ဆီးရီးယားသူပုန်အဖွဲ့ လွှင့်ထူတဲ့အလံကြောင့် နိုင်ငံ့အနာဂတ် မေးခွန်းထုတ်စရာဖြစ်လာ

    • ရေးသားသူ, အမီရာ မက်ဒါဘီ နဲ့ ဟက်ဖီဇူလာ မရွတ်ဖ်
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့်ဌာန

ဆီးရီးယား ကြားဖြတ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်သစ် မိုဟာမက် အယ်လ် ဘရှား ဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒမတ်စကပ်မြို့မှာ ပထမဆုံးအကြိမ် အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပါတယ်။

သူ့ရဲ့ အနောက်မှာတော့ အလံ နှစ်ခုလွှင့်ထူထားတာ တွေ့ရပါတယ်။ တစ်ခုက အလယ်ဗဟိုမှာ အနီရောင်ကြယ် ၃ ပွင့်ပါတဲ့ အစိမ်း၊ အဖြူ၊ အနက် သုံးရောင်ခြယ် တော်လှန်ရေးအလံ ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ မွတ်ဆလင်တွေရဲ့ ဘာသာရေးကျမ်းကို အနက်ရောင်စာလုံးတွေနဲ့ ဖော်ပြထားတဲ့ အဖြူရောင်အလံ ဖြစ်ပါတယ်။

ဒီဒုတိယအလံဟာ ဆီးရီးယားရဲ့ ဒေသတချို့ကို ထိန်းချုပ်ထားတဲ့ ဟိုင်ယက် တာရီယာ အက်ရှမ် (HTS) အစ္စလာမစ် လက်နက်ကိုင်သူပုန်အဖွဲ့ တရားဝင် အသုံးပြုတဲ့အလံ ဖြစ်ပြီး ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံကို အာဏာပြန်သိမ်းယူခဲ့စဉ်က တာလီဘန် အစ္စလာမစ်အဖွဲ့ အသုံးပြုခဲ့တဲ့ အလံနဲ့ ဆင်တူနေပါတယ်။

သမ္မတဟောင်း ဘရှား အယ်လ် အာဆတ်အစိုးရ ပြုတ်ကျခဲ့ချိန် ဒီဇင်ဘာလ ၈ ရက်နေ့မှာ HTS အဖွဲ့နဲ့ တခြား အတိုက်အခံ လက်နက်ကိုင်အုပ်စုတွေက ဆီးရီးယားနိုင်ငံကို ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။ HTS အဖွဲ့ဟာ နိုဝင်ဘာလကုန်ပိုင်းလောက်မှာ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက သူတို့အခိုင်အမာ ထိန်းချုပ်ထားရာ အစ်ဒလစ်ပြည်နယ်ကနေ တောင်ပိုင်းကို ရှေ့တိုး စစ်ဆင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းကစလို့ HTS သူပုန်အဖွဲ့ခေါင်းဆောင် အဘူ မိုဟာမက် အယ်လ် ဂျိုလာနီ ( အခုအခါ အာမက် အယ်လ် ရှာရား အဖြစ် အများသိကြ) က ဆီးရီးယားနိုင်ငံတွင်းမှာ ရှိတဲ့ လူနည်းစု ဘာသာဝင်အားလုံးကို ကိုယ်စားပြုတဲ့ ညီညွတ်ရေးအစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမှာ ဖြစ်ပြီး ဘယ်ဘာသာရေးအုပ်စုဝင်တွေကိုမှ ဖိနှိပ်အရေးယူတာမျိုး လုပ်မှာမဟုတ်ဘူးဆိုတာကို ဆီးရီးယားပြည်သူတွေ စိတ်ချလာစေဖို့ ကြိုးစားနေပါတယ်။

အစ္စလာမစ်အစိုးရ အုပ်ချုပ်တဲ့ စနစ်ဖြစ်လာမှာကို မစိုးရိမ်ကြဖို့ကိုလည်း လူတွေကို အာမခံနိုင်အောင် သူက ကြိုးစားနေပါတယ်။

ဒါပေမဲ့ အစ္စလာမစ် ကျမ်းစာရေးထိုးထားတဲ့ ဒီအလံဖြူကြောင့် ဆီးရီးယားရဲ့ နိုင်ငံရေး အနာဂါတ်ကို ဘယ်လို အဓိပ္ပာယ်ဖော်စေချင်တာလဲဆိုတာအပေါ် ဆီးရီးယား ပြည်သူတွေအကြား မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။

ဆိုရှယ်မီဒီယာပေါ်က ဒေါသထွက်၊ ကြောက်ရွံ့စိုးရိမ်သံတွေ

"ဒီအစ္စလာမစ် အလံဖြူကို တွေ့လိုက်ရတာကြောင့် လူအတော်များများ တုန်လှုပ်ချောက်ခြားကုန်ကြတယ်"လို့ ဘီဘီစီ အာရပ်ဘာသာဌာန အထူးသတင်းထောက် ဖီရက်စ် ကီလာနီ က ဆီးရီးယားနိုင်ငံကနေ သတင်းပို့ခဲ့ပါတယ်။

"ဒါဟာ အစိုးရသစ်အနေနဲ့ တာလီဘန်ရဲ့ ပုံစံအတိုင်း လိုက်လုပ်လာဖွယ် ရှိပြီး ရှာရီယာဥပဒေနဲ့ အုပ်ချုပ်တဲ့ အစ္စလာမစ်နိုင်ငံ အစိုးရတစ်ရပ်ကို ဖန်တီးလာနိုင်တယ် ဆိုတာကို ဖော်ပြနေတယ်"လို့ ကီလာနီ က ပြောပါတယ်။

ဒီအစ္စလာမစ် အလံဖြူ လွှင့်ထူခဲ့တဲ့အတွက် "အကြီးအကျယ် စိတ်ပျက်သွားခဲ့ရကြောင်း" လူတချို့က ဆိုရှယ်မီဒီယာပေါ်ကနေ ရေးသား ဖော်ပြခဲ့ကြပါတယ်။

ဆီးရီးယားပြည်သူတွေကို မိန့်ခွန်းပြောချိန်မှာ ဝန်ကြီးချုပ် အယ်လ် ဘရှား က သူ့ရဲ့အနောက်မှာ အစ္စလာမစ်အလံတစ်ခုကို လွှင့်ထူပြခဲ့တာဟာ "ရိုင်းပြစော်ကားမှု" တစ်ခုဖြစ်တယ်လို့ ဆီးရီးယား နိုင်ငံရေးလှုပ်ရှားသူ သတင်းထောက် ရာမီ ဂျာရားက ပြောပါတယ်။

"ဒီပုဂ္ဂိုလ်ဟာ ဘာသာပေါင်းစုံပါဝင်တဲ့ ဆီးရီးယား ပြည်သူတွေကို ကိုယ်စားပြုရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးကို အကြီးအကျယ် စော်ကားလိုက်တာပါပဲ"လို့ သူက X လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။

လူတချို့ကတော့ အစိုးရအဖွဲ့အဆောက်အအုံထဲမှာ တော်လှန်ရေးအလံကလွဲလို့ တခြားအလံ လွှင့်ထူတာမျိုးကို ကန့်ကွက်ကြောင်း ထုတ်ဖော် ရေးသားခဲ့ကြပါတယ်။

"ကျွန်တော်တို့က ဘာ့သ်ပါတီ ရဲ့ ဒဏ်ကို ကောင်းကောင်း ခံခဲ့ရပြီးပါပြီ။ အလားတူ ဒုက္ခမျိူး ပြန်မကြုံချင်တော့ပါဘူး"လို့ သတင်းထောက် နီဒါလ် အယ်လ် အမာရီ က X လူမှုကွန်ရက်မှာ ရေးသားပါတယ်။

ဒါပေမဲ့ တခြား ဆီးရီးယားပြည်သူတွေကတော့ ဒီအလံဖြူ လွှင့်ထူတာဟာ ဆီးရီးယားမှာ တာလီဘန်အစိုးရရဲ့ ပုံစံအတိုင်း အတုခိုး အုပ်ချုပ်မယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလို့ ယူဆနေကြပြီး ဒီအလံဖြူ လွှင့်တဲ့ကိစ္စကို အန္တရာယ်တစ်ခုအဖြစ် မမြင်ကြပါဘူး။ တချို့ကတော့ ဒီအလံဟာ ဆီးရီးယားမှာ ရှိတဲ့ တခြားနိုင်ငံရေးပါတီတွေရဲ့ အလံ ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုပြီး ပြောနေကြပါတယ်။

တာလီဘန်အလံကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာ

အာဖဂန်နစ္စတန်မှာရှိတဲ့ တာလီဘန်အစိုးရက ဆွန်နီနဲ့ ဂျီဟာ့ဒ်ဝါဒ အစွန်းရောက် အယူသဘောတရားတစ်ခုကို လိုက်နာ ကျင့်သုံးနေတာ ဖြစ်ပါတယ်။ တာလီဘန်အုပ်စုဟာ ၁၉၉၆ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို ပထမဆုံးအကြိမ် အာဏာသိမ်းခဲ့စဉ်ကတည်းက မွတ်ဆလင် ကျမ်းစာသားတွေကို အနက်ရောင်နဲ့ ဖော်ပြထားတဲ့ အလံဖြူကို အသုံးပြုလာခဲ့တာပါ။

HTS သူပုန်အဖွဲ့ဟာလည်း အလားတူ အလံကို အချိန်အတော်ကြာ သုံးနေခဲ့ပြီး အစ်ဒလစ်ပြည်နယ်မှာ ဖွင့်လှစ်ထားရှိတဲ့ အစိုးရအဆောက်အအုံတွေမှာ လွှင့်ထူထားတာကို တွေ့ရပါတယ်။

HTS အဖွဲ့နဲ့ တာလီဘန်အဖွဲ့က အလံချင်း ဆင်တူနေပေမဲ့ သူတို့နှစ်ဖွဲ့က တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အတုခိုး ကော်ပီကူးတာမျိုး မရှိဘူးလို့ တာလီဘန်အစိုးရ ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဆီးရီးယားမှာ HTS လက်နက်ကိုင်အဖွဲ့ က နိုင်ငံရေး၊ စစ်ရေးအသာစီး ရသွားခဲ့တဲ့အတွက် အာဖဂန်နစ္စတန်မှာရှိတဲ့ တာလီဘန်အစိုးရက ကြိုဆို အောင်ပွဲခံနေကြပြီး ဒီလိုအသာစီးရမှုကနေ ဆီးရီးယားမှာ အစ္စလာမစ် အစိုးရအဖွဲ့တစ်ဖွဲ့ ထူထောင်လာနိုင်တဲ့အထိ ဖြစ်လာဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

အာဆတ်အစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့အတွက်ဆိုပြီး တာလီဘန် ထောက်ခံအားပေးသူတွေနဲ့ သူတို့ရဲ့ မိတ်ဖက်အဖွဲ့တချို့က ပြည်နယ်အတော်များများက လူထုစုဝေးပွဲတွေမှာ မုန့်အချိုတွေ လိုက်ဝေရင်း အောင်ပွဲခံခဲ့ကြပါတယ်။

တာလီဘန်နဲ့ HTS အဖွဲ့ အကြား တူညီမှု ရှိတယ်လို့ ပြောနေကြတဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ကတော့ သူတို့နှစ်ဖွဲ့အကြား အယူဝါဒပိုင်းဆိုင်ရာ ဆက်နွှယ်မှု ရှိနေတာ ဖြစ်ပါတယ်။

"အာဖဂန်နစ္စတန်အစိုးရနဲ့ ဆီးရီးယားအစိုးရ ပြုတ်ကျခဲ့ပုံ ဇာတ်လမ်းက တူနေပါတယ်။ အစိုးရနှစ်ဖွဲ့စလုံး တနင်္ဂနွေနေ့မှာ ဖြုတ်ချခံခဲ့ရတယ်။ ၁၁ ရက်အတွင်း အသိမ်းခံခဲ့ရတယ်။ နှစ်နိုင်ငံစလုံးရဲ့ ခေါင်းဆောင်တွေ ပြည်ပကို ထွက်ပြေးခိုလှုံခဲ့တယ်" လို့ အာဖဂန်သမ္မတရုံးက တာလီဘန် ထိပ်တန်းတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက X လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က CNN သတင်းဌာနနဲ့ အင်တာဗျူးမှာလည်း အယ်လ် ဂျိုလာနီ ရဲ့နောက်မှာ တော်လှန်ရေးအလံနဲ့အတူ အစ္စလာမစ် အလံဖြူ လွှင့်ထူထားတာ တွေ့ရပါတယ်။ အစ္စလာမစ်အစိုးရစနစ်နဲ့ အုပ်ချုပ်မှာကို လူတွေ မစိုးရိမ်သင့်ကြောင်းနဲ့ ဆီးရီးယား လူမှုအသိုင်းအဝိုင်းရဲ့ မတူကွဲပြားတဲ့ ဘာသာဝင်အားလုံး ကို ကိုယ်စားပြုတဲ့ အစိုးရအဖွဲ့က အုပ်ချုပ်သွားမှာ ဖြစ်ကြောင်း အယ်လ် ဂျိုလာနီက သူ့ အင်တာဗျူးထဲမှာ အာမခံ ပြောသွားခဲ့ပါတယ်။

အစ္စလာမစ်နိုင်ငံ ISအဖွဲ့ အပါအဝင် ဆီးရီးယားမှာရှိတဲ့ အစ္စလာမစ်အုပ်စုတွေအကြောင်း ကျွမ်းကျင်သူ အိုင်မန် အယ်လ် တာမီမီကတော့ HTS သူပုန်အဖွဲ့က အစ္စလာမစ် အလံဖြူကို လွှင့်ထူခဲ့တာဟာ ဆီးရီးယားမှာ "အစ္စလာမစ် အုပ်ချုပ်တဲ့ စီမံကိန်းတစ်ခုကို သူတို့ကိုယ်စားပြုနေပါတယ်" ဆိုတာကို ပြချင်တဲ့သဘောဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

"ဒီအလံဟာ HTS အဖွဲ့ အနေနဲ့ ကာလတာရှည် ကိုင်စွဲလာတဲ့ ရပ်တည်ချက်နဲ့အညီ သူတို့ဟာ ဆီးရီးယားမှာရှိတဲ့ ဆွန်နီဘာသာဝင်တွေကို ကိုယ်စားပြုတဲ့ အဖွဲ့တစ်ဖွဲ့ဆိုတာကို ထင်ဟပ်ပြနေတာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဆီးရီးယား လူမှုအသိုင်းအဝိုင်းဟာ မိန်းကလေးငယ်တွေကို အထက်တန်းပညာ သင်ယူခွင့် ပိတ်ပင်တာမျိုးလို ကန့်သတ်ချုပ်ချယ်မှုတွေ ဒါမှမဟုတ် လူထုရွေးကောက်ပွဲတွေကို ပိတ်ပင် ဟန့်တားတဲ့ အာဏာရှင်အစိုးရအဖွဲ့ တည်ထောင်တာမျိုးတွေကို အများက လက်ခံကြမှာမဟုတ်တာကြောင့် HTS အဖွဲ့အနေနဲ့ တာလီဘန်လို အလားတူ အစိုးရပုံစံမျိုး တည်ထောင်ဖို့ အတော်လေးကို ခက်မှာ ဖြစ်ပါတယ် လို့ အယ်လ် တာမီမီ က ရှင်းပြပါတယ်။