဖို့ ပြင်နေတဲ့ သူ့ဇနီးကို ကူညီပါတယ်။ သူ့ ဇနီးရဲ့ စျေးဆိုင် လုပ်ငန်းက သူရှင်သန်ဖို့ အတွက် ဖြစ်တော့ သူ့ဇနီး ဆိုင်အတွက် ကုန်တွေကို သူ အသေအချာ သယ်ပိုးပေးပါတယ်။ သူက တနေ့ကို ဝမ် ၄,၀၀၀ ( ၄ ဒေါ်လာနဲ့ ညီမျှ) ရပြီး အဲဒီငွေက ဆန် တစ်ကီလိုဂရမ် ဝယ်ဖို့တောင် မလောက်တော့ပါဘူး။ အရင်က သူ့ မိသားစုဟာ အစိုးရက ပေးတဲ့ အစားအစာ ခွဲတမ်း ရခဲ့ပေမယ့် မရတော့တာက ကြာလှပါပြီ၊ ဘယ်တုန်းက စပြီး မရတော့ တာလဲ ဆိုတာကိုတောင် သူ မမှတ်မိ တော့ပါဘူး။
မြောက်ကိုရီးယား နိုင်ငံသားတွေ အစားအစာအတွက် သွားဝယ်လေ့ရှိတဲ့ စျေးတွေက ခြောက်ကပ် နေပြီလို့ သူက ပြောပြီး ဆန်၊ ပြောင်း၊ ဟင်းခတ် အမွှေး အကြိုင် စျေးနှုန်းတွေက မိုးထိုး တက်နေပြီလို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ သူ့နိုင်ငံ အတွက် လုံလောက်အောင် အစားအစာ မထုတ်လုပ်နိုင်ပါဘူး၊ ပြည်ပက တင်သွင်း ရတာပါ။ နယ်စပ်တွေပိတ်လိုက်တဲ့အခါ အစိုးရက အစားအစာ တင်သွင်းမှုကို လျှော့ချ လိုက်တာဖြစ်သလို၊ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ဓာတ်မြေသြဇာနဲ့ စက်ကိရိယာ တင်သွင်းမှုတွေကိုပါ လျှော့ပစ်လိုက်တာပါ။
အစ ပထမကတော့ ချန်ဟို တယောက် ကိုဗစ်နဲ့ သေရမယ်လို့ စိုးရိမ်ခဲ့ပါတယ်၊ ဒါပေမဲ့ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့ အမျှ သူ့ဘေးနားက လူတွေ ငတ်လို့ သေနေကြတာကို တွေ့လာရတော့ သူလည်း ငတ်ပြီး သေမှာကို စိုးရိမ်လာပါတယ်။ သူ့ရွာမှာ ပထမဆုံး စပြီး အငတ်ဘေးကို ကြုံခဲ့ရတဲ့မိသားစုက မိခင်တယောက်နဲ့ သူ့ ကလေးတွေပါ။ အဲဒီ မိခင်ဖြစ်သူက အလုပ်မလုပ်နိုင်လောက်အောင် နာမကျန်း ဖြစ်ခဲ့ ပါတယ်။ သူ့ ကလေးငယ် ၂ ယောက်က အစားအစာ တောင်းရမ်းပြီး သူတို့ မိသားစု အသက်ရှင်အောင် ကြိုးပမ်းခဲ့ကြပါတယ်၊ နောက်ဆုံးတော့ သူတို့ ၃ ယောက်လုံး သေသွားပါတယ်။
နောက် မိခင်တယောက်ကတော့ ကွာရန်တင်း စည်းမျဉ်းတွေကို ဖောက်ဖျက်လို့ ဆိုပြီး အလုပ်ကြမ်းပစ်ဒဏ် ချမှတ်ခံရပြီးတဲ့နောက် သေဆုံးခဲ့ပါတယ်။ သူနဲ့ သူ့ သားဖြစ်သူတို့ ငတ်မွတ်ပြီး သေသွားတာပါ။ မကြာသေးခင်က ချန်ဟိုနဲ့ ရင်းနှီးတဲ့ မိတ်ဆွေရဲ့ သားဖြစ်သူ စစ်တပ်ကနေ ထွက်ခွင့်ပြုလို့ အိမ်ကို ပြန်ရောက် လာပါ တယ်။ အဟာရချို့တဲ့လို့ သူ့ကို အိမ် ပြန်လွှတ်လိုက်တာပါ။ အဲဒီလူငယ်ရဲ့ မျက်နှာတွေ ဖောသွပ်နေတာကို ချန်ဟို မှတ်မိနေပါတယ်။ တပတ် အတွင်းမှာပဲ သူ သေဆုံး သွားပါတယ်။ "ဒီငရဲတွင်းထဲမှာ ငါတို့ အမြဲ နေကြရတော့မှာ၊ ကျွန်တော့ ကလေးတွေ ရဲ့ အနာဂတ်ကို တွေးမိရင်း ကျွန်တော် အိပ်လို့ မရတော့ဘူး" လို့ ချန်ဟို က ပြောပါ တယ်။
ဂျီယွန်
အဲဒီကနေ မိုင် ရာချီဝေးတဲ့ ပြုံယမ်းမြို့တော်ထဲက မြစ်ကမ်းဘေး မိုးပျံတိုက်တွေရှိရာ အသင့်အတင့် ချမ်းသာသူတို့ နေတဲ့ အရပ်မှာ ဂျီယွန် တယောက် မြေအောက်ရထား စီးပြီး အလုပ်ဆီကို သွားနေပါတယ်။ ညကလည်း အိပ်မပျော်တဲ့ ညဖြစ်ခဲ့ပြီး သူ ပင်ပန်း နွမ်းနယ် နေပါတယ်။

သူ အစားအစာ ရောင်းတဲ့ ဆိုင်တခုမှာ အလုပ်လုပ်ပြီး ရတဲ့ငွေနဲ့ သူ့ကလေး ၂ ယောက်နဲ့ သူ့ခင်ပွန်းကို ထောက်ပံ့နေရတာပါ။ သူ့ဆိုင်က ဟင်းသီး ဟင်းရွက်လေးတွေ ခိုးယူပြီး ပြန်ရောင်းလေ့ရှိသလို သူ့ ယောက်ျားကို လာဘ်ပေးကြတဲ့ စီးကရက် တွေကိုလည်း သူပြန် ရောင်းတတ်ပါတယ်။ ဒါမှ သူတို့ အိမ်အတွက် ဆန်ဝယ်နိုင် မှာပါ။ အခုတော့ သူ အလုပ်ကပြန်ရင် သူ့အိတ်ကို အစောင့်တွေက အသေအချာ စစ်ဆေးသလို၊ သူ့ ယောက်ျား ကိုလည်း ဘယ်သူကမှ လာဘ်မပေးတော့ပါဘူး။ တခုခု ပေးဖို့ ဘယ်သူမှ မတတ်နိုင်တော့တာပါ။
"အပြင်အလုပ် တခုခု ဘယ်လိုမှ လုပ်လို့ မရအောင် ဖြစ်နေတာ" လို့ သူက ပူဆွေးသံနဲ့ ပြောပါတယ်။ သူ့ဆီမှာ တနေ့ကို တနပ်သာ စားစရာ ရှိပေမယ့် တနေ့ကို ၃ နပ် စားနေရသလိုမျိုး သူ ဟန်ဆောင်ပြီး နေနေပါတယ်။ ဆာလောင်တာကို သူမြိုသိပ် ထားနိုင်ပါတယ်။ သူ ဆင်းရဲနေပြီလို့ လူတွေ သိသွားမှာကို သူ ပိုစိုးရိမ်ပါတယ်။
ဟင်းသီးဟင်းရွက်တွေ၊ အပင်တွေကို ရောပြီးပြုတ်၊ ပြီးရင် စီးထန်း ကျေသွားအောင် ကြိတ်ပြီး စားရတာတွေ ရှိလာပါတယ်။ ဒီလို အစားအစာမျိုးကို ပူဂျတ် လို့ခေါပြီး မြောက်ကိုရီးယား သမိုင်းမှာ ဆိုးဝါးတဲ့ အငတ်ဘေးဆိုက်ခဲ့တဲ့ ၁၉၉၀ နှစ်တွေမှာ စားခဲ့ရတဲ့ အစားအစာမျိုးပါ။ အဲဒီ အငတ်ဘေးတုန်းက လူပေါင်း ၃ သန်း သေဆုံးခဲ့ ပါတယ်။
"ရှေ့ ၁၀ ရက်လောက်ကိုပဲ တွေးပြီး အသက်ရှင်အောင် နေရတယ်။ ၁၀ ရက်ပြီး သွားရင် နောက်ထပ် ၁၀ ရက်ပေါ့။ မရှိတော့ရင် ကျွန်မနဲ့ ကျွန်မယောက်ျားတို့ အငတ် နေပြီး ကလေးတွေကို ကျွေးမယ်လို့ စိတ်ကူးတယ်" လို့ ဂျီယွန်က ပြောပါတယ်။ ဟို တလောကပဲ သူတို့ အစားအစာ ၂ ရက် ပြတ်တောက်သွားပါတယ်။ "ကျွန်မ အိပ် နေရင်းနဲ့ သေသွားမယ်လို့ ထင်ခဲ့တယ်၊ မနက်ကျရင် နိုးမလာတော့ဘူးပေါ့။ အဲဒီလို တွေးမိခဲ့တယ်" လို့ သူက ပြောပါတယ်။
သူတို့ ဒုက္ခတွေ များလှပေမယ့်လည်း ဂျီယွန်က သူတို့ထက် ပိုဆိုးနေတဲ့ လူတွေ အကြောင်း ပြောပြပါတယ်။ အခု တောင်းစားတဲ့ သူတွေ ပိုများလာတယ်၊ လမ်းပေါ် မှာ လဲနေတဲ့သူတွေနား သွားပြီး ကြည့်မိတယ်၊ အများအားဖြင့်တော့ အဲဒီ လူတွေက သေဆုံးနေပြီဆိုတာ တွေ့ရတယ်။ တနေ့ သူ့ အိမ်နီးနားချင်းကို ရေသွားပေး မလို့ တံခါး ခေါက်တယ်၊ ဘယ်သူမှ ပြန်မဖြေကြဘူး။ နောက် ၃ ရက် အကြာမှာတော့ အာဏာပိုင်တွေ အဲဒီအိမ်ကို ရောက်လာကာ တံခါးကိုဖွင့်ပြီး အိမ်ထဲကို ဝင်ကြည့် တယ်၊ အထဲမှာ တမိသားစုလုံး အစာရေစာ ပြတ်ပြီး သေနေကြပါပြီ။
"တကယ့် ကပ်ဘေးဆိုက်နေတာ" လို့ သူက ပြောပါတယ်။ "နယ်စပ်က ကုန်စည်တွေ ဘာမှမလာကြတော့ လူတွေက သူတို့ စားဝတ်နေရေး အတွက် ဘယ်လို လုပ်ရ မယ်ဆိုတာကိုတောင် မသိကြတော့ဘူး" လို့ လည်း သူက ဆိုပါတယ်။ လူတွေ ကိုယ့်ကိုယ်ကို သတ်သေနေကြတာမျိုး၊ တချို့က တောင်တန်းတွေဘက် ထွက်ပြီး သွားသေကြတာမျိုးတွေကို ဟိုတလောကပဲ သူ ကြားခဲ့ရပါတယ်။ တမြို့လုံးမှာ အကြင်နာကင်းမဲ့ တာတွေ ဖုံးလွှမ်းနေပြီဆိုတာကို သူတွေ့နေရပါတယ်။ "ဘေးအိမ်ကလူတွေ သေနေတာ တွေ့နေပေမယ့် လူတွေက ကိုယ့်အတွက်ပဲ ကိုယ် စဉ်းစားကြတော့တယ်၊ ဒါဟာ တကယ့်ကို စာနာစိတ် ကင်းမဲ့နေတာပါ။"

ဓာတ်ပုံ ရင်းမြစ်, NK News
လူတွေ ငတ်မွတ်ပြီး သေနေကြတယ်ဆိုတဲ့ ကောလဟလ သတင်းတွေ ပျံ့နေတာ လပေါင်းများစွာ ကြာလာတော့ မြောက်ကိုရီးယားဟာ အငတ်ဘေး အသစ် တခု ဆိုက်နေပြီဆိုပြီး လူတွေက ထိတ်လန့်နေကြပါတယ်။ မြောက်ကိုရီးယား အကြောင်း လေ့လာနေတဲ့ စီးပွားရေး ပညာရှင် ပီတာ ဝပ်ဒ်က ဒီလို ပြောပြချက်တွေကို ကြည့်ပြီး "သိပ်ကို စိုးရိမ်စရာ ကောင်းနေပြီ" လို့ မှတ်ယူပါတယ်။
"လူတွေ ငတ်ပြီးသေကြတယ်ဆိုတာကို ကြားရတာက တော်သေးတယ်လို့ ဆိုရမယ်။ အခုက ကိုယ့်အနီးအနားမှာ လူတွေ ငတ်မွတ်နေတာကိုပါ ကြားနေရတာ၊ ဆိုတော့ အစာရေစာ ပြတ်တောက်တဲ့ အခြေအနေက သိပ်ကို ဆိုးရွားနိုင်တယ်။ ၁၉၉၀ နှောင်း ပိုင်းနှစ်တွေမှာ ဖြစ်ခဲ့တဲ့ အငတ်ဘေးထက်တောင် ပိုပြီး ဆိုးနိုင်တယ်" လို့ သူက ပြောပါတယ်။
အဲဒီအချိန်က မြောက်ကိုရီးယား အငတ်ဘေးက တင်းမာလွန်းတဲ့ လူမှုကန့်သတ်ချက် စည်းမျဉ်းတွေကို ချိုးဖျက်ဖို့ စေ့ဆော်ခဲ့ပြီး နိုင်ငံရဲ့ သမိုင်းမှာ အပြောင်းအလဲ တခု ဖြစ်ပေါ်စေခဲ့ ပါတယ်။ အစိုးရက လူတွေကို အစားအစာ မကျွေးနိုင်တော့တဲ့ အခါ လူတွေ သူတို့ ရှင်သန်ရေးအတွက် သူ့ဘာသာသူ လုပ်ကြတာကို တစုံတရာ လွတ်လွတ် လပ်လပ် လုပ်ခွင့် ပေးလိုက်တာပါ။ ထောင်နဲ့ချီတဲ့ လူတွေ နိုင်ငံကနေ ထွက်ပြေးကြပြီး တောင်ကိုရီးယား၊ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေဆီကို သွားရောက် ခိုလှုံ ကြပါတယ်။
အဲဒီ ကာလမှာ အမျိုးသမီးတွေက ပဲပိစပ်ကနေ အဝတ်အထည် အဟောင်း အလယ်၊ တရုတ် အီလက်ထရွန်နစ် ပစ္စည်းတွေ အဆုံး ရောင်းဝယ်ဖောက်ကား လာကြကာ ပုဂ္ဂလိကစျေးကွက်တွေလည်း ထွန်းကားလာပါတယ်။ တရားဝင် မဟုတ်တဲ့ စျေးကွက် စီးပွားရေး ပေါ်ထွန်းလာပြီး အစိုးရရဲ့ အကူအညီ အနည်းအကျဉ်းလေးနဲ့ အတူ သူတို့ ရှင်သန် ရပ်တည်နိုင်မယ့် နည်းလမ်းတွေကို အဲဒီအချိန်က မြောက် ကိုရီးယား မျိုးဆက်က သိလာကြပါတယ်။ ဖိနှိပ်ချုပ်ကိုင်တဲ့ ကွန်မြူနစ် တိုင်းပြည်မှာ အရင်းရှင်တို့ ထွန်းကား လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NK News
ဒီနေ့ အတွက် စျေးကွဲသွားတဲ့ အခါ မြုံဆတ်က သူ အရင်ကထက် ရတာနည်းလာတဲ့ ငွေစလေးတွေကို ရေကြည့်ရင်း သူနဲ့ သူတို့ အရင်းရှင် မျိုးဆက်တွေကို အစိုးရက ပိတ်ပင်လာနေတာကို စိတ်ပူနေပါတယ်။ လူတွေရဲ့ ဘဝကို အတင်းအကျပ်ပြန်ပြီး ချုပ်ကိုင်ဖို့ အာဏာပိုင်တွေက လုပ်နေပြီး ကိုဗစ်ကပ်ဘေးကြောင့်လို့ ပြောနေတာက အကြောင်းပြချက် သက်သက်ပဲလို့ သူ ယုံကြည်ထားပါတယ်။ "သူတို့က မှောင်ခို ကုန်ကူး တာတွေ၊ လူတွေ နိုင်ငံကနေ ထွက်ပြေးကြတာတွေကို နှိမ်နင်း ချင်တာပါ" လို့ ဆိုရင်း "အခု ကြည့်ပါလား၊ တရုတ်ကို ရောက်တဲ့ မြစ်နားကို သွားလိုက်တာနဲ့ပြစ်ဒဏ် ကြီးကြီး ပေးခံရပြီလို့သာမှတ်" လို့ သူက ပြောပါတယ်။
ဆောက်လုပ်ရေး လုပ်သား ချန်ဟိုအဖို့ မခံနိုင်တော့မယ့် အချိန်တခုကို ရောက်ဖို့ နီးလာ နေပါပြီ။ သူ အခုဖြတ်သန်းနေရတာက သူ့ဘဝမှာ အခက်ခဲဆုံးကာလပါ။ အရင် အငတ်ဘေး ကာလမှာတုန်းက ခက်ခဲ ခဲ့ပါတယ်၊ ဒါပေမဲ့ တင်းကျပ်တဲ့ ဖမ်းဆီးမှုတွေ၊ ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ မရှိခဲ့ပါဘူး။ "လူတွေ ထွက်ပြေးချင်ရင် အစိုးရက ဘာမှ သိပ်မတားဘူး" လို့ သူက ပြောပါတယ်။ "အခုတော့ ခြေလှမ်း တချက် မှားကြည့်၊ သေဒဏ် နဲ့ ကြုံရမယ်။"
အစိုးရက သေဒဏ်စီရင် နေတာတွေကို သူ့ မိတ်ဆွေရဲ့ သားက လောလော လတ်လတ် မျက်မြင် ကြုံခဲ့သူပါ။ အကြိမ်တိုင်းမှာ ၃ ယောက် ကနေ ၄ ယောက် အထိ သေဒဏ်ပေးတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အမှုကတော့ နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ အမှုပါ။ "ဥပဒေ အတိုင်း ကျွန်တော် နေထိုင်မယ်ဆိုရင် ကျွန်တော် ငတ်လို့ သေမှာပဲ၊ ရှင်သန်ဖို့ ကြိုးစားပြီး ထွက်ပြေးဖို့လုပ်ရင် ကျွန်တော် အဖမ်းခံရမှာကို စိုးရိမ် တယ်၊ သစ္စာဖောက်လို့ တံဆိပ်ခတ်ခံရမယ်၊ အသတ်ခံရမယ်" လို့ ချန်ဟိုက ကျွန်တော်တို့ကို ပြောပါတယ်။ "ကျွန်တော်တို့ သေမယ့်အချိန်ကို စောင့်ရင်း ပိတ်မိ နေတာပါ။"
နယ်စပ်တွေ မပိတ်ခင်တုန်းက တောင်ကိုရီးယားကို ထွက်ပြေးလာတဲ့ သူ နှစ်စဉ် ၁,၀၀၀ ကျော်ရှိပါတယ်၊ ဒါပေမဲ့ ပိတ်လိုက်ပြီး ကတည်း လူ အနည်းငယ်လောက်သာ ရောက်လာခဲ့ပါတယ်။ Human Rights Watch အန်ဂျီအိုအဖွဲ့အစည်းက ဂြိုဟ်တု ဓာတ်ပုံတွေ သုံးပြီး ဆန်းစစ်ကြည့်တဲ့အခါ ပြီးခဲ့တဲ့ ၃ နှစ် အတွင်း နယ်စပ်မှာ တံတိုင်း တွေ၊ စည်းရိုးတွေ ၊ အစောင့်ဂိတ်တွေ အာဏာပိုင်တွေက ထပ်ပြီးအားဖြည့် တိုးချဲ့ကာ လူတွေ ထွက်ပြေးလို့ မဖြစ်နိုင်အောင် လုပ်ထားတာကို တွေ့ရပါတယ်။

နိုင်ငံပြင်ပကလူတွေကို ဆက်သွယ်ရုံလေးကိစ္စက သိပ်ကို အန္တရာယ်ကြီးလာပါတယ်။ အတိတ်မှာတုန်းကတော့ နယ်စပ်နားမှာ နေတဲ့ ဒေသခံတွေ အနေနဲ့ နိုင်ငံထဲကို မှောင်ခို ခိုးသွင်းလာကြတဲ့ တရုတ်ဖုန်းတွေကို သုံးပြီး တရုတ်နိုင်ငံက မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်ကတဆင့် လျှို့လျှို့ဝှက်ဝှက်နဲ့ နိုင်ငံခြားကို ဖုန်းခေါ်နိုင်ခဲ့ကြ ပါတယ်။ အခုတော့ ရပ်ရွာ အစည်းအဝေးတွေမှာ တရုတ်ဖုန်း ပိုင်ဆိုင်ထားရင် သက်ဆိုင်ရာဆီ လာအပ်ကြလို့ အမြဲပြောနေပါတယ်။ မကြာသေးတဲ့ ကာလကပဲ မြုံဆတ်နဲ့ ရင်းနှီးတဲ့သူ တယောက် တရုတ်က လူတယောက်ကို ဖုန်းပြောတာ မိသွား လို့ ပြန်လည် ပညာပေးရေး အကျဉ်းစခန်းမှာ နှစ်ပေါင်းများစွာ သွားနေဖို့ အပို့ခံ လိုက်ရပါတယ်။
မှောင်ခိုလုပ်ငန်း လုပ်သူတွေ၊ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ရှိသူတွေကို နှိမ်နင်းပြီး သူ့နိုင်ငံသားတွေ သူတို့ဘာသာသူတို့ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်စွမ်း တွေကို အစိုးရက ချိုးဖျက်နေတာလို့ လူ့အခွင့်အရေးအတွက် မြောက်ကိုရီးယား အချက်အလက် စင်တာ (North Korean Database Centre for Human Rights - NKDB)က ဟန်နာ ဆွန်က ပြောပါတယ်။ "အစားအစာက ရှားပါးလာနေတဲ့ အချိန် အခါမှာ အဲဒါက ဘယ်လို ထိခိုက်လာမယ်ဆိုတာကိုပဲ (အစိုးရက) သတိထားတယ်" လို့ သူက ပြောပါတယ်။
ဒီလို အပြင်းအထန် ထိန်းချုပ်မှုတွေက ကိုရိုနာဗိုင်းရပ်စ် နိုင်ငံထဲ ဝင်မလာအောင် မတားနိုင်ပါဘူး။ ကမ္ဘာ့ကပ် ၂ နှစ်ခွဲကာလထဲ ရောက်လာတဲ့ မေလ ၁၂ ရက် ၂၀၂၂မှာ မြောက်ကိုရီးယားဟာ သူတို့ဆီမှာ ပထမဆုံး ကိုဗစ်ကူးစက်ခံရသူ ရှိလာပြီ ဆိုတာကို အတည်ပြုပြောပါတယ်။ ကိုဗစ် မပျံ့နှံ့ရေးဆိုတာကလည်း တကယ်တမ်းမှာတော့ လူတွေကို ကိုဗစ်ရှိ၊ မရှိ ဆေးစစ်တာမျိုး မရှိဘဲ အဖျားရှိတဲ့ သူတွေကို ၁၀ ရက်ကြာအောင် သူတို့ အိမ်တွေမှာပဲ နေစေပါတယ်။ သူတို့ရဲ့ အိမ်မှာရှိတဲ့ အိမ် ထောင်စုဝင်အားလုံး အိမ်ပြင်ကို ခြေတလှမ်းမျှ လှမ်းလို့ မရတော့ပါဘူး။ ကိုဗစ် ပျံ့နှံ့သွားတဲ့အခါ မြို့တမြို့လုံး၊ လမ်းတလမ်းလုံးကို လော့ခ်ဒေါင်း ပိတ်ချ ပါတယ်၊ တချို့ အဖြစ်တွေဆိုရင် ၂ ပတ်ကျော် ပိတ်ချလိုက်တာပါ။
ပြုံယမ်းမှာ ဂျီယွန်က သူ့အိမ်ပြူတင်းကနေ လော့ခ်ဒေါင်း ပိတ်ခံနေရလို့ အစားအစာ မလုံလောက်တဲ့ သူ့အိမ်နီးချင်းတွေကို ကြည့်ပြီး သူတို့ အိမ်တံခါးဝမှာ ဟင်းသီးဟင်းရွက် တွေကို တရက်ခြား တခါ သွားချပေးပါတယ်။ ဒါပေမဲ့ နယ်စပ် တကြောမှာ တော့ အဲဒီလိုမျိုး တယောက်နဲ့ တယောက်မကူနိုင်ကြပါဘူး။
မြုံဆတ်တယောက် ကြောက်လန့်နေပါတယ်။ သူ့ မီးဖိုချောင်ထဲ စားစရာ ပြောင်သလင်းခါနေတဲ့ ဘဝမှာ နေနေရတာ ကြာပါပြီ။ ဒါကြောင့် သူ ဆေးတွေ လျှို့ဝှက်ပြီးရောင်းရတဲ့ အဖြစ်ကို ရောက်ခဲ့ရပြီး ဒီလိုလုပ်မှ ငွေလေးနည်းနည်း ရှာနိုင်မယ်၊ ကိုဗစ်ကူးခံရမှာထက် ငတ်ရမယ့်နေ့တွေကို သူ ပိုကြောက်ပါတယ်။
လော့ခ်ဒေါင်းကနေလွတ်လာတဲ့ အချိန်မှာ သူတို့မိသားစုဝင် ၅ ယောက်ဟာ "ဘာ အားအင်မှ မကျန်တော့ဘူး" လို့ ချန်ဟိုက ပြောပါတယ်။ လော့ခ်ဒေါင်းကာလ ညအချိန် တွေမှာ သူတို့ ခိုးထွက်ခဲ့ပြီး အစားအစာ ခိုးရှာခဲ့လို့သာ သူတို့ အသက်ရှင်နေသေး တာပါ။ "စည်းမျဉ်းတွေကို မဖောက်ဘူးဆိုပြီး အိမ်မှာပဲ နေနေခဲ့ကြတဲ့ သူတွေ အသက်မရှင် နိုင်ခဲ့ကြပါဘူး" လို့ သူက ပြောပါတယ်။
"လူတွေက သူတို့ ငတ်ကြရတော့မယ်လို့ ငြီးတွားအော်ဟစ်ကြတဲ့အခါမှာတော့ နောက် ရက်အနည်းငယ်အကြာမှာ အစိုးရက အရေးပေါ် ဆန်လေးတချို့ လာဝေ ပေးတယ်" လို့ သူက ပြောပါတယ်။ တချို့ လော့ခ်ဒေါင်း ဧရိယာတွေမှာ ဒီလို ပိတ်ထားရင် လူတွေ သေသွားကြမယ်ဆိုတာ ရှင်းနေတော့ လော့ခ်ဒေါင်းကို စောစော စီးစီး ပြန်ရုပ်သွားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရသူတွေလည်း နိုင်ငံမှာ အရင်ကတည်းက ချို့တဲ့နေတဲ့ ဆေးရုံ တွေကို အားမကိုးနိုင်ပါဘူး။ လိုအပ်တဲ့ အခြေခံ ဆေးဝါး တွေတောင် မရှိတာပါ။ ကိုဗစ်ကြောင့်ရတဲ့ ရောဂါလက္ခဏာတွေ သက်သာအောင် ရိုးရာ ဘယဆေးတွေကို သုံးစွဲကြဖို့ အစိုးရက တရားဝင် တိုက်တွန်းပါတယ်။ ဂျီယွန် ကိုယ်တိုင် ဖျားတဲ့အခါ ဘာလုပ်ရမလဲဆိုတာကို သူ့မိတ်ဆွေတွေဆီကနေ အကြံလိုက်တောင်း ရပါတယ်။ ရေကို ကြက်သွန်မိတ် အမြစ်တွေထည့် ကြိုပြီးသောက်လို့ သူတို့က ပြောကြတယ်။

ဂျီယွန်ရဲ့ အဆိုအရ အသက်ကြီးတဲ့သူတွေ၊ ကလေးတွေ အများအပြားပဲ ကိုဗစ် - ၁၉ ကြောင့် သေကြရတယ်လို့ သိရပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ နိုင်ငံရဲ့ ၄၀% က အဟာရချို့တဲ့နေတဲ့ ဒီနိုင်ငံမှာ တခြားနိုင်ငံတွေမှာလို မဟုတ်ဘဲ ကိုဗစ်ကြောင့် နာမကျန်းဖြစ်တဲ့ ကလေးတွေ များနိုင်တယ်လို့ ကျွမ်းကျင် ပညာရှင်တွေက ပြောပါ တယ်။ ပြုံယမ်းက ဆရာဝန်တယောက်က ကိုဗစ်ပျံ့နှံ့ကူးစက်တဲ့ ကာလမှာ မြို့တော် က ရပ်ကွက်တိုင်းက လူပေါင်း ၅၅၀ မှာ တယောက်နှုန်းနဲ့ သေဆုံးတယ်လို့ သူ့ကို ပြောကြောင်း ဂျီယွန်က ပြန်ပြောပြပါတယ်။
ရသမျှသတင်းအချက်အလက်တွေကို မူတည်ပြီး ကျန်တဲ့ တနိုင်ငံလုံးအတွက် တွက်ချက် ကြည့်ရင် လူပေါင်း ၄၅,၀၀၀ ကျော် သေဆုံးတာကို တွေ့ရပါတယ်၊ ဒီနေရာမှာ တရားဝင်ကြေညာတဲ့ စာရင်းက ၇၄ ယောက်မို့ အဆပေါင်း ရာချီပြီးပို များတာ တွေ့ရတယ်။ ဒါပေမဲ့ သေတဲ့လူတိုင်းအတွက် သေရတဲ့ ရောဂါအကြောင်း ရင်းကို တခြားအကြောင်းရင်းနဲ့ အစားထို့ ဖော်ပြထားတယ်လို့ ဆိုပါတယ်၊ ဥပမာ - အဆုပ်တီဘီ၊ အသဲခြောက်တဲ့ရောဂါ စသဖြင့်ပါ။
ကိုဗစ် ကူးစက်မှုစတင်ပြီး ၃ လအကြာဖြစ်တဲ့ ၂၀၂၂ သြဂုတ်လထဲမှာ အစိုးရက ရောဂါ ပျံ့နှံ့မှု မရှိအောင် နှိမ်နင်းလိုက်ပြီ၊ နိုင်ငံအတွင်းမှာ ကိုဗစ် ဗိုင်းရပ်စ်ကို အောင်ပွဲဆင် နိုင်ပြီလို့ ကြေညာပါတယ်။ ဒါပေမဲ့ ကွာရန်တင်းလုပ်ရတဲ့ စည်းမျဉ်းတွေ ကတော့ အရင်အတိုင်းပါပဲ။
ကင်ဂျုံအွန်းက သူ့နိုင်ငံရဲ့ နယ်စပ်တွေကို အလွန်အကျူးပုံစံနဲ့ ပိတ်ပစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို အံ့သြစေခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယား လက်နက် အစီအစဉ်ကြောင့် ကမ္ဘာမှာ ပိတ်ဆို့အရေးယူမှု အများဆုံးနဲ့ ရင်ဆိုင်နေရ တဲ့ နိုင်ငံတွေထဲက တနိုင်ငံပါ။ သူ့ရဲ့ အရင်းအမြစ်တွေကို နိုင်ငံခြားကို မတင်ပို့ နိုင်အောင် တားမြစ် ခံထားရသလို၊ သူလိုအပ်တဲ့ လောင်စာဆီ တင်သွင်းတာကိုလည်း ပိတ်ပင်ခံ ထားရတာပါ။ ဒီတော့ အရင်ကတည်းကမှ စီးပွားရေးပျက်နေတဲ့ နိုင်ငံတခု က အခြေအနေ ထပ်ပြီး ဆိုးသွားအောင် ဘာကြောင့် လုပ်တာလဲ ဆိုပြီး အများက အမေးထုတ်ကြ ပါတယ်။
ကင် မိသားစုကို အာဏာမှာ မြဲအောင် ထောက်ခံဝန်းရံပေး နေကြတဲ့ စစ်တပ်နဲ့ အီလစ် အသိုင်းအဝိုင်းကို ညွှန်းဆိုရင်း ပီတာ ဝတ်ဒ် က "ကိုဗစ်ဟာ လူအများကြီးကို သေစေနိုင်တယ်၊ အနည်းဆုံးတော့ သူတို့ကို မကြိုက်တဲ့သူတွေ၊ သူတို့ကြောက်တဲ့ သူတွေလည်း သေသွားမယ်လို့ ခေါင်းဆောင်တွေက စဉ်းစားပုံရတယ်" လို့ ပြောပါ တယ်။ ကမ္ဘာမှာ ကျန်းမာရေး စောင့်ရှောက်မှု အဆိုးဆုံးသော နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပြီး အဟာရချို့တဲ့ သူ၊ ကာကွယ်ဆေး မထိုးထားတဲ့သူ အများအပြားရှိနေတာမို့ လူအများကြီး သေကြေကြမယ်ဆိုတာက ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ NKDBက ဟန်နာဆွန်က ကင်ဂျုံအွန်းအဖို့ လူတွေရဲ့ ဘဝကို ပြန်ပြီး ထိန်းချုပ်ဖို့ ကိုဗစ်က တကယ်ပြည့်စုံကောင်းမွန်တဲ့ အခွင့်အလမ်းပဲလို့ မြင်ပါတယ်။ "ဟိုး အကြာကြီး ကတည်းက ဒီလို လုပ်နိုင်ဖို့ သူက တိတ်တိတ်လေး မျှော်လင့် နေခဲ့တာ" လို့ သူက ပြောပါတယ်။ "သူ့ဦးစားပေးက အထီးကျန်နိုင်ငံဖြစ်ဖို့နဲ့ သူ့လူတွေကို သူ ဖြစ်နိုင်သမျှ ထိန်းချုပ်ထားချင်တာ။"

သူ့ရဲ့ မလောက်မငှ ညစာကို စားပြီးတဲ့နောက် ဂျီယွန်က ပန်းကန်တွေဆေးပြီး သူ့အိမ်ကို အဝတ်စိုလေးနဲ့ ပွတ်ကာ သန့်ရှင်းရေးလုပ်ပါတယ်။ ကောင်းကောင်းအိပ်ရတဲ့ည ဖြစ်ဖို့ မျှော်လင့်ရင်း သူ အိပ်ရာ စောစောဝင်လိုက်ပါတယ်။ ချန်ဟို ထက်တော့ သူ နာရီ ကြာကြာ ပိုအိပ်ရမှာပါ။ ချန်ဟို ကတော့ အလုပ်သိပ်များတဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာပဲ ညအတော်များများ အိပ်ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီထက်ပို ငြိမ်သက်အေးဆေးတဲ့ နယ်စပ်က မြို့လေးမှာတော့ မြုံဆတ် တယောက် ခဏလေး အပန်းဖြေတဲ့အနေနဲ့ သူ့မိသားစုနဲ့ အတူ တီဗီကြည့်နေ ပါ တယ်။ ဒီလိုကြည့်နိုင်ဖို့ ဘက်ထရီကို တနေကုန် သူတို့ အားသွင်းထားရပါတယ်။
သူက အပိတ်ခံထားရတဲ့ တောင်ကိုရီးယား အခန်းဆက် ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ပါတယ်။ ဒီ ဇာတ်လမ်း ဗီဒီယိုတွေကို မိုက်ခရို အက်စ်ဒီ အပြားလေး တွေထဲ ထည့်ပြီး နယ်စပ်က ခိုးသွင်းကာ လျှို့လျှို့ဝှက်ဝှက် ရောင်းကြတာပါ။ ကေ ပေါ့ စတားတယောက်က အိမ်တအိမ်ရှေ့မှာ ရုတ်တရက် ရောက်ချလာပြီး သူဟာ ဒီ မိသားစု ဆီကနေ ကာလ ရှည်ကြာစွာ ပျောက်ဆုံးသွားခဲ့တဲ့ သားလို့ ဆိုလိုက်တဲ့ ဇာတ်လမ်းကို မြုံဆတ် ကြည့်ပါတယ်။ နယ်စပ်ပိတ်လိုက်ကတည်းက အခွေသစ်တွေ လည်း ဝင်မလာတော့ဘူးလို့ သူက ပြောပါတယ်။ နောက်ပြီး ပိတ်ဆို့တာက ပြင်းထန်တဲ့အတွက် လူတွေက ပိုပြီး သတိထားကြရတယ်လို့လည်း သူက ဆို ပါတယ်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာမှာ ပြဋ္ဌာန်းလိုက်တဲ့ တန်ပြန်တော်လှန်ရေးနဲ့ ယဉ်ကျေးမှု သွေဖီရေးဆိုင်ရာ ဥပဒေကို သူက ပြောပြပါတယ်။ နိုင်ငံခြားက ဗီဒီယိုတွေကို နိုင်ငံထဲကို မှောင်ခိုသွင်းတဲ့ သူတွေ၊ ဖြန့်ချိတဲ့သူတွေကို အဲဒီ ဥပဒေအရ သေဒဏ် ပေးနိုင်ပါတယ်။ ချန်ဟိုက "အဲဒါဟာ ကြောက်စရာ အကောင်းဆုံး ဥပဒေသစ်ပါပဲ" လို့ ပြော ပါတယ်။ အဲဒီလိုမျိုး ဗီဒီယိုတွေကို ကြည့်တဲ့သူတွေက ထောင်ဒဏ် ၁၀ နှစ် ကျနိုင် ပါတယ်။ Daily NK သတင်းဌာနက ရထားတဲ့ ဒီ ဥပဒေရဲ့ စာသားတွေကို ကြည့်ရင် ဒီဥပဒေရဲ့ ရည်ရွယ်ချက်က "ကျန်ုပ်တို့ လူမှုအသိုင်းအဝိုင်းကို ပျက်စီးစေတဲ့ ပုပ်သိုး အတွေးအမြင်တွေ" မပြန့်ပွားအောင် တားဆီးတာလို့ တွေ့ရပါတယ်။
ကင်ဂျုံအွန်းအနေနဲ့ တခုကို စိုးရိမ်ထိတ်လန့်ပုံရပါတယ်၊ အဲဒါက ဘာလဲဆိုတော့ သူ့ ပြည်သူတွေက နိုင်ငံရဲ့ နယ်စပ်အပြင်ဘက်မှာ ကုံလုံကြွယ်ဝတဲ့၊ လွတ်လပ်တဲ့ ကမ္ဘာ ရှိနေတယ်ဆိုတာကို သိသွားမှာ၊ သူတို့ကို ပြောထားတာတွေက အလိမ်အညာတွေ ပါလားလို့ သိသွားမှာ ကိုပါ။
အဲဒီ ဥပဒေထွက်လာကတည်းက နိုင်ငံခြား ဗီဒီယိုခွေတွေ ရှာမတွေ့နိုင်အောင် ပျောက် ကုန်တယ်လို့ ချန်ဟိုက ပြောပါတယ်။ လူငယ်ပိုင်းမျိုးဆက်ကသာ ဒီဗီဒီယို တွေကို ဆက်ကြည့် ရဲကြပြီး သူတို့ မိဘတွေကတော့ သူတို့သားတွေ သမီးတွေ အတွက် အလွန် စိုးရိမ်ကြ ပါတယ်။
ပြုံယမ်းမှာ တလောတုန်းကလုပ်ခဲ့တဲ့ လူထု တရားစီရင်မှု တခုကို ဂျီယွန်က ပြန် ပြောပြပါတယ်။ တောင်ကိုရီးယား သီချင်းနဲ့ ရုပ်ရှင်ကားတွေကို ဝေမျှမိတဲ့ အသက် ၂၂ နှစ်အရွယ် ယောကျ်ားလေးတယောက်ကို ဒေသခံ ရပ်ရွာအတွင်းက ခေါင်းဆောင်တွေ စုဝေးပြီး တရားစီရင် ကြတာပါ။ သူ့ကို အလုပ်ကြမ်းစခန်းမှာ ၁၀ နှစ်နဲ့ ၃ လ ကျခံ စေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၂၀၂၀ မတိုင်ခင်ကဆို အဲဒီလောက် အမှုက တိတ်တိတ် ဆိတ်ဆိတ်နဲ့ ပြီးသွားမှာ ဖြစ်ပြီး ထောင်ဒဏ် ၁ နှစ်လောက်နဲ့ ပြီးခဲ့ကြတာလို့ ဂျီယွန် က ပြောပါတယ်။
"ပြစ်ဒဏ်တွေ ဒီလောက်ပြင်းလာတာကို လူတွေကိ အံ့သြတုန်လှုပ်ကြတယ်" လို့ သူက ပြောပါတယ်။ "လူငယ်တွေကို သူတို့ ပစ်မှတ်ထားလာကြတာက သိပ် ကြောက် စရာ ကောင်းတယ်။"
၂၀၁၉ မှာ ဘက်ပြောင်း ခိုလှုံလာတဲ့ မြောက်ကိုရီးယား သံတမန် ရူဟွန်ဝူးက လူငယ် တွေက သူတို့ မိဘတွေနဲ့ မတူတဲ့ သဘောထား အမြင်တွေနဲ့ ကြီးပြင်းလာကြတာမို့ လူငယ်တွေ (အစိုးရအပေါ်) သစ္စာရှိဖို့ အတွက် ဒီ ဥပဒေကို လုပ်တာလို့ ဆိုပါတယ်။ "အစိုးရဆီက လက်ဆောင်တွေရတဲ့ခေတ်မှာ ကျွန်တော်တို့က ကြီးပြင်းလာခဲ့ကြတာ၊ ဒါပေမဲ့ ကင်ဂျုံအွန်းလက်အောက်က နိုင်ငံမှာ လူတွေက ဘာမှ မရကြတော့ဘူးလေ" လို့ သူက ပြောပါတယ်။ သူတို့အတွက် နိုင်ငံက ဘာတွေလုပ်ပေးနေလဲ ဆိုတာကို အခု ခေတ် လူငယ်တွေက မေးခွန်း ထုတ်နေတာပါ။
ဒီဥပဒေ အသက်ဝင်အောင် ဆိုရှယ်လစ် ဆန့်ကျင်မှုလို့ ထင်တဲ့ ဘာကို မဆို "ရက်ရက် စက်စက်" ချေမှုန်းဖို့ အဖွဲ့တွေကို အစိုးရက ဖွဲ့နေတယ်လို့ ဂျီယွန်က ပြောပါတယ်။ "လူတွေက အခုဆိုရင် တယောက်ကို တယောက် မယုံကြတော့ဘူး။ အကြောက် တရားက သိပ်လွှမ်းမိုးသွားပြီ။"
ဂျီယွန် ကိုယ်တိုင် ဒီဥပဒေသစ်နဲ့ ခေါ်ယူစစ်ဆေးတာ ခံခဲ့ရပါတယ်။ အဲဒီလို စစ်ဆေးခံ ရပြီးကတည်းက သူဘာထင်မြင်သလဲဆိုတာကို တခြားသူကို ဘယ်တော့မှ မပြော တော့ပါဘူး။ အခု လူတွေကို သူ ပိုကြောက်လာနေပါတယ်။
မြောက်ကိုရီးယားကို နှစ်ပေါင်း ၄၀ လောက် လေ့လာနေတဲ့ ပါမောက္ခ အင်ဒရေ လန်ကော့ဗ်က ယုံကြည်မှုတွေ ပြိုလဲသွားတာက စိုးရိမ်စရာတွေ လို့ ဆိုပါတယ်။ "လူတွေ တယောက်နဲ့ တယောက် မယုံကြည်ဘူး ဖြစ်လာရင်၊ ခုခံ ဆန့်ကျင်ဖို့ အတွက် ဘာမှ မစနိုင်ကြတော့ဘူး" လို့ သူက ပြောပါတယ်။ "ဘာသဘောလဲ ဆိုတော့ မြောက်ကိုရီးယားက ဒီအတိုင်း ဆက်ဖြစ်၊ ဆက်တည်ငြိမ်နေပြီး လာမယ့် နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်း များစွာ ဒီအတိုင်း ဆက်ဖြစ်နေလိမ့်မယ်။"

တောင်ကိုရီးယားတွေ စကားပြောရင် အသံထွက်တဲ့ လေသံမျိုး၊ သူတို့သုံးတဲ့ ဝေါဟာရတွေမျိုးတွေကို လိုက်မသုံးစွဲဖို့ တားမြစ်တဲ့ နောက်ထပ် ဥပဒေသစ် တခုကိုလည်း အစိုးရက ၂၀၂၃ ဇန်နဝါရီလထဲမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေကို ချိုးဖောက်တယ်ဆိုရင် ဆိုးဆိုးဝါးဝါးအဖြစ်တွေမှာ သေဒဏ်တောင် ကျခံရပါတယ်။ အခုက ဂရုထားစရာ ဥပဒေတွေက သိပ်ကိုများလာနေပြီး လူတွေဟာ စစ်ဆေးစရာ ရှိလို့ ဆိုပြီး ဖမ်းခေါ်သွား ခံလိုက်ရပေမယ့် သူတို့ ဘာဥပဒေကို ချိုးဖောက်မိမှန်း တောင် မသိနိုင်တော့ဘူးလို့ ဂျီယွန်က ဆိုပါတယ်။ အစိုးရ ဆွဲချရှေ့နေတွေကို လူတွေက ဘာကြောင့် အဖမ်းခံရသလဲဆိုတာ မေးရင်တောင် သူတို့က "မင်းချိုး ဖောက်မိတဲ့ ဥပဒေက ဘာလဲဆိုတာ မင်း သိဖို့ မလိုပါဘူး" လို့ ပြန်ဖြေ ကြပါတယ်။
မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေကို ကူညီတဲ့ Liberty in North Korea အဖွဲ့က ဆိုကီး ပတ်ခ်က "ဒီ မြောက်ကိုရီးယား ၃ ယောက်က ပြောတာတွေကို ကြည့်ရရင် မြောက်ကိုရီးယားဟာ အရင်ကထက် ပိုပြီး ဖိနှိပ်လာတာ၊ အကြွင်းမဲ့ အာဏာရှင် စနစ် ပိုပြီးဖြစ်လာတာကို ပြနေတယ်" လို့ ပြောပါတယ်။ "ဒါတွေဟာ သိပ်ကို ကြေကွဲစရာကောင်းတာတွေကို ဖွင့်ဟ ပြလိုက်တာပဲ" လို့လည်း သူက ပြောပါတယ်။
မကြာခင်လေးကပဲ အာဏာပိုင်တွေဟာ နယ်စပ်ကို ဖွင့်ပေးဖို့ ပြင်ဆင်နေတဲ့ လက္ခဏာတွေကို တွေ့နေရပါတယ်။ နယ်စပ်မှာနေတဲ့ မြုံဆတ်နဲ့ ချန်ဟိုတို့က အခု သူတို့မြို့တွေမှာ ကိုဗစ် ကာကွယ်ဆေး (ထင်ရတာတော့ တရုတ်နိုင်ငံ ထုတ်ဆေး) တွေကို ထိုးပေးနေတယ်လို့ ဆိုနေချိန်မှာပဲ ပြုံယမ်းမှာတော့ ကာကွယ်ဆေး ဒုတိယ တကျော့ ထိုးပေးနေတယ်လို့ ဂျီယွန်က ပြောပါတယ်။ ဒါ့အပြင် အကောက်ခွန်ဌာန က စာရင်းတွေအရ တရုတ်နယ်စပ်ကနေ ဆန်တို့၊ ဂျုံမှုန့်တို့ ပြန်သွင်းနေတာကို သိရပါတယ်။ ကြည့်ရတာ အငတ်ဘေးနဲ့ ခေါင်းပါးမှုတွေကို လျော့ကျသွားအောင် အစိုးရက ကြိုးပမ်းနေတဲ့ပုံပါ။

နယ်စပ်ကို ပြန်ဖွင့်ဖို့ မြောက်ကိုရီးယားက ဆုံးဖြတ်လိုက်ပြီလို့ ဆိုရင်တောင် အရင် လွတ်လပ်ခဲ့ သလောက် ပြည်သူတွေ ပြန်ရဖို့က မဖြစ်နိုင်သလောက်ပါလို့ မြောက်ကိုရီးယားကို စောင့်ကြည့်လေ့လာတဲ့ NK Pro ကို ဦးစီးနေတဲ့ ချတ် အို ကာရိုးလ်က ပြောပါတယ်။ "ကိုဗစ်ကပ်ကာလတုန်းက ပေါ်ထွန်းလာခဲ့တဲ့ ထိန်းချုပ်ရေး စနစ်တွေ က ပိုခိုင်မြဲ သွားတာပဲ ဖြစ်လာမှာပါ။ နိုင်ငံကို နားလည်အောင် လုပ်ဖို့ ကြိုးစားနေတဲ့ ကျွန်တော်တို့ အဖို့ ပိုခက်ခဲသွားမှာဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံသားတွေ အဖို့မှာ လည်း ပြင်ပ ကမ္ဘာမှာ ဖြစ်နေတာတွေကို ပြောပြရင် နားလည်သဘောပေါက် နိုင်ဖို့ ပိုခက်ခဲသွားမှာပါ။ ဝမ်းနည်းစရာပါပဲ။"
ပြီးခဲ့တဲ့ ၃နှစ် အတွင်း အစိုးရကြောင့်ဖြစ်လာတဲ့ ပင်ပန်းဆင်းရဲမှုတွေ လျော့ကျ သွားမယ့် လက္ခဏာမျိုး မတွေ့ရဘဲ ပြည်သူတွေ အနေနဲ့ ဒုက္ခတွေ ဆက်ခံစားကြရ ဦးမှာပါ။ ချန်ဟိုက လူတွေကလည်း စနစ်ပြောင်းနိုင်ဖို့ကို သိပ်စဉ်းစားနိုင်မှာ မဟုတ် ပါဘူး၊ တနေ့ တနပ် စားနိုင်ဖို့ သူတို့ အာရုံစိုက်ကြရမှာ ဖြစ်ပြီး အစားအစာ သူတို့ ရှေ့မှာ ရှိနေရင် သူတို့ ပျော်နေ ကြမှာပါလို့ ပြောပါတယ်။ သီတင်းပတ်ကုန် အားလပ်ရက်မှာ တော့ ချန်ဟို၊ မြုံဆတ်၊ ဂျီယွန်တို့ သီတင်းတပတ်တာကို ပြန်တွေးပြီး ဆန်း စစ် ကြဖို့ အချိန်ပေးရပါတယ်။
အပတ်စဉ်လုပ်တဲ့ ဘဝ ဆန်းစစ်မှု အစည်းအဝေးကို သူတို့ တက်ရပါတယ်။ ဒါကို နိုင်ငံသားတိုင်း မဖြစ်မနေ တက်ရတာပါ။ သူတို့ လုပ်မိတဲ့ အမှားတွေ၊ ချို့ယွင်း ချက်တွေကို အဲဒီမှာ သူတို့ ဝန်ချပြောရသလို အိမ်နီးနားချင်းတွေရဲ့ အမှားတွေ၊ အားနည်းချက်တွေ ကိုလည်း သတင်းပို့ရပါတယ်။ ဒီအစည်းအဝေးတွေက ကောင်း မွန်တဲ့ အပြုအမူတွေကို အားပေးဖို့နဲ့ ဆန့်ကျင်တဲ့ အတွေးအမြင် ရှိသူတွေကို ရှာဖွေ ဖယ်ရှားဖို့ပါ။ အဲဒီအစည်းအဝေးမှာ လူတွေက ဘယ်တော့မှ ထုတ်ဖော်ဝန်ခံ မပြောပေမဲ့ ရုပ်မြင်သံကြားကလာနေတဲ့ ဝါဒဖြန့်တာတွေကို လူတွေက မယုံကြတော့ဘူးလို့ ချန်ဟိုက ပြော ပါတယ်။
"ကျွန်တော်တို့ကို မိခင်ရဲ့ ရင်ခွင်ထဲမှာ ထွေးပိုက်ထားသလို ဂရုစိုက်ပေးထားတာလို့ အစိုးရက ကျွန်တော်တို့ကို ပြောပါတယ်။ ဒါပေမဲ့ ငတ်နေကြလို့ တရုတ်ကို ထွက်ပြေး တဲ့ သူ့သားသမီးတွေ ကို နေ့ခင်းကြောင်တောင် လင်းလင်းချင်းချင်းမှာ ဗြောင် သတ်ဖြတ် နေတဲ့ အမေမျိုးက ဘယ်လို အမေမျိုးလဲ" လို့ သူက အမေးထုတ်ပါတယ်။ "ကိုဗစ် မတိုင်ခင်က ကင်ဂျုံအွန်းကို လူတွေရဲ့ အမြင်က အပေါင်းလက္ခဏာဆောင် ပါတယ်" လို့ မြုံဆတ်က ဆိုရင်း "အခုတော့ လူတိုင်းနီးပါးက မကျေနပ်ကြဘူး" လို့ ဆိုပါတယ်။
ကင်ဂျုံအွန်းက သူ့နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ဖို့အရေး ၂၀၁၈ က သမ္မတ ထရမ့်နဲ့ တွေ့ဆုံတာကို ဂျီယွန် မှတ်မိနေပါတယ်။ သူနိုင်ငံခြားကို ခရီးထွက် နိုင်ဖို့ နီးလာပြီလို့ တွေးရင်း မျှော်လင့်ခဲ့ရတာတွေ၊ ပျော်ရွှင်ခဲ့ရတာတွေကို သူက ပြန်ပြော ပြပါတယ်။ ဆွေးနွေးမှုတွေလည်း ပျက်သွားရော မစ္စတာ ကင်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကပေးလာတဲ့ သံတမန်ရေး ကမ်းလှမ်းချက်တွေကို ပယ်ချကာ သူ့ နျူကလီးယား လက်နက်တွေ ပိုတိုးတက်အောင် အရင်ကတည်းကမှ နည်းနေတဲ့ နိုင်ငံဘဏ္ဍာထဲက ပိုပြီး ဆွဲထုတ် သုံးပါတော့တယ်။ ၂၀၂၂ မှာ သူက စံချိန်သစ်တင် အောင် များပြားလှတဲ့ မစ်ဇိုင်း စမ်းသပ်မှု အများအပြားကို လုပ်ခဲ့ပါ တော့တယ်။
"ကျွန်မတို့ လှည့်စားခံရတာပါ" လို့ ဂျီယွန်က ပြောပါတယ်။ "နယ်စပ်ပိတ်လိုက်တာက ကျွန်မတို့ ဘဝကို အနှစ် ၂၀ နောက်ပြန်ဆွဲချသွား သလိုပါပဲ။ ကျွန်မတို့ အကြီး အကျယ် သစ္စာဖောက်ခံရသလို ခံစားရတယ်။"
"အဆုံးမရှိတဲ့ လက်နက် ထုတ်လုပ်မှုတွေကို လူတွေက ဘယ်တုန်းကမှ မလိုချင်ခဲ့ကြ ပါဘူး။ ဒါတွေကြောင့် မျိုးဆက် တဆက်ပြီး တဆက် ဒုက္ခခံစား ရတာပါ" လို့ သူက ညည်းညူ ပါတယ်။
ချန်ဟိုကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အပြစ်တင်ပါတယ်။ ကင်ဂျုံအွန်းဟာ လက်နက်တွေ မစွန့်လွှတ်ဘူး ဆိုတာကို ရှင်းရှင်းကြီးပြနေပေမယ့် ဘာ့ကြောင့် ဆက်လက်ဆွေးနွေးပါ့မယ်ဆိုတာကို ထပ်ပြီး ကမ်းလှမ်းနေသေး တာလဲလို့ အမေးထုတ်ရင်း "အမေရိကန်နဲ့ ကုလသမဂ္ဂက စိတ်ဓာတ် ပျော့ညံ့တယ်" လို့ သူက ပြောပါတယ်။ အဲဒီလို လုပ်နေကြမယ့်အစား အမေရိကန်ဟာ သူ့နိုင်ငံကို တိုက်ခိုက် သင့်တယ်လို့ ဆောက်လုပ်ရေး လုပ်သားက မြင်ပါတယ်။
"စစ်ပွဲနဲ့သာ ဒီခေါင်းဆောင်မှု တခုလုံးကို ရှင်းပစ်နိုင်မှာပါ။ ကျွန်တော်တို့ အသက်ရှင်ဖို့ အတွက်ဆိုရင် ဒီနည်းပဲရှိပါတယ်" လို့ သူက ပြောပါတယ်။
မြုံဆတ်က ဒါကို သဘောတူပါတယ်။ "တကယ်လို့ စစ်ဖြစ်လာမယ်ဆိုရင်တော့ လူတွေက သူတို့ အစိုးရကို ဆန့်ကျင်လာလိမ့်မယ်" လို့ သူက ပြောပါတယ်။ "တကယ့် ကို အဲဒီလို ဖြစ်လာမှာ။"
ဒီထက် ပိုရိုးစင်းတာကို ဂျီယွန်က မျှော်လင့်ပါတယ်။ သူက လူတွေ မငတ်တဲ့၊ သူ့ အိမ်နီးနားချင်းတွေ အသက်ရှင်သန်နေတဲ့၊ သူတို့ အချင်းချင်းကြားလည်း သူလျှို မလုပ်ရတဲ့ လူမှု အသိုင်းအဝိုင်းမှာ သူနေချင်ပါတယ်။ သူ တနေ့ ထမင်း ၃ နပ် စားနိုင် ဖို့လည်း မျှော်လင့်နေပါတယ်။
နောက်ဆုံးအခေါက် သူနဲ့ ပြောကြတုန်းက သူ့ ကလေးအတွက် ကျွေးစရာ သူ့မှာ အစားအစာ လုံလုံ လောက်လောက် မရှိပါဘူး။
ကျွန်တော်တို့ရဲ့တွေ့ရှိချက်တွေကို မြောက်ကိုရီးယား အစိုးရကို ပို့ခဲ့ပါတယ်။ လန်ဒန်က သူတို့ရဲ့ ကိုယ်စားလှယ် သံတမန်တယောက်က "ခင်ဗျားတို့ စုဆောင်း လာတဲ့ သတင်းအချက်အလက်တွေဟာ မမှန်ကန်ပါဘူး။ ဒါတွေက ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတ နိုင်ငံ (DPRK) ကို ဆန့်ကျင်တဲ့ အင်အားစုတွေက ပြောတဲ့ အလိမ် အညာတွေကို အခြေခံပြီး ရေးထားတာပါ။ DPRK ဟာ ခက်ခက်ခဲခဲ အချိန်တွေ မှာတောင် ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးပြီး လူထုရဲ့ အကျိုး စီးပွားအတွက် မယိုင်မလဲ ကြိုးပမ်းဆောင်ရွက်တဲ့ စိတ်ဓာတ်နဲ့ လုပ်ကိုင် နေတာ ဖြစ် တယ်။"
"ခက်ခဲတဲ့ အခြေအနေ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ အချိန်မှာပင် ပြည်သူတွေ ကောင်းကျိုးချမ်းသာရဖို့က ကျွန်တော်တို့ အန္တိမ ဦးစားပေးတဲ့ အရာဖြစ်တယ်။"
ဒီအင်တာဗျူးတွေ ရနိုင်ဖို့ ကူညီခဲ့တဲ့ လီဆန်ယွန်နဲ့ Daily NK အဖွဲ့အစည်းကို ဘီဘီစီ က ကျေးဇူးတင်ပါတယ်။ ချန်ဆောင်ယွမ် နဲ့ NK News အဖွဲ့ကိုလည်း တွေ့ရှိချက် တွေကို ဆန်းစစ်ပေးတာ၊ ဓာတ်ပုံတွေ ပံ့ပိုးပေးတာတွေ အတွက် ဘီဘီစီက ကျေးဇူး တင်ပါတယ်။








