မြောက်ကိုရီးယား ခရီးသွားလုပ်ငန်း ငါးနှစ် အကြာမှာ ပြန်စမယ်

ဆမ်ဂျိယွန်း လေဆိပ်မှာ မြောက်ကိုရီးယား ကော်ယို လေကြောင်း လေယာဉ်တွေ ရပ်ထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆမ်ဂျိယွန်း လေဆိပ်မှာ မြောက်ကိုရီးယား ကော်ယို လေကြောင်း လေယာဉ်တွေ ရပ်ထား
    • ရေးသားသူ, ဂယ်ဗင် ဘတ္တလာနဲ့ ကယ်လီအန်း
    • ရာထူးတာဝန်, ဘီဘီစီသတင်း

မြောက်ကိုရီးယားမှာ ကိုဗစ်ကပ်ရောဂါကြောင့် နယ်စပ်တွေကို ငါးနှစ်ကြာ ပိတ်ထားခဲ့ပြီးနောက် မြို့တမြို့ကို ပြည်ပခရီးသွားတွေအတွက် ပြန်ဖွင့်ပေးတော့မယ်လို့ ခရီးသွား လုပ်ငန်း စီစဉ်သူတွေက ပြောပါတယ်။

နိုင်ငံမြောက်ပိုင်း တောင်ထူထပ်တဲ့ ဒေသက ဆမ်ဂျိယွန်းမြို့ကို မကြာခင် အလည်လာခွင့်ပေးတော့မယ်လို့ တရုတ်ပြည် အခြေစိုက် ခရီးသွား ကုမ္ပဏီ နှစ်ခုက ကြေညာပါတယ်။

၂၀၂၀ အစောပိုင်းမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ကတည်းက မြောက်ကိုရီးယား နယ်စပ်တွေကို ပိတ်ထားခဲ့ပါတယ်။ မနှစ် နှစ်လယ်ပိုင်းကမှ စပြီး ကန့်သတ်မှုတချို့ကို ပြန်လျှော့ပေးခဲ့ပါတယ်။

အရေးကြီးတဲ့ ကုန်စည်တွေ တင်သွင်းမှုကိုပါ ပိတ်ပစ်ခဲ့လို့ မြောက်ကိုရီးယား နိုင်ငံထဲမှာ စားနပ်ရိက္ခာ ပြတ်တောက်ခဲ့ပြီး အဏုမြူ စီမံကိန်းကြောင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုကလည်း ဒီရှားပါးမှုကို ပိုဆိုးစေပါတယ်။

မြောက်ကိုရီးယား မြို့တော် ပြုံယမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယား မြို့တော် ပြုံယမ်း

အခုထိ ဆမ်ဂျိယွန်းကိုပဲ တရားဝင် အတည်ပြုထားပြီး ပြုံယမ်းနဲ့ တခြားနေရာတွေကိုလည်း ဖွင့်ပေးလိမ့်မယ် ထင်ကြောင်း တရုတ်နိုင်ငံ ရှန်ယန်းမြို့က ကေတီဂျီ ခရီးသွားလုပ်ငန်းက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

ဒီဇင်ဘာလမှာ မြောက်ကိုရီးယားက တခြားနေရာတွေကို ခရီးသွားတွေ သွားလည်ကောင်း လည်နိုင်လိမ့်မယ်လို့ ဘေဂျင်းအခြေစိုက် ကော်ယို ခရီးသွားလုပ်ငန်းက ပြောပါတယ်။

တောင်ကိုရီးယားကလွဲပြီး တခြားဘယ်နိုင်ငံကမဆို လာမယ့် ခရီးသည်တွေကို မြောက်ကိုရီးယားအစိုးရက လာခွင့်ပြုမယ်လို့ ကော်ယို ကုမ္ပဏီက ဘီဘီစီကို ပြောပါတယ်။ အမေရိကန်ကတော့ သူ့နိုင်ငံသားတွေကို မြောက်ကိုရီးယား မသွားဖို့ တားမြစ်ထားပါတယ်။

ဒီလို မြောက်ကိုရီးယား ခရီးသွားလုပ်ငန်း ပြန်ဖွင့်မှာကို မယုံကြည်သူတွေလည်း ရှိပါတယ်။ ဒီဇင်ဘာမှာ တကယ် ပြန်ဖွင့်မှပဲ ယုံမယ်လို့ ဆိုကြပါတယ်။

မြောက်ကိုရီးယားက ဆမ်ဂျိယွန်း အပန်းဖြေ စခန်းမြို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားက ဆမ်ဂျိယွန်း အပန်းဖြေ စခန်းမြို့

ဆမ်ဂျိယွန်းမြို့မှာ အကြီးစား ပြုပြင်မှုတွေ ဒီနှစ်ပိုင်းအတွင်း လုပ်ခဲ့ပါတယ်။ ဇူလိုင်လကလည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ဆမ်ဂျိယွန်း လေဆိပ်ကို ပြန်ဆောက်ဖို့ အစီအစဉ်တွေကို ထုတ်ပြခဲ့ပါတယ်။ စစ်တပ် နှင်းလျှောစီးခန်းတခုကိုလည်း အပန်းဖြေရိပ်သာပုံစံ ပြောင်းပြီး ရထားလမ်းသစ်နဲ့ ဟိုတယ်သစ်တွေကိုလည်း ပြည်ပ ခရီးသွားတွေအတွက် တည်ဆောက်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ ရုပ်သံက ကြေညာပါတယ်။

နိုင်ငံတကာ ခရီးသွားလုပ်ငန်းကို ပြန်အသက်သွင်းဖို့ အစီအစဉ် ရှိကြောင်း ကင်ဂျုံအွန်းက ပြောခဲ့ပါတယ်။ ခင်မင်ရင်းနှီးတဲ့ နိုင်ငံတွေက ဧည့်သည်တွေကို ရည်ရွယ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒီပြင်ဆင်မှုတွေ ပြီးသွားရင် ရုရှနဲ့ တရုတ် ခရီးသွားတွေလောက်ပဲ အရင်လာခွင့်ပေးလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ဆမ်ဂျိယွန်းက မြောက်ကိုရီးယားရဲ့ အမြင့်ဆုံး ပိတူးတောင်ခြေမှာ တည်ရှိပါတယ်။ ဒီတောင်က တရုတ်နဲ့ မြောက်ကိုရီးယား နယ်စပ်ကို ခွနေပြီး ဆောင်းရာသီအလှကြောင့် ထင်ရှားပါတယ်။

မြောက်ကိုရီးယားရဲ့ အမြင့်ဆုံး ပိတူးတောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားရဲ့ အမြင့်ဆုံး ပိတူးတောင်ပေါ်က ရေကန်

ဒီတောင်ဟာ မြောက်ကိုရီးယားကို တည်ထောင်တဲ့ ကင်အီဆွန်းနဲ့ ဂျပန်တပ်တွေ စစ်ခင်းခဲ့တဲ့ နေရာ၊ တော်လှန်ရေး စခဲ့တဲ့ နေရာဆိုပြီး မြောက်ကိုရီးယားမှာ ဝါဒဖြန့်ပါတယ်။ ကင်အီဆွန်းက လက်ရှိမြောက်ကိုရီးယား သမ္မတ ကင်ဂျုံအွန်းရဲ့ အဘိုး ဖြစ်ပါတယ်။

နောက်ပြီး ကင်ဂျုံအွန်းရဲ့ ဖခင် ကင်ဂျုံအီးကို ဒီတောင်မှာ မွေးတယ်လို့လည်း ဆိုပါတယ်။

ပိတူး တောင်- ဆမ်ဂျိယွန်း ဇုန်ကို လေးရာသီလုံး လှတဲ့ ခရီးသွားနယ်မြေဖြစ်ဖို့၊ ပြည်ပခရီးသွားလုပ်ငန်းကို ပြန်အသက်သွင်းဖို့ ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီက ဇူလိုင်လက ကြေညာပါတယ်။

၂၀၂၄ နှစ်ဆန်းကတည်းက မြောက်ကိုရီးယားမှာ ရုရှားခရီးသည်တွေပဲ လာခွင့်ပြုခဲ့ပါတယ်။

မနှစ် သြဂုတ်လကမှ စပြီး ကိုဗစ်ကြောင့် နယ်စပ်တွေ ပိတ်ထားလို့ နိုင်ငံထဲ ပြန်ခွင့်မရတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေကို ပြန်လာခွင့် ပြုခဲ့ပါတယ်။

ကင်အီဆွန်း သုံးခဲ့တယ်ဆိုတဲ့ တောစခန်း ပုံစံတူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကင်အီဆွန်း သုံးခဲ့တယ်ဆိုတဲ့ တောစခန်း ပုံစံတူ