တရုတ်မှာ ပင်စင်သက်ကို နှစ် ၇၀ ကျော်အတွင်း ပထမဆုံးအကြိမ် တိုးမြှင့်သတ်မှတ်

တရုတ်၊ ပင်စင် အငြိမ်းစား၊ သက်ကြီးရွယ်အို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သက်ကြီးရွယ်အိုများလာနေတဲ့ တရုတ်နိုင်ငံမှာ ပြဌာန်းထားတဲ့အရွယ်ထက် စောပြီး ပင်စင် ယူခွင့်မပြု
    • ရေးသားသူ, ကယ်လီ ငါ့
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန

တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ တိုးလာနေမှုနဲ့ ပင်စင်အသုံးစရိတ် ဝန်ပိနေမှုကို ဖြေရှင်းတဲ့အနေနဲ့ ၁၉၅၀ ပြည့်လွန်ပိုင်းကစလို့ ပထမဆုံးအကြိမ်အဖြစ် ပင်စင်ယူတဲ့ အသက်အရွယ်ကို တဖြည်းဖြည်းချင်း တိုးသတ်မှတ်သွားမယ်လို့ အစိုးရက ထုတ်ဖော် ကြေညာလိုက်ပါတယ်။

ကာယဝန်ထမ်း အမျိုးသမီးတွေ ပင်စင် ယူရမယ့် အသက်ကို ၅၀ နှစ်ကနေ ၅၅ နှစ်အထိ၊ ဉာဏဝန်ထမ်း အမျိုးသမီးတွေ ပင်စင်ယူရမယ့် အသက်ကို ၅၅ ကနေ ၅၈ အထိ တိုးမြှင့်သတ်မှတ်ဖို့ အဆိုပြုချက်ကို ဥပဒေရေးဆွဲရေးအဖွဲ့က သောကြာနေ့က အတည်ပြုလိုက်ပါတယ်။

အမျိုးသားတွေ ပင်စင်ယူရမယ့် အသက်ကိုတော့ ၆၀ ကနေ ၆၃ အထိ တိုးမြှင့်မှာ ဖြစ်ပါတယ်။

လက်ရှိပြဌာန်းချက်အရ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး ပင်စင်ယူတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။

သောကြာနေ့က အတည်ပြုလိုက်တဲ့ ဒီအစီအစဉ်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကစလို့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်သွားမှာ ဖြစ်ပြီး လာမယ့် ၁၅ နှစ်အတွင်း လအနည်းငယ်တိုင်း ပင်စင်အသက်အရွယ်ကို တိုးမြှင့်သွားဖို့ ရှိတယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

ပင်စင် နောက်ကျ ယူချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့ ပင်စင်အသက်ကနေ ၃ နှစ် မကျော်ရင် ရပေမဲ့ ပင်စင် စောယူတာကိုတော့ ခွင့်ပြုမှာမဟုတ်ဘူးလို့ ရှင်ဝှာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ပင်စင်လစာ ရနိုင်ဖို့ အလုပ်သမားတွေအနေနဲ့ ၂၀၃၀ ခုနှစ်ကစလို့ လူမှုဖူလုံရေး စနစ်မှာ နောက်ထပ် ငွေထပ်ထည့်ဝင်ကြရမှာ ဖြစ်ပါတယ်။ သူတို့ပင်စင် ခံစားခွင့်ရဖို့ အတွက် ၂၀၃၉ ခုနှစ်မတိုင်ခင် နှစ် ၂၀ ငွေထည့်ဝင်ရမှာ ဖြစ်ပါတယ်။

၂၀၃၅ ခုနှစ်မတိုင်ခင် တရုတ်နိုင်ငံရဲ့ အဓိက ပင်စင် ရန်ပုံငွေ ပြတ်လပ်သွားလိမ့်မယ်လို့ တရုတ်အစိုးရရဲ့ လူမှုသိပ္ပံ အကယ်ဒမီဌာနက ၂၀၁၉ ခုနှစ်တုန်းက ခန့်မှန်းခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့တဲ့ ကိုဗစ် ကာလမတိုင်ခင်က ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပင်စင်ယူတဲ့အရွယ် တိုးမြှင့်သတ်မှတ်ဖို့နဲ့ ပင်စင်မူဝါဒ ပြင်ဆင်ဖို့ အစီအစဉ်ဟာ တရုတ်နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း၊ ကျန်းမာရေး အခြေအနေ၊ လူဦးရေ တည်ဆောက်မှု၊ ပညာရေးအဆင့်အတန်းနဲ့ အလုပ်သမားထု ဖြည့်ဆည်းနိုင်မှုတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ထားမှုအပေါ် အခြေခံ ရေးဆွဲခဲ့တာ ဖြစ်တယ်လို့ ရှင်ဝှာ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီကြေညာချက်ကြောင့် တချို့က အဆိုးပြောကြပြီး မကျေနပ်မှုတွေကို တရုတ်လူမှုကွန်ရက် အင်တာနက်ပေါ်ကနေ ဖွင့်ဟ ဖော်ထုတ်ခဲ့ကြပါတယ်။

"ငါတို့ အသက် ၈၀ ရောက်တဲ့အထိ ပင်စင်ယူမယ့်အသက်ကို ဆွဲထားတဲ့ နောက်ထပ် ဥပဒေကြမ်းတစ်ခု လာမယ့် ၁၀ နှစ်အတွင်း ထပ်ထွက်လာလိမ့်မယ်"လို့ ဝေဘို တရုတ် လူမှုကွန်ရက်ပေါ်မှာ တစ်ယောက်က ရေးခဲ့ပါတယ်။

"စိတ်ညစ်စရာ ကောင်းတဲ့ နှစ်တစ်နှစ်ပဲ။ လူလတ်ပိုင်း အလုပ်သမားတွေတော့ လစာဖြတ်တာတွေနဲ့ ကြုံနေရပြီး ပင်စင်ယူရမယ့်အသက် အတိုးခံခဲ့ရတယ်။ အလုပ်မရှိသူတွေလည်း အလုပ်ရဖို့ ပိုခက်လာတော့မယ်" လို့ တစ်ယောက် ရေးထားပါတယ်။

တချို့ကတော့ ဒီကြေညာချက် ထုတ်ပြန်မှာကို ကြိုသိနေတယ်လို့ ဆိုပါတယ်။

"ထင်တဲ့အတိုင်း ဖြစ်လာတာပါ။ ဘာမှ ပြောစရာ မရှိပါဘူး"

"ဥရောပနိုင်ငံ အများစုက အမျိုးသားတွေ ဆိုရင် အသက် ၆၅ နှစ်၊ ၆၇ နှစ်လောက်၊ အမျိုးသမီးတွေဆိုရင် ၆၀ လောက် ရောက်မှ ပင်စင်ယူကြတာပါ။ ဒါက တရုတ်နိုင်ငံကလည်း ခေတ်နဲ့အမီ လိုက်လာနေတာပါ" လို့ ၀ေဘို လူမှုကွန်ရက်ပေါ်မှာ တစ်ယောက်က ရေးထားပါတယ်။

တရုတ်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း ဆက်လက် ကျဆင်းလာနေရာမှာ တရုတ်ရဲ့ လူဦးရေဟာ ၂၀၂၃ ခုနှစ်မှာ ဒုတိယမြောက်နှစ်အဖြစ် ဆက်တိုက် လျော့နည်းလာခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ တရုတ်နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်းဟာ ၇၈ နှစ် ၂ လ အထိ တိုးလာခဲ့တယ်လို့ တရုတ်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက အခုနှစ် အစောပိုင်းက ပြောပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့အဆိုအရ တရုတ်လူဦးရေ သန်း ၄၂၀ လောက်ဟာ ၂၀၄၀ ခုနှစ်မှာ အသက် ၆၀ ကျော်အရွယ်တွေ ဖြစ်မှာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းကတော့ အသက် ၆၀ ကျော်အရွယ်က ၂၅၄ သန်းလောက်ပဲ ရှိပါတယ်။

လူဦးရေ ပြဿနာ အကျပ်အတည်းကြီးတစ်ခု ပေါ်ထွက်လာ

စီးပွားရေး နှေးကွေးမှု၊ အစိုးရ အကျိုးခံစားခွင့် လျော့နည်းလာမှု၊ ဆယ်စုနှစ်တစ်ခုကြာ ချမှတ်ထားတဲ့ ကလေးတစ်ယောက်တည်းယူခွင့် မူဝါဒ စတာတွေကြောင့် တရုတ်နိုင်ငံမှာ လူဦးရေ ပြဿနာ အကျပ်အတည်းကြိးတစ်ခု ပေါ်ထွန်းလာခဲ့ရတယ်လို့ တရုတ်အရေးဆိုင်ရာ ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ခါ က အခုနှစ် အစောပိုင်းက ရေးသားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ပင်စင် ရန်ပုံငွေက ခြောက်ခမ်းလာနေသလို တစ်နေ့တခြား တိုးပွားလာနေတဲ့ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်နိုင်ဖို့အတွက် လုံလောက်တဲ့ ငွေ ရနိုင်ဖို့ အချိန်ကလည်း သိပ်မရှိတော့ပဲ ဖြစ်လာနေပါတယ်။

တရုတ်နိုင်ငံမှာ လက်ရှိ အသက် ၅၀ ကနေ ၆၀ အကြား အရွယ်လူ သန်း ၃၀၀ လောက်ဟာ လာမယ့် ဆယ်စုနှစ်အတွင်း ပင်စင်ယူကြမှာဖြစ်ပြီး အလုပ်ကနေ ထွက်ကြဖို့ ရှိပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ အများဆုံး အသက်အရွယ်အုပ်စုကြီး ဖြစ်ပြီး အမေရိကန် လူဦးရေ တစ်ခုလုံးနီးပါးနဲ့ ညီမျှပါတယ်။ သူတို့ကို ဘယ်သူက စောင့်ရှောက်မှု ပေးမှာလဲ ဆိုတာ မေးစရာ ဖြစ်နေပါတယ်။