အလုပ်အတွက် ၂၄ နာရီ ဖုန်းဖွင့်ထားဖို့ ပြောတဲ့ Baidu အရာရှိကြီး ပြန်တောင်းပန်နေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံမှာ လူသုံးအများဆုံး Search Engine ကုမ္ပဏီဖြစ်တဲ့ Baidu ရဲ့ လူထုဆက်ဆံရေး ဌာန အကြီးအကဲက ဝန်ထမ်းတွေ ရေကုန်ရေခန်း အလုပ်လုပ်ကြဖို့ သူ့ရဲ့ ပြောဆိုချက်အပေါ် လူထုရဲ့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးနောက် ပြန်တောင်းပန်လိုက်ပါတယ်။
Qu Jing က ''ကျွန်မက ရှင်တို့ရဲ့ အမေ မဟုတ်လို့ ဝန်ထမ်းတွေရဲ့ သာယာဝပြောရေးနဲ့ ပတ်သက်လို့ တာဝန်မရှိဘူး' လို့ ပြောကြားထားတဲ့ ဗီဒီယိုတော်တော်များများ Douyin အက်ပ်ပေါ်မှာ ပျံ့နှံ့ခဲ့တာပါ။ Douyin ဆိုတာ တစ်တော့လို အက်ပ်မျိုးပါ။
သူ့ရဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုနဲ့ ပတ်သက်လို့ ပြစ်တင်ပြောဆိုတဲ့ လက်အောက်ငယ်သားတွေကို လက်တုံ့ပြန်သွားမယ်လို့လည်း သူက ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ ဒါ့အပြင် အဲဒီလူတွေနဲ့ပတ်သက်ပြီး သူစာလေးနည်းနည်းရေးလိုက်ရုံနဲ့ ဒီလုပ်ငန်းအသိုင်းအဝိုင်းမှာ နောက်အလုပ် မရစေရဘူးလို့ ရေးထားတဲ့ ပို့စ်လည်း တင်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ သူ့ရဲ့ ပို့စ်တွေက ဝေဖန် အငြင်းပွားမှုတွေ အကြီးအကျယ် ဖြစ်စေတယ်လို့ ဆိုကာ ဖြုတ်ချခဲ့တာပါ။
ဒါတွေနဲ့ ပတ်သက်ပြီး လေးလေးနက်နက်နဲ့ ရိုးသား နှိမ့်ချစွာ တောင်းပန်အပ်ပါတယ်လို့ WeChat မှာ သူက ရေးသားထားပါတယ်။
သူ့ရဲ့ပြောဆို ရေးသားချက်တွေ အရ တရုတ်နိုင်ငံက နည်းပညာ ကုမ္ပဏီကြီးတွေရဲ့ အလုပ်ခွင်မှာ အလုပ်နဲ့ သာယာ၀ပြောရေး ကိစ္စတွေကြား မမျှမတ ဖြစ်နေတာကို ဆိုးဆိုးရွားရွား ထင်ဟပ်စေပါတယ်။
တရုတ်က နာမည်ကြီး အလီဘာဘာ ကုမ္ပဏီ တည်ထောင်သူ ဂျက်မား ကတော့ 996 လို့ခေါ်တဲ့ မနက်ကိုးနာရီကနေ ညကိုးနာရီ အထိ တပတ်မှာ ၆ ရက် အလုပ်လုပ်တဲ့ အလေ့အထကို ချီးမွမ်းပြောဆိုခဲ့တာကြောင့် သူလည်း နာမည်ကြီးခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အစောပိုင်းတုန်းက ထွက်ပေါ်ခဲ့ဖူးတဲ့ တခြား ဗီဒီယို တခုမှာလည်း Qu Jing ဟာ အလုပ်ခွင်မှာ တချိန်လုံးနှစ်မြှုပ်ထားတာကြောင့် သားဖြစ်သူ စာမေးပွဲ အဆင့်ဘယ်လောက်နဲ့ အောင်သလဲဆိုတာတောင် မသိ ဖြစ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
လူထုဆက်ဆံရေး ဌာနမှာ အလုပ်လုပ်ရင် စနေ တနင်္ဂနွေ တွေမှာ အလုပ်ကနေ အနားယူဖို့ မစဉ်းစားနဲ့လို့ သူက နောက်ဗီဒီယို တခုမှာ ဆိုထားပါတယ်။
ရှင်တို့ရဲ့ ဖုန်းတွေကို ၂၄ နာရီ အမြဲ ဖွင့်ထားပြီး အမြဲတမ်း အဆင်သင့် တုံ့ပြန်နိုင်အောင် ပြင်ထားပါလို့ သူက မှာကြားထားပါတယ်။
သူ့ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ ဘိုင်ဒူးကုမ္ပဏီ ကတော့ တစုံတရာ တုံ့ပြန်တာ မရှိပါဘူး။
သူ့ရဲ့ ပြောဆိုချက်တွေဟာ ဘိုင်ဒူးကုမ္ပဏီနဲ့ သက်ဆိုင်မှု မရှိဘဲ သူ့အနေနဲ့ ဒီလို ပြောကြားချက် ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ် မတင်ခင်မှာ ကုမ္ပဏီထံက ခွင့်ပြုချက် ရယူခဲ့တာမျိုး မရှိခဲ့ပါဘူးလို့ သူ့ရဲ့ တောင်းပန်လွှာမှာ ပြောကြားထားပါတယ်။
သူ့ရဲ့ အထာမကျတဲ့ ဗီဒီယိုတွေကြောင့် လူထုအနေနဲ့ သူ့ကုမ္ပဏီ ဂုဏ်သိက္ခာ အစဉ်အလာတွေအပေါ် နားလည်မှုလွဲစေခဲ့တဲ့ အတွက် တောင်းပန်ပါတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် အခု ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကနေ သင်ခန်းစာယူပြီး လူတွေနဲ့ ဆက်သွယ် ဆောင်ရွက်တဲ့ အခါ တိုးတက်မှု ရှိအောင် လုပ်သွားပါ့မယ်၊ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကိုလည်း ဂရုစိုက် စောင့်ရှောက်သွားပါ့မယ်လို့ သူက ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တရုတ် လူမှုကွန်ရက် Weibo ပေါ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြင်းခုန် ပြောဆိုမှုတွေ အကြီးအကျယ် ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။
ကုမ္ပဏီ ဒုဥက္ကဋ္ဌ တယောက်အနေနဲ့ လက်အောက်ခံ ငယ်သားတွေ စက်ဆုပ်ရွံရှာမှု ဖြစ်စေတဲ့ ပြောကြားချက်တွေ၊ သဘောထားတွေကို သိထားသင့်ပြီး လူထုကို ပြောဆို ဆက်ဆံရာမှာလည်း ဒါမျိုးတွေ ရှောင်ရှားသင့်တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သူဟာ ငယ်သားတွေနဲ့ ဆက်ဆံရေး ကွာဟနေတယ် ဆိုတာ ပြနေတယ်လို့ လူမှုကွန်ရက် သုံးစွဲသူ တဦးက ရေးသားထားပါတယ်။
နောက်တယောက်ကလည်း Qu Jing ဟာ ဘိုင်ဒူး ရဲ့ လူထုဆက်ဆံရေး ဌာနကို ဦးဆောင်ရသူ ဖြစ်ပေမဲ့ လူထုဆက်ဆံရေး ညံ့ဖျင်းလွန်းလှတယ် ၊ အလုပ်ခွင်မှာ ကျွမ်းကျင်ပိုင်နိုင်မှု မရှိဘူး ဆိုတာ ပြနေတယ်လို့ တုံ့ပြန် ထားပါတယ်။








