ဖိလစ်ပိုင် နဲ့ တရုတ် သင်္ဘောတို့ တောင်တရုတ်ပင်လယ်မှာ နည်းနည်းတိုက်မိ သတင်း အပါအဝင် အောက်တိုဘာ ၂၂ ရက် ညပိုင်း နိုင်ငံတကာသတင်းတွေ

အငြင်းပွားနေကြတဲ့ တောင်တရုတ် ပင်လယ်ပြင်နေရာ တခုမှာ ဖိလစ်ပိုင် သင်္ဘော တစီးနဲ့ တရုတ် သင်္ဘောတစီးတို့ ၂ ကြိမ်ခန့် နည်းနည်းစီ တိုက်မိသွားပါတယ်။

ဒုတိယမြောက် သောမတ် ရေတိမ်ပိုင်းလို့ ခေါ်တဲ့ ဧရိယာပိုင်းမှာ သောင်တင်နေတဲ့ ဖိလစ်ပိုင်သင်္ဘောဆီကို ဖိလစ်ပိုင်က ထောက်ပံ့ရေး ပို့ဆောင်စဉ် ဒီအဖြစ်တွေ ဖြစ်ခဲ့ တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တဖက်နဲ့ တဖက် အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။

တရုတ်တို့ရဲ့ လုပ်ဆောင်မှုဟာ အန္တရာယ်များတယ်၊ တာဝန်ခံမှု မဲ့တယ်၊ တရားဥပဒေ ဖောက်ဖျက်တယ် စသဖြင့် ဖိလစ်ပိုင်က ဆိုပါတယ်။

တရုတ်က ဖိလစ်ပိုင်တို့ လုပ်တာက ပရော်ဖက်ရှင်နယ် မကျဘူးလို့ ပြောပါတယ်။

ဒီပင်လယ်ရေတိမ်ပိုင်းဟာ ဖိလစ်ပိုင်ရဲ့ အထူးစီးပွားရေးဇုန်ထဲမှာ ရှိနေတာ ဖြစ်တယ်၊ တရုတ်က ပိုင်ဆိုင်လို့မရကြောင်း နိုင်ငံတကာ ခုံရုံးတခုက ဆုံးဖြတ်ခဲ့ပါတယ်။

တရုတ်က အဲဒီ ဆုံးဖြတ်ချက်ကို လျစ်လျူရှုထားပါတယ်။

သြစတြေးလျဝိုင်တွေ အပေါ် အခွန်စည်းကြပ်တာ တရုတ် ပယ်ဖျက်ပေး

လွန်ခဲ့တဲ့ ၃ နှစ်က စပြီး အခွန် စည်းကြပ် ကောက်ယူနေ တဲ့ သြစတြေးလျ ဝိုင်တွေကို တရုတ်က ပယ်ဖျက်ပေးတော့မယ်လို့ ဆိုပါတယ်။

ဒီကြေညာချက်က သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘန်နိဇီ နောက်လ အစောပိုင်းမှာ တရုတ်ကို သွားရောက်မယ် ဆိုတဲ့ သတင်းနဲ့လည်း အချိန်ကိုက် ထွက်ပေါ်လာတာပါ။

ဝိုင်နဲ့ ပတ်သက်ပြီး သြစတြေးလျတို့နဲ့ အားလုံး လက်ခံနိုင်တဲ့ သဘောတူညီချက် ရပြီလို့ ဘေဂျင်းက ဆိုပါတယ်။

အခွန် မတင်းကြပ်ခင်က သြစတြေးလျဝိုင်တွေ နိုင်ငံခြားကို တင်ပို့တာမှာ တရုတ်နိုင်ငံကို အများဆုံး တင်ပို့ခဲ့တာပါ။

အခုအချိန်မှာ သြစတြေးလျဝိုင် လုပ်ငန်းရှင်တွေဟာ လုပ်ငန်းရှင်သန်ဖို့ ရုန်းကန် နေရပါတယ်။

ကိုဗစ် ကမ္ဘာ့ကပ်အရေးကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ လိုတယ်လို့ သြစတြေးလျက တောင်းဆိုပြီးတဲ့ နောက်ပိုင်း တရုတ်က ‌ဒေါသတကြီးနဲ့ တုံ့ပြန်ကာ သြစတြေးလျက ဝိုင်တင်သွင်းတဲ့အပေါ် အခွန် စည်းကြပ်ခဲ့တာပါ။

ဒေသတွင်း ကူးလာတဲ့ တိုက်ခိုက်မှုတွေ

ဒမတ်စကတ် နိုင်ငံတကာ လေဆိပ်ကို အစ္စရေးက လေကြောင်းနဲ့ တိုက်ခိုက်တာ ကြောင့် အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ဆီးရီးယားက ပြောပါ တယ်။

အစ္စရေး မစ်ဇိုင်းတွေက အလက်ပို နိုင်ငံတကာ လေဆိပ်ကိုလည်း ထိမှန်ခဲ့တယ်လို့ ဆီးရီးယား နိုင်ငံပိုင် မီဒီယာက ပြောပါတယ်။

အစ္စရေး နဲ့ ဟားမတ်စ်တို့ ပဋိပက္ခ ဒီလအစောပိုင်းမှာ စခဲ့ပြီးတဲ့နောက် သူတို့ လေဆိပ်တွေ တိုက်ခိုက်ခံရတာ ၂ ကြိမ်ရှိပြီလို့လည်း ဆီးရီးယားက ဆိုပါတယ်။

တချိန်တည်းမှာပဲ လက်ဘနွန် နယ်စပ်နဲ့ နီးတဲ့ နေရာတွေက နောက်ထပ် နိုင်ငံသား တွေ မိမိတို့နေရာကနေ စွန့်ခွာပြီး တခြားနေရာတွေကို ရွှေ့ကြဖို့ အစ္စရေးက အမိန့် ထုတ်ပါတယ်။

အခု တကြိမ်ထုတ်ပြန်တဲ့ အမိန့်အရ အစ္စရေး ရပ်ရွာ ၁၄ ခု ရွှေ့ကြရမှာပါ။

လက်ဘနွန်က ဟစ်ဇ်ဘိုလာတွေနဲ့ အစ္စရေး တပ်တွေ အကြား အပြန်အလှန် ပစ်ခတ်တာတွေက ပိုပြီးတိုးလာနေပါတယ်။

ဟစ်ဇ်ဘိုလာတို့ဟာ လက်ဘနွန်ကို စစ်ထဲ ဆွဲသွင်းဖို့ လုပ်နေကြပြီလို့ အစ္စရေး ကာကွယ်ရေးဌာန ပြောခွင့်ရသူ တယောက်က ဆိုပါတယ်။