တိုက်ပွဲတွေကြောင့် ဆူဒန်ပြည်သူ သိန်းနဲ့ချီ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေး-မေ ၂ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

ဆူဒန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်ကနေ စတင်ခဲ့တဲ့ စစ်တပ်နဲ့ စင်ပြိုင်တပ်ဖွဲ့တွေ အကြား တိုက်ခိုက်မှုတွေကြောင့် အိမ်နီးချင်း နိုင်ငံတွေထဲကို ခိုလှုံလာတဲ့ ဆူဒန်ပြည်သူ သိန်းချီရှိတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။

ဆူဒန်ထဲမှာ လူ ၃ သိန်းနီးပါး အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။

ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (အိုင်အိုအမ်) ပြောခွင့်ရ ပေါလ် ဒီလွန်က ပဋိပက္ခကြောင့် သိန်းနဲ့ချီတဲ့ ဆူဒန်ပြည်သူတွေ အိုးအိမ်ကို စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

‘ဧပြီ ၁၅ ရက်ကစခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဆူဒန်ပြည်သူ အနည်းဆုံး ၃၃၄,၀၀၀ လောက် အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေရပါတယ်။ ၂ဝ၂၂ ခုနှစ်က ဆူဒန်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် အိုးအိမ်မဲ့တဲ့ လူစာရင်း ထုတ်ပြန်ချက်တွေထက် အရင်နှစ်ပတ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် ထွက်ပြေးတဲ့သူက ပိုများနေပါတယ်။ ဒါက ဧပြီ ၁၅ ရက်နောက်ပိုင်း ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သိရအောင် ပြောတာပါ’ လို့ သူက ပြောပါတယ်။

မြို့တော် ခါတွန်းမှာလည်းတိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်နေတဲ့ သေနတ်သံတွေနဲ့ လေယာဉ်သံတွေအကြောင်းကိုလည်း မြိုခံတွေက ပြောပြပါတယ်။

ထောက်ပံ့ကူညီမှုတွေက နည်းနည်းချင်း ရောက်ရှိနေတာကြောင့် အထူးသဖြင့် ဒါဖာအနောက်ဘက် ဒေသမှာ အခြေအနေတွေ ဆိုးလာနိုင်တယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် လူ ၈ သိန်း ဆူဒန်ကနေ ထွက်ပြေးဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂက မနေ့က ပြောပါတယ်။

ရုက္ခဗေဒ ဥယျာဉ်ထဲက အဖိုးတန်သစ်တွေ ထိုင်းလက်နက်ကိုင်အဖွဲ့ ခိုးထုတ်

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ရုက္ခဗေဒ ဥယျာဉ်ထဲကို လက်နက်ကိုင် ၃ဝ နီးပါးရှိတဲ့ အုပ်စုတခုက ဝင်ရောက်ပြီး ရှားပါးတဲ့ သစ်တွေကို ကရိန်းတွေနဲ့ ခိုးထုတ်ယူသွားပါတယ်။

ဒေသခံ မီဒီယာတွေရဲ့ သတင်းတွေအရ ဒီဥယျာဉ် တာဝန်ရှိသူတွေ ဒီလို သစ်တွေ ထုတ်ယူရာမှာ ပါဝင်မဝင် ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်း စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

တချို့ကလည်း ဒီလို ဖြစ်တာကို ဘာကြောင့် နောက်ကျမှ သတင်းရတာလဲဆိုတဲ့ အပေါ် မေးခွန်း ထုတ်နေပါတယ်။

တရားမဝင် သစ်ထုတ်သမားတွေဆီကနေ ခန့်မှန်းခြေတန်ဖိုး ဒေါ်လာ ၅၅,၀၀၀ တန်တဲ့ ပယောင်းလို့ခေါ်တဲ့ အဖိုးတန်တဲ့ သစ်တွေ သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။

ဒီဖြစ်ရပ်က ပြီးခဲ့တဲ့ စနေ တနင်္ဂနွေနေ့က ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ထောင်ချီတဲ့ ဟောလီဝုဒ် စာရေးဆရာတွေ ဆန္ဒပြ

ထောင်ချီတဲ့ ဟောလီဝုဒ် ရုပ်ရှင်နဲ့ ရုပ်သံ စာရေးဆရာတွေ လုပ်ခလစာ အငြင်းပွားတာကြောင့် ဆန္ဒပြနေပါတယ်။

ဒစ္စနီ၊ နက်စ်ဖလစ် အပါဝင် တခြားကုမ္ပဏီတွေနဲ့ Writers Guild သမဂ္ဂတို့အကြား နောက်ဆုံးအကြိမ် ဆွေးနွေးမှုတွေ မအောင်မြင်ဖြစ်ခဲ့ပြီး တစုံတရာ သဘောတူညီချက်မရခဲ့ပါဘူး။

ကုမ္ပဏီက ရက်ရောတဲ့ ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပေမဲ့ သမဂ္ဂက ညှိနှိုင်းလို့မရတဲ့ အခြေအနေလို့ ပြောပါတယ်။

ဒါဟာ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် သမဂ္ဂ အဖွဲ့ဝင်တွေ ဒီကနေ့ကနေ စပြီး သပိတ်မှောက်ကြတာ ဖြစ်ပါတယ်။

ဉာဏ်ရည်တု (အေအိုင်)နဲ့ အစားထိုးမှာကို Writers Guild သမဂ္ဂ အဖွဲ့ဝင်တွေက စိုးရိမ်နေကြပါတယ်။

လူနည်းစု ဘာသာဝင်တွေအပေါ် ဖိနှိပ်လို့ အိန္ဒိယကို အမည်ပျက်စာရင်းသွင်းဖို့ အမေရိကန် ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် တိုက်တွန်း

လူနည်းစု ဘာသာဝင်တွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေကြောင့် အိန္ဒိယကို အမည်ပျက်စာရင်း သွင်းဖို့ ဆိုပြီး အမေရိကန် အစိုးရလက်အောက်က အဖွဲ့တခုက တောင်းဆိုလိုက်ပါတယ်။

ဟိန္ဒူ အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ လက်အောက်မှာ ဘာသာရေး လွတ်လပ်ခွင့်တွေ ဆက် ထိန်းချုပ်ထားတယ်လို့ အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့် ကော်မရှင်ရဲ့ နှစ်စဉ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မွတ်ဆလင်တွေနဲ့ ခရစ်ယာန် ဘာသာဝင်တွေ အပေါ် အကြမ်းဖက်မှုတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတဲ့ ဖြစ်ရပ်တွေကို ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အရင်က ဒီထုတ်ပြန်ချက်တွေဟာ ဘက်လိုက်မှုရှိတယ်ဆိုပြီး အိန္ဒိယက ငြင်းဆိုထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အိန္ဒိယနဲ့ နီးစပ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံခြားရေး ဌာနက ဒီကော်မရှင်ရဲ့ အကြံပြုချက်တွေကို လက်ခံဖို့ မျှော်လင့်ချက်က နည်းတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။

၂ဝ၃ဝမှာ ကမ္ဘာကြီးက ပြည့်ဖြိုးမြဲ စွမ်းအင်ကို ၃ ဆ တိုး လုပ်ဆောင်ဖို့ လိုတယ်လို့ ကုလရာသီဥတု ထိပ်သီးဆွေးနွေးပွဲ ဥက္ကဋ္ဌပြော

လာမယ့် ကုလသမဂ္ဂ ရာသီဥတုထိပ်သီး ဆွေးနွေးပွဲရဲ့ ဥက္ကဋ္ဌ ဆူလတန် အာမက် အယ်လ် ဂျာဘာက ၂ဝ၃ဝမှာ ကမ္ဘာကြီးက ပြည့်ဖြိုးမြဲ စွမ်းအင်ကို ၃ ဆ တိုး လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မှာ ကျင်းပတဲ့ ညီလာခံမှာ မစ္စတာ အယ်လ် ဂျာဘာက မြေကနေ ထုတ်တဲ့ သဘာဝ လောင်စာတွေကနေ ဓာတ်ငွေ့ ထုတ်လုပ်မှု လျှော့ချနိုင်ဖို့ ကိုယ်စားလှယ်တွေ အာရုံစိုက် ဆောင်ရွက်ဖို့လည်း သူက ပြောပါတယ်။

ကာဗွန် ထုတ်လုပ်မှုကို တိုင်းတာ အသုံးပြုနိုင်တဲ့ နည်းပညာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စျေးကွက်မှာ ရနိုင်ဖို့လည်း သူက ပြောပါတယ်။

လာမယ့် ရာသီဥတုပြောင်းလဲရေး ထိပ်သီး ဆွေးနွေးပွဲကို ယူအေအီးနိုင်ငံမှာ နိုဝင်ဘာလမှာ ကျင်းပနေပြီး အဘူဒါဘီ အမျိုးသား ရေနံကုမ္ပဏီမှာ အကြီးအကဲ အဖြစ် တာဝန်ယူထားတဲ့ မစ္စတာ အယ်လ် ဂျာဘာကို ခန့်အပ်တဲ့အပေါ် ဝေဖန်မှုရှိနေပါတယ်။