ဖေဖော်ဝါရီ ၁၅ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ်- စစ်ကော်မရှင်က တီမောသံရုံးယာယီတာဝန်ခံကို မြန်မာက‌နေ ထွက်ခွာခိုင်း

စစ်ကော်မရှင်ရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းမှုနဲ့ စပ်လျဥ်းတဲ့ သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာ - ဝဲအစွန်ဆုံး (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, စစ်ကော်မရှင်ရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းမှုနဲ့ စပ်လျဥ်းတဲ့ သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာ - ဝဲအစွန်ဆုံး (ပုံဟောင်း)
ဖတ်ရန်အချိန်: မိနစ် ၁၆

တီမောလက်စ်တေသံရုံးယာယီတာဝန်ခံကို မြန်မာနိုင်ငံ ကနေ ၇ ရက်အတွင်း ထွက်ခွာဖို့ ပြောထားတယ်လို့ စစ်ကော်မရှင်က ဖေဖော်ဝါရီ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်အပြောအရ တီမော သံရုံးယာယီတာဝန်ခံဟာ ဖေဖော်ဝါရီ ၂၀ ရက်မှာ နောက်ဆုံးထားထွက်ခွာရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တီမောအနေဖြင့် မြန်မာ နိုင်ငံအပေါ်ထားရှိတဲ့ သဘောထားနဲ့ ရပ်တည်ချက်ပြောင်းလဲခြင်းမရှိသေးရင်ပိုမိုပြင်းထန်တဲ့ အစီအမံများ ထပ်မံချမှတ်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အာဆီယံနိုင်ငံချင်း ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေးမူ အပါအဝင် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာတာမရှိတာကြောင့်လို့ဆိုပါတယ်။

တီမောအနေနဲ့ မြန်မာနဲ့ပတ်သက်ရင် အာဆီယံပဋိညာဉ်ပါအခြေခံမူတွေကို လေးစားလိုက်နာဖို့ စာနဲ့ လည်းကောင်း၊ နှုတ်နဲ့ လည်းကောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့လို့ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စအပေါ် မြန်မာက ပြန်လည်သုံးသပ်ပေးခဲ့ပေမယ့် လိုက်နာဆောင်ရွက်ခြင်းမရှိဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တီမောလက်စ်တေသံရုံးယာယီတာဝန်ခံကိုမြန်မာကနေ ထွက်ခွာဖို့ ပြောတဲ့အကြောင်းပြချက်ထဲမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ တီမောကရှေ့နေချုပ်ရုံးမှာ မြန်မာစစ်တပ်နဲ့ ခေါင်းဆောင်တွေကို အမှုဖွင့်လှစ်မှုကို လက်ခံတဲ့အချက်လည်းပါဝင်တယ်လို့ နားလည်ရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ တီမောဘက်ကို ကျိုးကြောင်းဆီလျော်မှုရှိတဲ့ ဖြေရှင်းချက်တစ်ရပ်ကို တရားဝင် ပြန်လည်ပေးပို့ဖို့ စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဘက်က တောင်းဆိုခဲ့သလိုတီမောရဲ့ သဘောထားရပ်တည်ချက် ပြောင်းလဲခြင်းမရှိပါက ပိုမိုပြင်းထန်တဲ့ အစီအမံတွေကို ထပ်မံ ဆောင်ရွက်သွားမယ်ဆိုတဲ့ သတိထောက်လွှာတစ်စောင်ကိုတီမောလက်စ်တေသံရုံးယာယီတာဝန်ခံကိုပေးအပ်ထားပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အဲဒီလို တွေ့ဆုံညှိနှိုင်းထားပေမယ့် တီမောဘက်က ဖြေရှင်းမှုမရှိတာကြောင့် တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာ ကို ဖေဖော်ဝါရီ ၁၃ ရက်မှာ နေပြည်တော်မှာ တွေ့ဆုံပြီး သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းတဲ့ ဗီယင်နာကွန်ဗင်းရှင်း (၁၉၆၁) အပိုဒ် ၉ နဲ့ အညီ ဖေဖော်ဝါရီ ၂၀ ရက် မတိုင်မီ မြန်မာကနေ အပြီးအပိုင်ထွက်ခွာဖို့ ညွှန်ကြားထားတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာ ကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေပေမယ့် အဆက်အသွယ်မရသေးပါဘူး။

တီမောကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း အဲဒီအချိန်က စစ်ကောင်စီက NUG အစိုးရနဲ့ သံတမန်ရေးဆက်ဆံမှုတွေလုပ်တာကြောင့်ဆိုပြီး ခေါ်ယူသတိပေးမှုတွေရှိခဲ့ပြီး အဲဒီတုန်းက သံရုံးအကြီးအကဲနဲ့တီမောနိုင်ငံသားသံဝန်ထမ်းတချို့ကို မြန်မာနိုင်ငံတွင်းကနေ ထွက်ခွာစေခဲ့ပြီး အခုအကြိမ်က ဒုတိယအကြိမ် ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာကြားမှာ သံတမန် အဆက်ဖြတ်ခဲ့ဖူးတဲ့ ၁၉၈၃ ခုနှစ်နောက်ပိုင်းမှာ မြန်မာနဲ့ တခြားနိုင်ငံတခုကြားကသံတမန်ရေးပြဿနာတစ်ရပ်ပြင်းထန်တဲ့အခြေအနေရောက်လာတဲ့အခြေအနေမှာ တီမောက ပထမဆုံးပြန်ဖြစ်လာတဲ့နိုင်ငံလို့နားလည်ရပါတယ်။

ထိုင်းမှာ မြန်မာ ၁ ဦး ခွေးရူးပြန်ရောဂါကြောင့် သေဆုံး

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးပုလင်းထဲက ဆေးကို စရင်းနဲ့ စုပ်ထုတ်နေပုံနဲ့ ဘေးနားမှာ ထိုင်နေတဲ့ အနက်ရောင်ခွေးလေးတစ်ကောင်ရဲ့ ပေါင်းစပ် သရုပ်ဖော်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်မှာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သူဟာ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး ဖြစ်တယ်လို့ ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာန(DDC) က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ထုတ်ပြန်ချက်အရ အဲဒီအမျိုးသားဟာ အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ လမ်းဘေးခွေး ကိုက်တာကို ခံခဲ့ရတာလို့ ဆိုပါတယ်။

"သူက အနာကို သန့်စင်တာ၊ ဆရာဝန်ဆီမှာ ခွေးရူးပြန်ကာကွယ်ဆေးထိုးတာတွေ မလုပ်ခဲ့ဘူး" လို့ ထိုင်းရောဂါထိန်းချုပ်ရေးဌာနရဲ့ညွှန်ကြားရေးမှူးချုပ် မွန်သီယန် ခနဆာဝပ်က ပြောပါတယ်။

မြန်မာအမျိုးသားကို ကိုက်ခဲ့တဲ့ခွေးကိုတော့ ရှာမတွေ့တာကြောင့် ခွေးရူးပြန်ရောဂါရှိတဲ့တိရစ္ဆာန်ဟုတ် မဟုတ် မသိရဘူးလို့ သူက ပြောပါတယ်။

ခွေးကိုက်ခံရတဲ့အမျိုးသားဟာ ဇန်နဝါရီ ၂၃ ရက်မှာ ရင်ဘတ်အောင့်တာ၊ မူးဝေတာနဲ့ အသက်ရှူကြပ်တာတွေ စတင်ခံစားရတာဖြစ်ပါတယ်။

ဒီလိုရောဂါလက္ခဏာတွေ ခံစားရပြီး ရက်ပိုင်းအတွင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ထိုင်းနိုင်ငံ ချွန်ဘူရီ၊ တာ့ခ်၊ ဆီဆာခတ်၊ ရတ်ချဆီမား၊ ချာချင်‌ဆောင်နဲ့ ရယောင်းခရိုင်တွေမှာ လူ ၇ ဦး ခွေးရူးပြန်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ထိုင်းရောဂါထိန်းချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူတွေဟာ ခွေးကိုက်ခံရပြီးတဲ့နောက် ကာကွယ်ဆေး မထိုးခဲ့ကြသူတွေလို့ဆိုပြီး ထိုင်းရောဂါထိန်းချုပ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် မွန်သီယန် ခနဆာဝပ်က ပြောပါတယ်။

ထိုင်းမှာ မြန်မာတစ်ဦး ရွှေ ၂၆ ကျပ်သားနဲ့အတူ အဖမ်းခံရ

ဖေဖော်ဝါရီ ၁၃ ရက်မှာ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်ထဲကို တရားမဝင် ရွှေခဲ ၂၆ ကျပ်သားသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားနဲ့ ထိုင်းအာဏာပိုင်တွေ

ဓာတ်ပုံ ရင်းမြစ်, ထိုင်းသတင်း

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၁၃ ရက်မှာ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်ထဲကို တရားမဝင် ရွှေခဲ ၂၆ ကျပ်သားသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားနဲ့ ထိုင်းအာဏာပိုင်တွေ

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံထဲက ကန်ချနာဘူရီခရိုင်ထဲကို ရွှေခဲ ၂၆ ကျပ်သားဝန်းကျင် တရားမဝင်သွင်းလာတယ်လို့ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းဘက်က သတင်း တွေမှာ ဖော်ပြပါတယ်။

ကန်ချနာဘူရီခရိုင်ထဲက ရွှေဆိုင်တစ်ခုမှာ သွားရောက်ရောင်းချဖို့ ‌‌‌ရွှေတွေကို ကျောပိုးအိတ်ထဲထည့်ပြီး သယ်ဆောင်ကာ နယ်စပ်ဖြတ်ဝင်လာတဲ့ အမျိုးသားတစ်ဦးကို ဖေဖော်ဝါ ရီ ၁၃ ရက်မှာ ဖမ်းဆီးလိုက်တာပါ။

ဖမ်းဆီးခံရတဲ့ အသက် ၅၄ နှစ်အရွယ် မြန်မာနိုင်ငံသားရဲ့ထွက်ဆိုချက်အရ သူနဲ့အတူ မိတ်ဆွေတွေဟာ ထားဝယ်မြို့နယ်ထဲက တနင်္သာရီမြစ်ကနေ ရွှေကျင်ကြပြီး သူက ထိုင်းထဲမှာ လာရောက်ရောင်းချတာလို့ ဆိုပါတယ်။

ထိုင်းဘက်က ရွှေနဲ့အတူဖမ်းမိတဲ့ မြန်မာနိုင်ငံသားကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ မှောင်ခိုသယ်ဆောင်မှုတို့နဲ့ အရေးယူသွားမယ်လို့ ထိုင်းဘက်က သတင်းတွေကဖော်ပြပါတယ်။

သြစတြေးလျ အထက်လွှတ်တော်ကော်မတီမှာ မြန်မာ့အရေး လူထုကြားနာပွဲ ပြုလုပ်

ဖေဖော်ဝါရီ ၁၃ ရက်က သြစတေးလျနိုင်ငံရဲ့ မြို့တော် ကန်ဘာရာမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအတွက် ပထမဆုံး လူထုကြားနာပွဲ

ဓာတ်ပုံ ရင်းမြစ်, Australian Parliament House

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၁၃ ရက်က သြစတေးလျနိုင်ငံရဲ့ မြို့တော် ကန်ဘာရာမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအတွက် ပထမဆုံး လူထုကြားနာပွဲ

မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအတွက် ပထမဆုံး လူထုကြားနာပွဲတစ်ရပ်ကို သြစတြေးလျ အထက်လွှတ်တော်ရဲ့နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးဥပဒေပြုရေးကော်မတီမှာ ပြုလုပ်သွားပါတယ်။

ဒီဇင်ဘာကစပြီး အပိုင်းလိုက်ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေး‌‌ကောက်ပွဲနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ အရပ်သားအစိုးရပြန်လည်ပေါ်‌ပေါက်ရေး အတားအဆီးတွေအပါအဝင် မြန်မာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာတင်ပြချက်တွေကို အထက်လွှတ်တော်ကော်မတီမှာ ဖေဖော်ဝါရီလ ၁၃ ရက်တုန်းက ကြားနာခဲ့တာဖြစ်ပါတယ်။

ဒီကြားနာပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch)၊ မြန်မာ့အရေးလှုံ့ဆော်ကွန်ရက်(Myanmar Campaign Network)၊ သုတေသနအဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု(ISP-Myanmar)နဲ့ သြစတြေးလျရောက် CRPH/NUG ထောက်ခံတဲ့အဖွဲ့တို့က သူတို့ရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွေကို ကော်မတီမှာ တင်သွင်း ဖတ်ကြားခဲ့ကြတာဖြစ်ပါတယ်။

ဒါအပြင် သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနကလည်း အစီရင်ခံတင်သွင်းခဲ့ပါတယ်။

"မြန်မာလူထုအပေါ် အကြမ်းဖက်နေတဲ့စစ်တပ်ရဲ့လုပ်ရပ်ကို ဟန့်တားဖို့ရာ အစိုးရက ပိုအားကောင်းတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ပြီး လူသားချင်းစာနာ‌ထောက်ထားမှု အရှိန်မြှင့်ဖို့ သြစတြေးလျလူမှုအသိုက်အဝန်းက လိုလားတယ်ဆိုတာ ဒီအစီရင်ခံမှုတွေက ပြသနေပါတယ်" လို့ သြစတြေးလျ အထက်လွှတ်တော်အမတ် ဒင်းစမစ်က သူ့ရဲ့လူမှုကွန်ရက်မှာ ဒီနေ့ ရေးတင်ပါတယ်။

ဒီလိုလွှတ်တော်တစ်ရပ်ရဲ့ကော်မတီကနေ တင်သွင်းချက်တွေ ဖိတ်ခေါ် ပြီး ကြားနာစစ်ဆေးကာ လွှတ်တော်ကို အစီရင်ခံစာတင်သွင်းမှာ ဖြစ်ပါတယ်။

ကြားနာပွဲတွေပါဝင်တဲ့ကော်မတီရဲ့စုံစမ်းစစ်ဆေးချက်ကနေ သြစတြေးလျအစိုးရရဲ့ မြန်မာအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်နိုင်မှာဖြစ်တယ်လို့ သြစတြေးလျဥပဒေကောင်စီက ဆိုပါတယ်။

သြစတြေးလျဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာက လူ့အခွင့်အရေးအခြေအနေတွေကို စိုးရိမ်ကြောင်း အခါအားလျော်စွာ လူသိရှင်ကြား ထုတ်ပြောနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

မြန်မာ့အရေးကို စိုးရိမ်ကြောင်းပြောပြီး မြန်မာစစ်စစ်ခေါင်းဆောင်တွေ၊ စစ်တပ်ဆက်နွှယ်ဆိုပြီး လုပ်ငန်းအချို့အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြုလုပ်ထားပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ သြစတြေးလျရဲ့ မိုင်းတွင်းလုပ်ငန်းဆိုင်ရာကုမ္ပဏီအချို့နဲ့ ရင်းနှီးမြှုပ်နှံသူ အချို့ဟာ မြန်မာစစ်တပ်လက်အောက်က သတ္တုတွင်းဝန်ကြီးဌာန ဆက်လက် လည်ပတ်နိုင်မယ့် နည်းပညာနဲ့ သုတေသနလို ဝန်ဆောင်မှုတွေကို ပေးနေတုန်းလို့ ထောက်ပြနေကြပါတယ်။

ဒီအခြေအနေကို မြန်မာစစ်တပ်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်တဲ့ သုတေသနအဖွဲ့ (Justice for Myanmar) ကလည်း ၂၀၂၄ ခုနှစ်ထုတ် သူတို့ရဲ့အစီရင်ခံစာမှာ ဖော်ပြဖူးပါတယ်။

ဒါကြောင့် သြစတြေးလျ ဗဟိုအစိုးရအနေနဲ့ မဟာမိတ်နိုင်ငံတွေ ပြုလုပ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတိုင်းအဆ ပမာဏအထိ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူ ဒဏ်ခတ်မှု ပြုလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေပါတယ်။

ထိုင်းက လမ်းဘေးခွေးတစ်ကောင်(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းက လမ်းဘေးခွေးတစ်ကောင်(ပုံဟောင်း)

လက်ရှိမှာတော့ မြန်မာရွှေ့ပြောင်းတွေ နေထိုင်တာများတဲ့ ကရင်ပြည်နယ်တစ်ဖက်ခြမ်းက တာ့ခ်ခရိုင်ထဲက ရပ်ကွက် ၆ ခုအပါအဝင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုရှိတဲ့ နယ်မြေတချို့ကို ကူးစက် ရောဂါဇုန်အဖြစ် ထိုင်းရောဂါ ထိန်းချုပ်ရေးဌာနက သတ်မှတ်ထားပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ တစ်လတာ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီနယ်မြေထဲက ခွေး၊ ကြောင်နဲ့ တခြားတိရစ္ဆာန်တွေကို ခွင့်ပြုချက်မပါဘဲ နယ်မြေကျော်လွန်ရွှေ့ ပြောင်းတာမလုပ်ဖို့၊ ဖျားနာတာနဲ့ ထူးဆန်တဲ့လက္ခဏာနဲ့သေဆုံးရင် သတင်းပို့ဖို့ကိုလည်း ကြေညာထားပါတယ်။

ခွေးရူးပြန်ရောဂါဟာ ခွေးတွေမှာသာ တွေ့ရတာမဟုတ်ဘဲ ကြောင်၊ နွား၊ မျောက်၊ ရှဉ့်နဲ့ တခြားနို့တိုက်သတ္တဝါတွေမှာလည်း တွေ့ရနိုင်ပါတယ်။

ရောဂါကူးစက်ခံထားရတဲ့ သတ္တဝါရဲ့တံတွေးကနေတဆင့် ရောဂါပိုးကူးစက်နိုင်တာဖြစ်ပါတယ်။

တရုတ်-မြန်မာဆက်ဆံရေး အဆင့်သစ်တစ်ခုကို တက်လှမ်းပြီလို့ တရုတ်သံအမတ်ပြော

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်၊ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ တွေ့ရတဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် မစ္စမာကျားနဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်၊ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ တွေ့ရတဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် မစ္စမာကျားနဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

၂၀၂၅ ခုနှစ်ဟာ တရုတ်-မြန်မာဆက်ဆံရေးအတွက် အရေးပါတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကလည်း အဆင့်သစ်တစ်ခုကို တက်လှမ်းခဲ့ပြီလို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် မစ္စမာကျားက ပြောပါတယ်။

မနေ့က ရန်ကုန်မှာပြုလုပ်တဲ့ တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ တရုတ်သံအမတ်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်အတွင်း ၂ ကြိမ်တွေ့ခဲ့ပြီး ဆက်ဆံရေးတိုးမြှင့်ဖို့ တွန်းအားပေးခဲ့တယ်လို့ သူက ပြောပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးအပြင် ပြီးခဲ့တဲ့နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၁၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး မြန်မာမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှု ၂၃၀ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ တရုတ်သံအမတ်က ပြောပေမဲ့ ဘယ်လို ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့တယ်ဆိုတာမျိုးတော့ သူက မပြောပါဘူး။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ ပြီးခဲ့တဲ့ဒီဇင်ဘာလအထိ စာရင်းအရ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းတို့ဟာ မြန်မာမှာ ရင်းနှီးမြှုပ်နှံတဲ့ ထိပ်ဆုံးနိုင်ငံ ၃ ခုဖြစ်ပါတယ်။

တရုတ်သံအမတ်က "နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူထားတဲ့ အရေးကြီးအချက်အလက်‌တွေကို အကောင်အထည်ဖော်သွားမယ်" လို့ ဆိုပါတယ်။

တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ယွမ်ငွေနဲ့လုပ်နိုင်အောင် အမြန်ဆုံးလုပ်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပြီး လပိုင်းအကြာမှာပဲ တရုတ်သံအမတ်က အခုလိုပြောလာတာဖြစ်ပါတယ်။

မနေ့က ပြုလုပ်တဲ့ တရုတ်နှစ်သစ်ကူးအခမ်းအနားကို တက်ခဲ့တဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း တရုတ်ရဲ့စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့အပိုင်းကို မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေကို ပူးပေါင်းဆောင်ရွက်နေတာကို ထည့်ပြောတာပါ။

ဒီထဲကမှ တရုတ်ရဲ့အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဖြစ်တဲ့ ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်းရဲ့ မန္တလေး-ကျောက်ဖြူ၊ မူဆယ် - ကျောက်ဖြူ မီးရထားလမ်းစီမံကိန်းတွေကို အကောင်အထည်ဖော်နေတဲ့အကြောင်းပြောခဲ့တာပါ။

တရုတ်စီမံကိန်းတွေရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံ၊ ကူမင်းအထိ ချိတ်ဆက်ဖောက်လုပ်မယ့် မီးရထားလမ်းဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့ အေအေရဲ့ရခိုင်ပြည်နယ်တွင်း ထိုးစစ်ကြောင့် ရပ်ဆိုင်းနေဆဲဖြစ်ပါတယ်။

မြန်မာဘက်ခြမ်းက ဒီရထားလမ်းစီမံကိန်းနဲ့ ချိတ်ဆက်မယ့် တရုတ်ဘက်က လမ်းပိုင်းတချို့ကတော့ တည်ဆောက်ပြီးစီးပြီဖြစ်ပါတယ်။

မူဆယ်-ကျောက်ဖြူ ရထားလမ်းစီမံကိန်းဟာ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံမှာ ပါဝင်နေတဲ့ အရေးကြီးစီမံကိန်း ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေဟာ တရုတ်ရဲ့ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကွန်ရက်နဲ့ချိတ်ဆက်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ဒါလီ- ရွှေလီ ရထားလမ်းနဲ့ မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းကို ချိတ်ဆက်ဖို့ တရုတ်ဘက်က ရည်ရွယ်ထားပါတယ်။

တရုတ်ဟာ မူဆယ်-ကျောက်ဖြူ စီမံကိန်းအပါအဝင် စီမံကိန်းကြီးတွေကို စစ်ကောင်စီ ထက်စာရင် ရွေးကောက်ပွဲကတက်လာမဲ့ အစိုးရတစ်ရပ်နဲ့ပဲ အကောင်အထည်ဖော်ဖို့ စဉ်းစားလိမ့်မယ်လို့ တရုတ်အရေးကျွမ်းကျင်သူတွေက ရွေး‌ကောက်ပွဲမတိုင်ခင်က သုံးသပ်ခဲ့ကြပါတယ်။

အခုရွေးကောက်ပွဲအပြီးမှာတော့ စစ်တပ်ဘက်ကလည်း ဧပြီလဆန်းမှာ ‌လွှတ်တော်က ရွေးကောက်တဲ့ သမ္မတဦးဆောင်တဲ့အစိုးရတစ်ရပ် ပေါ်လာမယ်လို့ ပြောပြီး တရုတ်ကလည်း စစ်တပ်နဲ့ ဆက်ဆံ‌ရေးတစ်ဆင့်ပိုမြင့်ခဲ့ပြီလို့ ဆိုလာတာပါ။

အွန်လိုင်းပေါ်ပြောဆိုရေးသားမှုကြောင့် ၃ လအတွင်း လူ ၅၀ နီးပါးကို စစ်တပ်ဖမ်း - MIP

ရန်ကုန်က လက်ဖက်ရည်ဆိုင်မှာ အင်တာနက်အသုံးပြုနေသူတွေ(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်က လက်ဖက်ရည်ဆိုင်မှာ အင်တာနက်အသုံးပြုနေသူတွေ(ပုံဟောင်း)

ပြီးခဲ့တဲ့ ၃ လအတွင်း အွန်လိုင်းပေါ်က ပြောဆိုရေးသားချက်တွေကြောင့် စစ်တပ်ရဲ့ ဖမ်းဆီးခံရသူ လူ ၅၀ နီးပါးအထိ ရှိတဲ့အကြောင်း ဒီအရေးကို စောင့်ကြည့်တဲ့ မြန်မာအင်တာနက် ပရောဂျက်(Myanmar Internet Project) အဖွဲ့က ပြောပါတယ်။

ဖမ်းဆီးမှုတွေကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်းပြုလုပ်ခဲ့တာ တွေ့ရတယ်ဆိုပြီး မြန်မာ အင်တာနက် ပရောဂျက်က မနေ့က ထုတ်ပြန်တဲ့သူတို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့က တောင်ဝိုင်းတောင်မြေဖြိုမှုကို လူမှုကွန်ရက်ကနေ ထောက်ပြခဲ့တဲ့ သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော်နဲ့ ကပ္ပိယ နှစ်ဦးတို့လည်း ပါဝင်ပါတယ်။

နောက်ပြီး လူစုစုပေါင်း ၄၉ ဦးအထိ ဖမ်းဆီးခံရတဲ့ ဒီကာလဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန်နဲ့ ရွေးကောက်ပွဲအပိုင်း ၃ ပိုင်းပြုလုပ်ချိန်ကာလတွေ ဖြစ်ပါတယ်။

နိုဝင်ဘာမှာ ၉ ဦး၊ ဒီဇင်ဘာမှာ ၂၇ ဦးနဲ့ ဒီနှစ် ဇန်နဝါရီမှာ ၁၃ ဦး ဖမ်းဆီးခဲ့တယ်လို့ မြန်မာအင်တာနက် ပရောဂျက်ရဲ့ အချက်အလက်အရသိရပါတယ်။

ဒီထဲကအချို့ကို မနှစ်က ဇူလိုင်လကုန်ပိုင်းမှာ စစ်ခေါင်းဆောင်လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားမှုကနေ အကာကွယ်ပေးရေးဥပဒေနဲ့ အရေးယူခံရပြီး ထောင်ဒဏ်ချမှတ်တာတွေရှိခဲ့ပါတယ်။

ရွေးကောက်ပွဲအကြိုကာလဖြစ်တဲ့ နိုဝင်ဘာ ၁ရက်မှာ ပင်လယ်ရေအောက် ဖိုက်ဘာကေဘယ်လ် ချို့ယွင်းမှုကြောင့်ဟုဆိုကာ ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းလုံးမှာ ဝိုင်ဖိုင်ဝန်ဆောင်မှုအားလုံးနီးပါး ပြတ်တောက်ခဲ့တာကိုလည်း အဲဒီအဖွဲ့က ထောက်ပြပါတယ်။

အင်တာနက်ပြန်ရချိန်မှာ ဝိုင်ဖိုင်လိုင်းတွေ နှေး‌ကွေးတာနဲ့ လူသုံးများတဲ့ VPN အများအပြား အသုံးပြုလို့ မရတော့တဲ့အခြေအနေကို ကြုံရတယ်လို့ မြန်မာအင်တာနက်ပရောဂျက်ရဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာအင်တာနက်ပရောဂျက်ကတော့ ရွေးကောက်ပွဲကာလမှာ အင်တာနက် နှေးကွေးတာဟာ ဒီကာလ သတင်းစီးဆင်းမှုကို ထိန်းချုပ်ဖို့ရည်ရွယ်တယ်လို့ သံသယရှိတဲ့အကြောင်း သူတို့ရဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ မွန်ပြည်နယ်က အင်တာနက်သုံးစွဲသူတစ်ဦးကတော့ ရွေးကောက်ပွဲ ကျင်းပခဲ့တာ သီတင်း သုံးပတ်ကျော်လာပြီဖြစ်ပေမဲ့ လက်ရှိအချိန်အထိလည်း အင်တာနက်လိုင်း နှေးကွေးနေတုန်းလို့ ဘီဘီစီကို ပြောပါတယ်။

"‌ရွေးကောက်ပွဲကာလတုန်းက အင်တာနက်က ရလိုက်မရလိုက်ပဲ။ VPN ခံထားလည်း ပြတ်တောင်း ပြတ်တောင်းပဲ။ ဗီဒီယိုဆို အစပဲ ကြည့်ရသေးတယ် အဝိုင်းလည်နေပြီ။ အခုက ပိုဆိုးတယ်" လို့ သူက ပြောပါတယ်။

Freedom House အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်ထုတ် အင်တာနက်သုံးစွဲမှု လွတ်လပ်မှုဆိုင်ရာအစီရင်ခံစာ (Freedom on the Net 2025) မှာလည်း အင်တာနက်ဖြတ်တောက် ပိတ်ပင်မှုတဲ့အခြေအနေတွေကြောင့် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံလိုပဲ အင်တာနက်လွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

မလေးရှားမှာ တစ်လခွဲအတွင်း မြန်မာအပါအဝင် တရားမဝင်ရွှေ့ပြောင်း ၆,၂၀၀ ဦး အဖမ်းခံရ

၂၀၂၆ ခုနှစ်အတွင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ တစ်နိုင်ငံလုံးမှာ ပြုလုပ်နေတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နင်း ဖမ်းဆီးရေး အော်ပရာစီ(စီမံချက်)နဲ့ ဖမ်းဆီးခံရသူတွေ

ဓာတ်ပုံ ရင်းမြစ်, Malaysia Immigration

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်အတွင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ တစ်နိုင်ငံလုံးမှာ ပြုလုပ်နေတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နင်း ဖမ်းဆီးရေး အော်ပရာစီ(စီမံချက်)နဲ့ ဖမ်းဆီးခံရသူတွေ

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက အခုနှစ်ဆန်းပိုင်းကစတင်ပြီး တစ်နိုင်ငံလုံးမှာ ပြုလုပ်နေတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နင်း ဖမ်းဆီးတဲ့ အော်ပရာစီ(စီမံချက်)အတွင်း မြန်မာအပါအဝင် တရားမဝင်ရွှေ့ပြောင်း ၆,၂၀၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အော်ပရာစီ အကြိမ်ပေါင်း ၁,၇၀၀ အထိ စီးနင်းရှာဖွေတာတွေ လုပ်ခဲ့ပြီး နိုင်ငံခြားသား ၂၇,၀၀၀ ဦးကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်း ကျရောက်တော့မယ့် အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရာမာဒမ် ဥပုသ်လ မတိုင်ခင်မှာ တရားမဝင်ရွှေ့ပြောင်းတွေကို ဖမ်းဆီးတဲ့စီမံချက်တွေ ပိုပြီးတိုးမြှင့်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

"ရာမာဒမ် ကာလမှာလည်း အဖမ်းအဆီးတွေ ဆက်ရှိနေမှာဖြစ်ပါတယ်။ တရားမဝင်အလုပ်သမားတွေ မရှိအောင် ရာမဒမ် ဈေးတွေမှာပါ ထပ်တိုး စစ်‌ဆေးသွားမယ်" လို့ မလေးရှား လဝကရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒါတွတ် လော့ခ်မန်း အက်ဖန်ဒီ ရမ်လီက ဆိုပါတယ်။

၂၀၂၆ ခုနှစ် နှစ်စပိုင်းကစလို့ တရားမဝင်ရွှေ့ပြောင်း ၆,၂၀၀ ဦးအပြင် အလုပ်ရှင် ၂၃၀ ဦးကိုလည်း အရေးယူခဲ့တယ်လို့ မလေးရှားလဝက ထုတ်ပြန်ချက်မှာ ‌ဖော်ပြပါတယ်။

မလေးရှားမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဆက်စပ်ဖမ်းဆီးခံရသူအရေအတွက်ဟာ လေးနှစ်အတွင်း ၇ ဆ မြင့်တက်လာတာကို တွေ့ရပါတယ်။

၂၀၂၁ ခုနှစ်မှာ တစ်လကို လူ ၁,၀၀၀ ဝန်းကျင် ဖမ်းဆီးနေရာကနေ ၂၀၂၅ ခုနှစ်ထဲမှာ တစ်လကို လူ ၇,၀၀၀ ကျော် ဖမ်းဆီးတာကို အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်တွေအရ မြင်နိုင်ပါတယ်။

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို လဝက ထိန်းသိမ်းရေးစခန်းမှာဖမ်းဆီးပြီး မြန်မာသံရုံးနဲ့ချိတ်ဆက်ကာ ပြည်နှင်ဒဏ်ပေးနေတာ ဖြစ်ပါတယ်။

မလေးရှားမှာ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေဟာ မြန်မာတွေအပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အလုပ်လုပ်နေသူတွေကို နှိမ်နင်းရေးတွေ တိုးလုပ်နေပြီး ပတ်ဝန်းကျင်မှာ တရားမဝင်ရွှေ့ပြောင်းတွေနေထိုင်တာ တွေ့ရင် သတင်းပေးကြဖို့ကိုလည်း သတင်းထုတ်ပြန်တိုက်တွန်းနေပါတယ်။