ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သရဲပြာ ပုဂ္ဂလိကအာကာသယာဉ် လပေါ်ဆင်းသက်
- ရေးသားသူ, ဂျော့ ဆန်းဒမန်း
- ရာထူးတာဝန်, ဘီဘီစီသတင်း
ပုဂ္ဂလိက အာကာသယာဉ်တစီး လကမ္ဘာပေါ် ဆင်းသက်ခဲ့ပြီး ဒုတိယမြောက် လပေါ် ရောက်တဲ့ စီးပွားဖြစ် အာကာသယာဉ် ဖြစ်လာပါတယ်။
ကမ္ဘာမြေပေါ်က ဇန်န၀ါရီလ ၁၅ ရက်မှာ ထွက်ခွာသွားတဲ့ သရဲပြာ အာကာသယာဉ်ကို အမေရိကန်က ပိုးစုန်းကြူး အာကာသယာဉ် ကုမ္ပဏီက လွှင့်တင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာပေါ်ကနေ လှမ်းမြင်ရတဲ့ လကမ္ဘာက Sea of Crises ချိုင့်ခွက်ကြီးကို စူးစမ်းလေ့လာဖို့ ဖြစ်ပါတယ်။
ဒီစီမံချက်ကို နာဆာ အမေရိကန် အာကာသအေဂျင်စီ နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။
Intuitive Machines ဆိုတဲ့ နောက်ကုမ္ပဏီက လွှတ်တင်တဲ့ အေသီနာ အာကာသယာဉ်ဟာလည်း ရက်ပိုင်းအတွင်း လကမ္ဘာ တောင်ဝင်ရိုးစွန်းနားကို ဆင်းသက်မယ်လို့ ခန့်မှန်းထားပါတယ်။
Intuitive က ပထမဆုံး လပေါ် ဆင်းသက်တဲ့ ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်ပြီး သြဒစ်ဆီးယပ်စ် အာကာသယာဉ်က လပေါ်ကို မနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ရောက်ရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း ချိုင့်ခွက်ရဲ့ ကုန်းစောင်းပိုင်းကို ဆင်းသက်မိလို့ အဆင်းဂီယာတချို့ ကျိုးပြီး အာကာသယာဉ် တိမ်းမှောက်ခဲ့ပါတယ်။
သရဲပြာ အာကာသယာဉ် ဆင်းသက်မှုကတော့ ငြင်သာပြီး ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း လကမ္ဘာကို လှည့်ပတ်နေခဲ့ပါတယ်။
ဆင်းသက်မှု အောင်မြင်တဲ့အတွက် တက္ကဆက်က ပိုးစုန်းကြူး ကုမ္ပဏီ ရုံးချုပ်မှာ ရှိတဲ့ ဝန်ထမ်းတွေ ဟစ်ကြွေး ဂုဏ်ပြုခဲ့ကြပါတယ်။
သရဲပြာဟာ လပေါ် ပထမဆုံး အောင်မြင်စွာ ဆင်းသက်တဲ့ ပုဂ္ဂလိက အာကာသယာဉ်ဖြစ်ကြောင်း Open University က ဂြိုဟ်ကမ္ဘာသိပ္ပံ သုတေသီ ဒေါက်တာ ဆီမီယန် ဘာဘာက ပြောပါတယ်။
အပိုလို အာကာသယာဉ် ခေတ်က အာကာသယာဉ်မှူးတွေ လပေါ် ဆင်းသက်ခဲ့ပြီးနောက် မေ့ပျောက်ထားခဲ့တဲ့ နည်းပညာကို ဒီအာကာသယာဉ်က ပြန်ပြီး သရုပ်ပြခဲ့ကြောင်း သူက ဘီဘီစီကို ပြောပါတယ်။
အာကာသထဲက တခြားနေရာတွေကို စူးစမ်းလေ့လာဖို့ လကို အာကာသယာဉ်လွှတ်တင်တဲ့ စခန်းအဖြစ် သုံးချင်ကြတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေအတွက် လက အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။
လရဲ့ ပူလိုက် အေးလိုက်နဲ့ ဖုန်ထူပြီး ရောင်ခြည်ထုတ်လွှတ်မှု များတဲ့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ အာကာသထဲရောက် စက်ရုပ်တွေ ဘယ်လို လှုပ်ရှား ပြေးလွှားသလဲ သွားပြီး လေ့လာနိုင်ကြောင်း သူက ပြောပါတယ်။
လူတွေ လပေါ် ပြန်သွားချင်ကြပေမယ့် ငွေကြေးအခက်အခဲကြောင့် ဒီလောက် ကြာခဲ့တာလို့လည်း သူက ရှင်းပြပါတယ်။
နောက်ဆုံး လပေါ် လူတွေ ခြေချခဲ့တာ ၁၉၇၂ ဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ပြီး အပိုလို ၁၇ အာကာသယာဉ်မှူးတွေ ဖြစ်ကြပါတယ်။
အပိုလို ခရီးစဉ်တွေက အောင်မြင်မှု ကြီးပေမယ့် သွားပြီး ပြန်ရုံသက်သက် ခရီးစဉ်တွေလို့ ဒေါက်တာ ဘာဘာက ဆိုပါတယ်။
အဲဒီအချိန်တုန်းက အာကာသယာဉ်မှူးတွေ လက ပြန်မထွက်ခင် သုံးရက်ကြာအောင် နေရပြီး စရိတ်က ဒေါ်လာ ဘီလျံနဲ့ချီ ကုန်တာမို့ ရေရှည် မလုပ်နိုင်ခဲ့ဘူးလို့ သူက ပြောပါတယ်။
ပုဂ္ဂလိက ကုမ္ပဏီတွေကို အာကာသစူးစမ်းလေ့လာရေးနယ်ထဲ ထည့်သွင်းတဲ့အတွက် စီးပွားဖြစ် ပြိုင်ဆိုင်မှုတွေ ရှိလာပြီး ကုန်ကျစရိတ် သက်သာမယ်လို့ ယုံကြည်ကြကြောင်း ဒေါက်တာဘာဘာက ပြောပါတယ်။
ဒီပြိုင်ဆိုင်မှုတွေကနေ လပေါ် ဆင်းတဲ့ စျေးသက်သာတဲ့ အာကာသယာဉ်တွေ ပေါ်လာတာနဲ့ လပေါ်ကနေ အာကာသယာဉ်မှူးတွေအတွက် သောက်ရေ ရအောင် ရင်းမြစ်တွေ ထုတ်ယူတာလို တီထွင်မှုတွေ ဖြစ်လာနိုင်ပါတယ်။
လပေါ်ရောက်အောင် ကြိုးစားတဲ့ ပထမဆုံး ပုဂ္ဂလိက ကုမ္ပဏီကလည်း နောက်ထပ် အမေရိကန် ကုမ္ပဏီတခု ဖြစ်ပြီး Astrobotic နည်းပညာကုမ္ပဏီ ဖြစ်ပါတယ်။
၂၀၂၄ ဇန်နဝါရီမှာ လပေါ်ကို ရောက်အောင် ကြိုးစားခဲ့ပေမယ့် လောင်စာယိုစိမ့်မှုကြောင့် လပေါ် မဆင်းနိုင်ဘဲ ကမ္ဘာပေါ်ကို ပြန်ပျက်ကျခဲ့ပါတယ်။