ထုတ်ပြန်ပြီး အက်ပ်စတိန်းဖိုင်ထဲကနေ ဓာတ်ပုံဒါဇင်ကျော်ကို တရားရေးဌာန ဖယ်ရှား
- ရေးသားသူ, အန်နာဖာဂိုင်း
ဒေါ်နယ်ထရမ့်ရဲ့ ဓာတ်ပုံတစ်ပုံအပါအဝင် အက်ပ်စတိန်းဖိုင်တွေထဲက တချို့ ဓာတ်ပုံမှတ်တမ်းတွေကို တရားရေးဌာနရဲ့ ဝက်ဘ်ဆိုက်ကနေ ပြန်လည်ဖယ်ရှားလိုက်ပါတယ်။ ဓာတ်ပုံထဲမှာပါဝင်နေသူတချို့က သူတို့ရဲ့ လုံခြုံရေးစိုးရိမ်ချက်ကို ထောက်ပြမှုတွေကြောင့် ဖယ်ရှားခဲ့တာလို့ ဒုတိယရှေ့နေချုပ်က ပြောပါတယ်။
ဖယ်ရှားလိုက်တဲ့ ပုံတွေထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သက်ဆိုင်တဲ့ဓာတ်ပုံပါနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေရှိနေပါတယ်။ ဒီစွပ်စွဲချက်တွေကို ဒုတိယရှေ့နေချုပ် တော့ဒ် ဘလန့်ချ် က ပယ်ချခဲ့ပြီး ထရမ့်ပါတဲ့ဓာတ်ပုံတွေမှာ အမျိုးသမီးတွေကို ဖုံးထားပြီး ဖော်ပြထားတာလည်းပါဝင်တယ်လို့ ဆိုပါတယ်။
တရားရေးဌာနက စနေ့နေ့ အစောပိုင်းမှာ အက်ပ်စတိန်း ဖိုင်တွေထဲက ဓာတ်ပုံတွေကို ထပ်မံထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ထုတ်ပြန်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ ဖိုင်တွေထဲကမှ ၁၃ ဖိုင်ထက်မနည်းဟာ ရှင်းလင်းချက်မရှိဘဲ စနေနေ့နှောင်းပိုင်းမှာ ဝက်ဘ်ဆိုက်ပေါ်ကနေ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။
အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီထဲက ဒီမိုကရက်ပါတီအမတ်တွေကလည်း ထုတ်ပြန်ပြီးဖိုင်တွေထဲက ဓာတ်ပုံတချို့ဖယ်ရှားလိုက်တာကို မေးခွန်းထုတ်ပါတယ်။
ဆိုရှယ်မီဒီယာပို့စ်တစ်ခုမှာဆိုရင် ''ရှေ့နေချုပ် ပန်မ်ဘွန်ဒီ ဘာတွေဖုံးကွယ်ထားသေးလဲ''လို့ မေးခွန်းထုတ်ထားပါတယ်။
တနင်္ဂနွေနေ့က အမေရိကန်တရားရေးဌာနရဲ့ X မီဒီယာ (အရင်က တွစ်တာ) ပို့စ်မှာတော့ ဒီဓာတ်ပုံတွေမှာ ထရမ့်ပါဝင်ခဲ့တာကြောင့် မဟုတ်ဘဲ နယူးယောက်တောင်ပိုင်းဒေသထဲက ဓာတ်ပုံထဲပါဝင်နေသူတချို့ကို အကာအကွယ်ပေးဖို့ ဖြုတ်ချတာလို့ဆိုပါတယ်။
သူထပ်ဖြည့်ပြောထားတာက ''သတိထားစရာအချက်တွေကြောင့် ပြန်လည်သုံးသပ်နိုင်ရေး ယာယီဖြုတ်ချထားခဲ့တာပါ'' လို့ ဆိုပါတယ်။
"ပြန်လည်သုံးသပ်ပြီးနောက်မှာ ဓာတ်ပုံအရ အက်ပ်စတိန်းရဲ့သားကောင်အဖြစ် ပုံဖော်ခံရနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိလို့ ဘယ်လိုပြင်ဆင်မှု ဒါမှမဟုတ် တည်းဖြတ်မှု မရှိဘဲ ပြန်လည်တင်ဖို့ ဆုံးဖြတ်ခဲ့တာ'' လို့ တရားရေးဌာနကပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖြုတ်ချခဲ့တဲ့ ဓာတ်ပုံတွေဝက်ဘ်ဆိုက်မှာပြန်တင်ထားပြီပြောပေမဲ့ အဲဒီထဲက တချို့ပုံတွေကတော့ မတွေ့ရသေးပါဘူး။
ဘလန်ချီကတော့ ''ထရမ့်ပုံတွေပါလို့ ဖယ်ရှားတယ်ဆိုတဲ့စကားက အတော် ရယ်ရတဲ့ဟာသ''ပဲလို့ ပြောပါတယ်။ ''သမ္မထရမ့်နဲ့ ဘာမှ မဆိုင်ပါဘူး'' လို့ သူက NBC သတင်းဌာနကို ပြောပါတယ်။
"မစ္စတာ အက်ပ်စတိန်း နဲ့ သမ္မတထရမ့်ကို တွဲမြင်ရတဲ့ ဓာတ်ပုံ ဒါဇင်နဲ့ချီ ထုတ်ပြန်ခဲ့ပြီးပါပြီ။ ပြည်သူတွေလည်း တွေ့ဖူးပါတယ်။"
သူ ဆက်ပြောတာက "သမ္မတထရမ့် ပါဝင်နေလို့ ဓာတ်ပုံတစ်ပုံတည်းကို ကျွန်တော်တို့ ဖြုတ်ချလိုက်တယ်ဆိုတာက ရယ်စရာကောင်းပါတယ်" လို့ဆိုပါတယ်။
"အမှုထဲမှာ သားကောင်အနေနဲ့ ပါဝင်နိုင်ခြေရှိတဲ့ ဘယ်သူကိုမဆို အကာအကွယ်ပေးဖို့နဲ့ သူတို့မှာ စိုးရိမ်ချက်ရှိတယ်ဆို ဒါကို အလေးထားဖို့ နားထောင်ဖို့ ကျွန်တော်တို့မှာ နယူးယောက်တရားရေးတာဝန်ရှိသူရဲ့ညွှန်ကြားချက်ရှိပါတယ်'' လို့ ဘလန်ချီကပြောပါတယ်။
"သောကြာနေ့က ထုတ်ပြန်ပြီးနောက် ဓာတ်ပုံအများအပြားကို ဖြုတ်ချခဲ့ပါတယ်" လို့လည်း သူကဆိုပါတယ်။
ထရမ့်ကတော့ သူဟာ အက်ပ်စတိန်းနဲ့ ပတ်သက်ပြီး ဘယ်လိုအမှားအယွင်းမှ မပြုလုပ်ခဲ့ကြောင်း အစဉ်တစိုက် ငြင်းဆိုခဲ့တာပါ။ ပြီးတော့ ထရမ့်ဟာ အက်ပ်စတိန်းရဲ့ သားကောင်တွေထဲက ဘယ်သူရဲ့ စွပ်စွဲမှုကိုမှ မခံထားရပါဘူး။ ဒါကြောင့် ဒီဓာတ်ပုံတွေဟာ အမှားအယွင်း တစုံတရာနဲ့ ဆက်နွှယ်နေတယ်လို့ သွယ်ဝိုက်ညွှန်းဆိုရာလည်း မရောက်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, US Department of Justice
ဒါပေမဲ့ ဥပဒေအရ သတ်မှတ်ထားတဲ့ အတိုင်း သောကြာနေ့နောက်ဆုံးထားပြီး ဖိုင်အားလုံးကို မထုတ်ပြန်ခဲ့တဲ့အတွက် DOJ ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အက်ပ်စတိန်းနဲ့ ဆက်စပ်နေတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ စုံစမ်းစစ်ဆေးရေးပစ္စည်းတွေ ပါဝင်တဲ့ တရားရေးဌာနရဲ့ သက်သေအထောက်အထား စာရွက်စာတမ်းတွေ အားလုံးကို တရားဝင်ထုတ်ပြန်ပေးဖို့ အာဏာတည်တဲ့ဥပဒေတစ်ရပ်ကို ကွန်ဂရက်က အတည်ပြုပြီးနောက် အားလုံးထွက်ပေါ်လာဖို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။
ဖိုင်တွေကို ထုတ်ပြန်ဖို့ ဦးဆောင်တာဝန်ယူခဲ့တဲ့ ကင်တပ်ကီပြည်နယ်က ရီပတ်ဘလီကန်အမတ် သောမတ်စ် မက်စီက ထရမ့်အစိုးရရဲ့တုံ့ပြန်မှုအပေါ် စိတ်ပျက်မိကြောင်းနဲ့ သူ့အနေနဲ့ သားကောင်ဖြစ်ခဲ့ရသူတွေအတွက် တရားမျှတမှုရရှိဖို့ အာရုံစိုက်လုပ်ဆောင်ခဲ့တာလို့ပြောပါတယ်။
ဒီလိုထုတ်ပြန်ဖို့ ဆုံးဖြတ်ချက်ကို အလေးမမူမှုနဲ့ အစိုးရရှေ့နေချုပ် ပန်မ်ဘန်ဒီကို တရားစွဲဖို့ အကြမ်းဖျင်းပြင်ဆင်နေပြီလို့လည်း သူက ပြောပါတယ်။
"သူတို့ဟာ ဥပဒေရဲ့အဓိပ္ပာယ်နဲ့ စာသားကို ချိုးဖောက်နေကြတယ်" လို့ သူက တနင်္ဂနွေနေ့မှာ CBS News ကို ပြောပါတယ်။
"သူတို့ ရပ်တည်ချက်က အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အသက်ရှင်ကျန်ရစ်သူတွေ မကျေနပ်ကြသရွေ့ ကျွန်တော် ကျေနပ်မှာ မဟုတ်ဘူး။"
ဖယ်ရှားလိုက်တဲ့အထဲ ပါသွားတဲ့ပုံတွေထဲမှာ အက်ပ်စတိန်းရဲ့ အိမ်က စားပွဲတစ်ခုနဲ့ အဲဒီပေါ်မှာ ပြည့်နေတဲ့ ဓာတ်ပုံတွေနဲ့ ပွင့်နေတဲ့ အံဆွဲတစ်ခုကို ပြသထားပါတယ်။
အဲဒီထဲက ပုံတစ်ပုံမှာ သမ္မတနဲ့အတူ အက်ပ်စတိန်း၊ ပြီးတော့ သမ္မတကတော် မယ်လာနီရာထရမ့်၊ အက်ပ်စတိန်းနဲ့ ပူးတွဲအမှုကျူးလွန်သူလို့ သိကြတဲ့ ဇိန်းမက်စ်ဝဲလ် တို့ကိုတွေ့ရပါတယ်။ ဓာတ်ပုံကိုဘောင်သွင်းထားပြီး စားပွဲရဲ့ ထိပ်မှာတင်ထားပါတယ်။
ပျောက်ဆုံးနေတဲ့ ဖိုင်ဆယ်ခုမှာ အခန်းတစ်ခန်းတည်းကို ပြသထားတဲ့ ပုံတွေ ပါဝင်ပါတယ်။ မျက်နှာကြက်မှာ တိမ်တွေဆေးခြယ်ထားတဲ့ အနှိပ်ခန်းတစ်ခုထဲ ဝတ်လစ်စလစ်အနုပညာဆန်တဲ့ ပုံတွေ ရေးဆွဲထားတဲ့ အညိုရောင်ပုံစံ နံရံကပ်စက္ကူတို့လည်းပါဝင်ပါတယ်။ အချို့က ဓာတ်ပုံများဖြစ်ပြီး အချို့က အနုပညာလက်ရာတွေဖြစ်ပါတယ်။
နံရံပေါ်မှာ ပုံဆွဲထားတဲ့အမျိုးသမီးအများစုရဲ့မျက်နှာတွေကို ဖျက်ထားပါတယ်။ ဒါပေမဲ့ ဖိုင်တစ်ခုမှာ မျက်နှာတစ်ခုကို ဖျက်ထားပေမဲ့ တခြားဖိုင် သုံးဖိုင်မှာ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ဖိုင်အားလုံးမှာ နောက်ထပ်မျက်နှာတစ်ခုကို မဖျက်ထားတဲ့ ဆေးခြယ်ထားတဲ့ တစ်ဦးရဲ့ ပုံတစ်ပုံကို မြင်ရပါတယ်။
စနေနေ့ကတော့ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ ဒီမိုကရက်တစ်အမတ်တွေက ဖိုင်များဖယ်ရှားတာကို မေးခွန်းထုတ်ခဲ့ပြီး ပျောက်ဆုံးနေတဲ့ ထရမ့်ရဲ့ ဓာတ်ပုံကို လူမှုမီဒီယာမှာ တင်ခဲ့ပြီး ပုံကို ဖယ်ရှားလိုက်တာ မှန်ကန်ပါသလားလို့ ရှေ့နေချုပ် ပန်မ် ဘန်ဒီကို မေးမြန်းခဲ့ပါတယ်။
"ဘာတွေ ထပ်ပြီး ဖုံးကွယ်ထားသေးလဲ။ အမေရိကန်ပြည်သူအတွက် ပွင့်လင်းမြင်သာမှု လိုအပ်ပါတယ်" လို့ ကော်မတီက ရေးသားထားပါတယ်။
အမေရိကန်အစိုးရအပေါ် အက်ပ်စတိန်းဖိုင်တွေနဲ့ ပတ်သက်ပြီး သံသယပွားနေချိန်မှာ ဒီလို ဖိုင်တွေကိုဖယ်ရှားတဲ့ ဖြစ်စဥ်ဖြစ်ပေါ်လာတာပါ။
သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ဖိုင်မှတ်တမ်းတွေကလည်း ကွန်ဂရက်လွှတ်တော်ရဲ့ တရားရေးဌာနကို ဖိအားပေးတဲ့ရလဒ်အရ ပေါ်ထွက်လာတာဖြစ်ပါတယ်။
DOJ ကတော့ စာရွက်စာတမ်းတွေ ထုတ်ပြန်ရာမှာ ကွန်ဂရက်လွှတ်တော်ရဲ့တောင်းဆိုချက်ကို အချို့သော သတ်မှတ်ချက်တွေနဲ့အတူ လိုက်နာဆောင်ရွက်ပေးမယ်လို့ပြောထားပါတယ်။
အက်ပ်စတိန်းရဲ့ သားကောင်များ၊ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုကို သရုပ်ပေါ် စေတဲ့ ပစ္စည်းများ၊ ရုပ်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုကို သရုပ်ပေါ်လွင်တဲ့ ပစ္စည်းများ၊ ဖက်ဒရယ်စုံစမ်းစစ်ဆေးမှုကို ထိခိုက်စေမယ့်" မှတ်တမ်းများ သို့မဟုတ် "အမျိုးသားကာကွယ်ရေး သို့မဟုတ် နိုင်ငံခြားရေးမူဝါဒ" ကို ကာကွယ်ဖို့ လိုအပ်တဲ့ လျှို့ဝှက်ထားရမယ့် စာရွက်စာတမ်းများနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ မပါဘဲ ထုတ်ပြန်ရမှာဖြစ်ပါတယ်။
ဒါပေမယ့် ထုတ်ပြန်ခဲ့တဲ့ စာရွက်စာတမ်းအများစုကို မင်အမည်းရောင်တွေ သားထားပါတယ်။
အက်ပ်စတိန်းရဲ့ ရာဇဝတ်မှုတွေအကြောင်း အချက်အလက်အသစ်တွေ အကန့်အသတ်ရှိပြီး စွဲချက်တင်ဆုံးဖြတ်ချက်တွေအကြောင်း DOJ ရဲ့ မှတ်တမ်းတွေတော့ ထုတ်ပြန်ခဲ့တဲ့ ဖိုင်တွေမှာ မပါဝင်ပါဘူး။
အယ်လီဆင် ဘန်ဂျမင်နဲ့ ဘန်နဒစ် ဂါမန်တို့ ပူးတွဲရေးသားတင်ဆက်ပါတယ်။











