တောင်ဘက်ကို နျူကလီးယားနဲ့ စမ်းတိုက်ကြည့်တယ်လို့ မြောက်ကိုရီးယား ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယားက တောင်ကိုရီးယားထဲက စစ်ဘက်ပစ်မှတ်တွေကို နျူကလီးယားနဲ့ ထိပ်ဖူးတပ် တာတိုပစ် ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ စမ်းသပ်မှုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်ဘက်က ဒေသတွင်းမှာ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဥ်တွေ ဖြန့်ကြက်လာတာနဲ့ ပတ်သက်လို့ သတိပေးတဲ့ အနေနဲ့ စမ်းသပ်ခဲ့တာ ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယား မီဒီယာမှာတော့ ညသန်းခေါင်ပိုင်းက အရှေ့ဘက် ကမ်းရိုးတန်းကနေ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားကို အမြဲဆိုသလို မကျေမနပ် ဖြစ်စေတဲ့ ၀ါရှင်တန်နဲ့ ဆိုးလ်တို့ရဲ့ နှစ်စဥ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ချိန်မှာပဲ အခုလို ပစ်လွှတ်စမ်းသပ်တာလည်း ဖြစ်ပါတယ်။
ပြုံးယမ်းက ဒီလို စစ်ရေး လေ့ကျင့်မှုတွေဟာ အမေရိကန်ဘက်က တိုက်ခိုက်ဖို့ အတွက် အစမ်းလေ့ကျင့်တာ ဖြစ်တယ်လို့ အမြဲပြောနေခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား စစ်တပ်ကလည်း ဗုဒ္ဓဟူးနေ့ အနှောင်းပိုင်းမှာ တောင်ကိုရီးယား ထဲမှာ ရှိတဲ့ ပင်မကွပ်ကဲရေး စခန်းတွေနဲ့ အသုံးပြုနိုင်တဲ့ လေယာဥ်ကွင်းတွေကို မြေလှန်ပစ်မယ့် နျူကလီးယား တိုက်ခိုက်မှုတွေ စမ်းသပ်လေ့ကျင့်ခဲ့တယ်လို့ ပြောပါတယ်။
အကြိမ်ကြိမ် သတိပေးနေတဲ့ ကြားက မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို နေရာချနေတဲ့ ရန်သူတွေကို ရှင်းရှင်းလင်းလင်း သိအောင် ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ မြောက်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တောင်ကိုရီးယားရဲ့ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနကတော့ ပြုံးယမ်းဘက်က သူတို့ ရည်ရွယ်ချက်တွေကို ပြောင်ကျကျ ချပြလိုက်တာ ဖြစ်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ၀ေဖန်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြောက်ဘက်က စစ်ရေးအရ ခြိမ်းခြောက်မှုတွေ၊ ရန်စမှုတွေ ပိုလုပ်လာလေ တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စုနဲ့ ဂျပန်ဘက်က ကြီးမားတဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရလေ ဖြစ်နေမှာပဲလို့ အဲဒီ ၀န်ကြီးဌာနက တာ၀န် ရှိသူ တယောက်က ပြောပါတယ်။
ဂျပန်၀န်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း ဒါဟာ ဂျပန်ရဲ့ ငြိမ်းချမ်းမှုနဲ့ လုံခြုံရေးကိုသာ မကဘဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုပါ ခြိမ်းခြောက်တာ ဖြစ်တယ်လို့ ၀ေဖန်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ဒီနှစ်ထဲမှာ ဒီလို လက်နက်စမ်းသပ်မှုတွေကို စံချိန်တင် လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန် ၂ နိုင်ငံပေါင်း ပြီး ၁၁ ရက်ကြာ ကျင်းပခဲ့တဲ့ Ulchi Freedom Shield စစ်ရေး လေ့ကျင့်မှုမပြီးခင် ၁ ရက်အလိုမှာ အခုနောက်ဆုံး စမ်းသပ်မှုကို လုပ်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုထဲမှာ B-1B မဟာဗျူဟာဗုံးကြဲလေယာဥ် အနည်းဆုံး ၁ စင်းက ကိုရီးယားကျွန်းဆွယ်ပေါ်ကို ဖြတ်ပြီး ပျံသန်းတဲ့ လေ့ကျင့်မှုလည်း ပါ၀င်ကြောင်း တောင်ကိုရီးယား မီဒီယာတွေက ဆိုပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကလည်း သူ့ တပ်မှူးတွေကို တောင်ကိုရီးယားနဲ့ စစ်ဖြစ်ရင် အသင့်ဖြစ်နေစေဖို့ အတွက် ရည်ရွယ်ပြီး ဒီစမ်းသပ်မှုတွေကို ကြည့်ရှုခဲ့တဲ့ အကြောင်း နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။ အဲဒီ လေ့ကျင့်မှုက ရုတ်တရက် ကျူးကျော်တိုက်ခိုက်လာတာကို တုံ့ပြန်တွန်းလှန်တဲ့ လေ့ကျင့်ခန်းဖြစ်ပြီး တန်ပြန်ထိုးစစ်ဆင်ကာ တောင်ပိုင်းတခုလုံးကို သိမ်းပိုက်တဲ့ လေ့ကျင့်ခန်းဖြစ်တယ်လို့ ဆိုထားပါတယ်။
ကုလသမဂ္ဂက ပိတ်ဆို့အရေးမှုတွေ လုပ်ထားတဲ့ ကြားမှာပဲ ကင်ဂျုံအွန်းဟာ နျူကလီးယား ထိပ်ဖူးတွေ တိုးမြှင့်ထုတ်လုပ်ဖို့နဲ့ ပိုပြီးစွမ်းအားကြီးမားတဲ့ လက်နက်တွေ ဖန်တီးတီထွင်မှုတွေ ပိုလုပ်သွားဖို့ အားစိုက်နေပါတယ်။
ပြုံးယမ်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကလည်း စံချိန်တင် စမ်းသပ်မှုတွေ လုပ်ခဲ့သလို ဒီနှစ်မှာလည်း ပုံမှန်အတိုင်း သူတို့ရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို လုပ်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က လွှတ်ခဲ့တဲ့ ဒုံးကျည်တစင်းဆို အမေရိကန် နယ်နိမိတ်အထိ ရောက်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းကလည်း အာကာသထဲကို ဂြိုဟ်တု ၂ ကြိမ် ပစ်လွှတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အောင်မြင်မှုတော့ မရခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
တဘက်မှာ အမေရိကန်ကလည်း ပြုံးယမ်းဟာ ရုရှားနဲ့ လက်နက် အရောင်းအ၀ယ် သဘောတူ စာချုပ်ချုပ်နိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ လအတွင်းက ရုရှား ကာကွယ်ရေး ဝန်ကြီး ပြုံးယမ်းကို ရောက်ခဲ့ပါသေးတယ်၊ သူ့ကိုလည်း မြောက်ကိုရီးယားရဲ့ လက်နက်တွေကို ပြသခဲ့ပါတယ်။
အမေရိကန်ကတော့ မစ္စတာ ချွိုင်ဂူဟာ ဒီခရီးစဥ်ကို အသုံးချပြီး မြောက်ကိုရီးယားက သူတို့ကို လက်နက်ရောင်းရေး နားချဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
အခုတွေ့ဆုံ ဆွေးနွေးမှုတွေရဲ့ နောက် လာမယ့် လပိုင်းတွေ အတွင်းမှာ အဆင့်မြင့် တွေ့ဆုံမှုတွေ လုပ်သွားကြမှာ ဖြစ်တဲ့အကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီက ဂျွန်ကာဘီက ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သူတို့ ညှိနှိုင်းနေကြတဲ့ အထဲမှာ ရုရှားက ယူကရိန်းမှာ အသုံးပြုနိုင်ဖို့ အတွက် မြောက်ကိုရီးယားကနေ စစ်လက်နက် ပစ္စည်း အမြောက်အမြား ရနိုင်ဖို့ အတွက်လည်း ပါ၀င်တယ်လို့ ဆိုပါတယ်။
ပြုံးယမ်းကတော့ သူတို့ဟာ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်မှာ အသုံးပြုဖို့အတွက် ရုရှားကို စစ်လက်နက် ပစ္စည်းတွေ ကူညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အကြိမ်ကြိမ် ငြင်းဆိုထားပြီး ဖြစ်ပါတယ်။








