အစ္စရေး-အီရန် ပဋိပက္ခအပေါ် မေးခွန်းနဲ့ အဖြေများ

အီရန်နဲ့ အစ္စရေးတို့ ကြား အပြန်အလှန်တိုက်ခိုက်မှုတွေက ဆက်ရှိနေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ "ကျွန်တော်တို့ ပါဝင်နိုင်သလို၊ မပါဝင်နိုင်တာလည်း ဖြစ်နိုင်တယ်" လို့ လက်ရှိတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပါဝင်မလားဆိုတဲ့ မေးခွန်းကို ပြန်ဖြေထားပါတယ်။

အီရန်နဲ့ အစ္စရေးတို့ ကြား ဘာတွေဖြစ်နေလဲ ဆိုတာနဲ့ တကယ်လို့ စစ်ပွဲကအရှိန်မြှင့်လာရင် ဘာတွေဖြစ်လာနိုင်လဲဆိုတဲ့ မေးခွန်းတွေကို ဘီဘီစီက ကျွမ်းကျင်သူတွေနဲ့ သတင်းထောက်တွေကဖြေကြားထားပါတယ်။

ဘာကြောင့် အစ္စရေးက အီရန်ကို ဗုံးကြဲရတာလဲ

လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းအရဆိုရင် အစ္စရေးမှာ တခြားရွေးချယ်စရာအခြေအနေမရှိတဲ့ ပုံစံကိုမြင်ရပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက အီရန်က သူ့ရဲ့ နျူကလီးယားစီမံကိန်းနဲ့ လက်နက်တွေကို အင်အားတိုးတည်ဆောက်ဖို့ အရှိန်မြှင့်ခဲ့တယ်လို့ အစ္စရေးက ယုံကြည်နေပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဥ်ကို ထိန်းချုပ်နိုင်တဲ့ ဆွေးနွေးမှုမျိုးကလည်း ဘာမှတိုးတက်မှု ရှိမနေတာကြောင့်လည်း အခုလိုတိုက်ခိုက်မှုကို ရွေးချယ်ခဲ့ရတာမျိုးလို့ တုံ့ပြန်ထားပါတယ်။

အီရန်ကလည်း အစ္စရေးကို လုံးဝဖျက်ဆီးပစ်မယ်လို့ သန္နိဋ္ဌာန်ချထားတဲ့အကြောင်း အတိအလင်းပြောထားတာမို့ အီရန်သာ နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ပြီဆိုရင် အစ္စရေးရဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လာတော့မှာလို့ အစ္စရေးက ရှုမြင်ထားတာပါ။

အီရန်ဟာ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်ဖို့ နီးစပ်နေပြီဆိုတဲ့ အချက်ကို ဒေသတွင်း နိုင်ငံတွေကလည်း အပြည့်သဘောတူလက်ခံကြတာ မဟုတ်သလို၊ နိုင်ငံတကာနျူကလီးယား စွမ်းအင် အေဂျင်စီ (IAEA) ကလည်း အဲဒီလို မမှတ်ယူသေးပါဘူး။ တစ်ခါ အမေရိကန်ထောက်လှမ်းရေးက နောက်ဆုံးထုတ်ပြန်ထားတဲ့အစီရင်ခံစာကို ဘီဘီစီက တွေ့ခဲ့ရပါတယ်။ အဲဒီထဲမှာလည်း အီရန်က နျူကလီးယားလက်နက်ထုတ်ဖို့ နီးစပ်နေပြီလို့ မပြောထားပါဘူး။

ဖရန့် ဂါဒနာ၊ လုံခြုံရေးဆိုင်ရာသတင်းထောက်

အီရန်ပြည်သူတွေက ဘယ်ကိုသွားနိုင်မလဲ

အီရန်ရဲ့ မြို့တော် တီဟီရန်မြို့ ထဲက နေရာအချို့ကနေ အရပ်သားတွေ ဘေးကင်းရာကိုထွက်ခွာဖို့ အစ္စရေးစစ်တပ်က သတိပေးထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း အဲဒီနေရာတွေက လူဦးရေ အလွန်အမင်း ထူထပ်တဲ့နေရာတွေဖြစ်ပါတယ်။

တီဟီရန်ကနေ ထွက်ခွာပြီး ဘေးကင်းလုံခြုံမယ်လို့ ယူဆထားတဲ့ အီရန်နိုင်ငံမြောက်ဘက်ပိုင်းကို ထွက်ခွာနေတဲ့ ယာဥ်တန်းရှည်ကြီးကို ကျွန်မတို့ တွေ့ထားကြပါတယ်။

ဒါပေမယ့်လည်း အဲဒီနေရာတွေကလည်း အလားတူတိုက်ခိုက်ခံထားရပါတယ်။ ဘာကြောင့်လဲဆိုရင် အစ္စရေးတိုက်ခိုက်နေတဲ့ ပစ်မှတ်တွေဟာ ပြန့်ကျဲနေပြီး လုံခြုံတယ်လို့ စဥ်းစားလို့ရတဲ့နေရာမျိုးကို မရှိပါဘူး။

တီဟီရန်မြို့တော်မှာတော့ မြေအောက်ရထားဘူတာတွေကို ၂၄ နာရီဖွင့်လှစ်ပေးထားပြီး အဲဒီနေရာတွေမှာ ခိုလှုံနိုင်တယ်လို့ အီရန်အစိုးရက ထုတ်ပြန်ထားပါတယ်။

လူဦးရေ ၁၀ သန်းရှိတဲ့ တီဟီရန်ကနေ အဲဒီလောက်များတဲ့လူတွေကို ဘေးကင်းရာကိုရွှေ့ပြောင်း ပေးဖို့ဆိုတာက အင်မတန်ခက်ခဲပြီး မဖြစ်နိုင်ပါဘူး။

နာဖီဆာ ကွန်နာဘတ်၊ အရှေ့အလယ်ပိုင်း သတင်းထောက်

အမေရိကန်က စစ်ပွဲထဲဝင်လာရင် အီရန်က အမေရိကန်ပစ်မှတ်တွေကို တိုက်ခိုက်လာမလား

အဲဒီအန္တရာယ်တော့ ရှိပါတယ်။ အမေရိကန်အတွက် အကျိုးဆက်တွေကလည်း ကြီးကြီးမားမားဖြစ်နိုင်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသရဲ့ နေရာ ၁၉ ခုမှာ အမေရိကန်စစ်သား လေးသောင်း ကနေ ငါးသောင်း ဝန်းကျင်အထိ ရှိနေပါတယ်။ ဆိုက်ပရပ်စ်က စစ်စခန်းနဲ့ ဘာရိန်းမှာလည်း ရေတပ်စခန်းတွေ ရှိပါတယ်။

ဘာတွေဖြစ်လာနိုင်မလဲဆိုတောကတော့ ဒီစစ်ပွဲမှာ အမေရိကန်က ဘယ်လိုပါဝင်လာမလဲ ဘယ်လောက်အတိုင်းအတာအမထိ ပါဝင်လာမှာလဲ ဆိုတဲ့ အပေါ်မှာမူတည် ပါလိမ့်မယ်။

မီကီ ကေး၊ Security Brief အစီအစဥ်တင်ဆက်သူ

အစ္စရေးနဲ့ စစ်ပွဲမှာ အီရန်ရဲ့ မဟာမိတ်တွေက အထောက်အပံ့ပေးနိုင်လား

ကျွန်တော်တော့ မထင်ပါဘူး၊ ဘယ်သူမှလည်း မရှိတော့ပါဘူး။

‌အောက်တိုဘာ ၇ရက်၊ ၂၀၂၃ ခုနှစ်က အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်ခဲ့ပြီးကတည်းက အီရန်ရဲ့ရှေ့တန်းခံစစ်မဟာမိတ် အဲဒီလိုအဖွဲ့တွေကို အစ္စရေးက စနစ်တကျတိုက်ခိုက် ဖြုတ်ချခဲ့ပြီးပါပြီ။

ဂါဇာက ဟားမတ်စ်အဖွဲ့တွေလည်း ချနဲ့သွားပြီး လက်ဘနွန်က ဟစ်ဇ်ဘိုလာရဲ့ လက်နက်တိုက်တွေလည်း မရှိသလောက်ဖြစ်သွားပါပြီ။ ဆီးရီးယားက အီရန်ရဲ့မဟာမိတ် မဟုတ်တော့ပါဘူး။ သမ္မတအာဆတ် ဖြုတ်ချခံခဲ့ရတာကြောင့်ပါ။

ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေကလည်း ဘာမှ များများစားစားလှုပ်ရှားနိုင်တဲ့ အနေအထားမရှိတော့ပါဘူး။

ဖရန့် ဂါဒနာ၊ လုံခြုံရေးဆိုင်ရာသတင်းထောက်

အီရန်ရဲ့ခေါင်းဆောင်ကဘယ်သူလဲ၊ သူကအီရန်ကိုဘယ်လောက်ထောက်ပံ့ပေးနိုင်စွမ်းရှိလဲ

အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်က အယာတိုလာ အလီ ခါမေနီဖြစ်ပါတယ်။ သူက အီရန်ဘာသာရေးခေါင်းဆောင်ဖြစ်ပေမဲ့ အီရန်သမ္မတထက် ပိုအာဏာရှိသူပါ။

သူက အီရန်က လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ဦးစီးချုပ်ဖြစ်ပြီး အမေရိကန်နဲ့ ညှိနှိုင်းရေးအပါအဝင် နိုင်ငံအတွက် ဆုံးဖြတ်ချက်ချမှတ်တဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီရန်ပြည်သူအားလုံးထောက်ခံမှုရဖို့တော့ သူအမိန့်မပေးနိုင်ပါဘူး။ သူ့ရဲ့ လူတွေလည်းတကွဲတပြားဖြစ်နေပြီး သဘောထားကွဲလွဲမှုတွေလည်း နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တုန်းကတော့ အာဏာရှင်အစိုးရကိုဖြုတ်ချဖို့ ကြီးကြီးမားမား ဆန္ဒပြတာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အမျိုးသမီးတွေလည်းပါဝင်ခဲ့ပြီး သူတို့ရဲ့ လွတ်လပ်မှုအခွင့်အရေးတွေကို တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအစိုးရအပေါ် ထောက်ခံမှုတွေရှိနေတာကိုလည်း မမေ့သင့်ပါဘူး။ အစိုးရနဲ့ ဆက်နွှယ်မှုရှိသူတွေက စစ်တပ်ထဲမှာလည်း ရှိနေတော့ သူတို့ရဲ့ ထောက်ခံမှုလည်း ရထားပါတယ်။

နာဖီဆာ ကွန်နာဘတ်၊ အရှေ့အလယ်ပိုင်း သတင်းထောက်

အီရန်အစိုးရကို အာဏာကဖယ်ရှားခဲ့ရင် ဘာဖြစ်မလဲ

အခုအထိတော့ အဲဒီအဖြေအတွက် ရှင်းလင်းတဲ့အဖြေတော့မရှိပါဘူး။

အစိုးရကို အစားထိုးဖို့ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ ညီညွတ်တဲ့ အတိုက်အခံ မရှိဘူးဆိုတာကို ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျွန်မတို့ တွေ့ခဲ့ရပါတယ်။

အခုတော့အခြားကွဲပြားတဲ့ ရွေးချယ်စရာတွေရှိလာပါတယ်။ အီရန်က ရှားဘုရင်ဟောင်းရဲ့ သားဖြစ်သူ ရေဇာပါလဗီပါ။ သူက တိုင်းပြည်ကရှောင်နေရပြီး နိုင်ငံခြားမှာနေထိုင်နေပါတယ်။

အီရန်တွင်းမှာရော အပြင်ဘက်မှာပါ သူ့ကိုထောက်ခံကြသူတွေရှိပေမယ့် ဘယ်လောက်ရှိနေတာလဲဆိုတာကတော့ မပြောနိုင်ပါဘူး။

သူ့ကို မလိုလားကြတဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေလည်း အီရန်အတွင်းမှာ ရှိနေပါတယ်။ သူတို့ကတော့ အီရန်မှာ လွန်ခဲ့တဲ့ နှစ် ၄၀ နီးပါးလောက်က ဖြုတ်ချခံခဲ့ရတဲ့ ဘုရင်စနစ်ကို ပြန်ပြီးအသက်မသွင်းလိုကြပါဘူး။

ဒါ့အပြင် တခြား အစားထိုးစရာတစ်ခုရှိနေမလားဆိုတာကလည်း မရှင်းလင်းသေးပါဘူး။

နာဖီဆာ ကွန်နာဘတ်၊ အရှေ့အလယ်ပိုင်း သတင်းထောက်

ဖော်ဒို ဆိုတာဘယ်မှာလဲ အဲဒါကရောဘာပါလဲ

ဖော်ဒို ဆိုတာကတော့ တီဟီရန်ရဲ့ တောင်ဘက် ၁၂၄ မိုင်အကွာကဖြစ်ပြီး၊ အီရန်မှာရှိတဲ့ အလွန်အရေးပါတဲ့ မြေအောက်နျူကလီးယားစက်ရုံကြီး နှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။

ဖော်ဒို ကို ကာကွယ်နိုင်ဖို့အတွက် တောင်တန်းတွေထဲမှာ အဆောက်အဦကိုဆောက်ထားပါတယ်။ သန့်စင်ယူရေနီယံတွေကို သိုလှောင်ထားပြီး နျူကလီးယား လောင်စာချောင်းတွေ တိုးမြှင့်သန့်စင်ဖို့ အီရန်ကလုပ်ဆောင်နေတဲ့ အရေးကြီးစီမံကိန်းလည်း ဖြစ်ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေက ဖော်ဒိုစက်ရုံနေရာကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဓိက ပစ်မှတ်က မြေအောက်စက်ရုံ အနီးတဝိုက်က အီရန်ရဲ့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တို့ကိုဖြစ်ပြီး နျူကလီးယားစက်ရုံကို အကာအကွယ်ပိုမဲ့သွားအောင် လုပ်နေခဲ့တာပါ။

မီကီ ကေး၊ Security Brief အစီအစဥ်တင်ဆက်သူ

နျူကလီးယားဗုံးရဖို့ ဘယ်လောက်နီးနီးစပ်စပ်ရှိလဲ

အီရန်က နျူကလီးယားဗုံးထုတ်လုပ်ဖို့ကို ဦးတည်လုပ်ဆောင်နေတယ်ဆိုတာသေချာလား၊ မသေချာဘူးလား ဆိုတာကတော့ အီရန်ရဲ့ နျူကလီးယားသိပ္ပံပညာရှင်တွေ၊ တကယ်အတွင်းဆုံးအပိုင်းက လုံခြုံရေးအာဏာပိုင်တွေနဲ့ အမြင့်ဆုံးခေါင်းဆောင် စတဲ့သူတွေ ကိုယ်တိုင်ပဲသိပါမယ်။ ကျန်တာတွေကတော့ ထင်မြင်ချက်တွေဖြစ်ပါတယ်။

ဒါပေမဲ့ နျူကလီးယားမပြန့်ပွားရေးဝတ္တရားကို အီရန်က ဖောက်ဖျက်တာကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့၊ အနုမြူစွမ်းအင်အေဂျင်စီကတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အခုလအစောပိုင်းမှာ အသိပေးမှုတွေထွက်ပေါ်ခဲ့တာပါ။

အရပ်ဘက်အတွက် နျူကလီးယား စွမ်းအင်ကိုအသုံးပြုဖို့လိုအပ်တဲ့ ပမာဏထက်ကျော်လွန်ပြီး ၆၀ ရာခိုင်နှုန်း သန့်စင်ပြီးတဲ့ ယူရေနီယံ ၄၀၀ ကီလိုဂရမ်အထိ အီရန်က စုဆောင်းထားပါတယ်။

အီရန်အနေနဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာဖြစ်ပေမဲ့ နျူကလီးယားပစ္စည်းတွေကို နျူကလီးယား လက်နက်ထုတ်လုပ်တဲ့ဘက်ဆီ ပြောင်းလဲအသုံးပြုနေသလားဆိုတာကိုတော့ အတည်ပြုလို့ မရပါဘူးလို့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီကပြောပါတယ်။ ဒါက အီရန်ဟာ နျူလက်နက်ကို အပြေးအလွှားထုတ်လုပ်နေပြီလို့ ပြောတာမျိုး မဟုတ်ပါဘူး။

အီရန်ဟာ နျူကလီးယားလက်နက်ရဖို့အတွက် ပြီးခဲ့တဲ့လတွေမှာ အရင်အချိန်တွေတုန်းကထက်ကို ပိုပြီးနီးစပ်နေပြီလို့ ထောက်လှမ်းရေးသတင်းရထားတဲ့အကြောင်း ပြီးခဲ့တဲ့အပတ်က အစ္စရေးစစ်တပ်က ပြောထားပါတယ်။

ဒါပေမယ့် ဘယ်သူ့ဆီက ထောက်လှမ်းရေးသတင်းအချက်အလက်ဆိုတာတော့ မပြောပါဘူး။ သူရဲ့ အနီးစပ်ဆုံးမဟာမိတ်ကြီး အမေရိကန်ဆီကတော့ မဖြစ်နိုင်ပါဘူး။

"အီရန်ဟာ လက်နက်ထုတ်နိုင်တဲ့အဆင့်ရှိတဲ့ ယူရေနီယံတွေကို အရင်ကမရှိခဲ့ဖူးတဲ့ ပမာဏမျိုးသိုလှောင်ထားတာမျိုး ရှိနေပေမဲ့ နျူကလီးယားလက်နက် ထုတ်လုပ်နေပုံတော့မရပါဘူးလို့ အမေရိကန် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး တူလ်စီဂတ်ဘတ်ဒ်က လွှတ်တော်မှာ မတ်လအတွင်းကပြောခဲ့ပါတယ်။

အီရန်ကတော့ သူတို့ရဲ့ နျူကလီးယားအစီအစဥ်ဟာ ငြိမ်းချမ်းစွာအသုံးပြု နိုင်ရေးအတွက်သာ ဖြစ်တယ်လို့ အမြဲတမ်းပြောနေခဲ့ပါတယ်။

ဖရန့် ဂါဒနာ၊ လုံခြုံရေးဆိုင်ရာသတင်းထောက်

အစ္စရေးမှာ နျူကလီးယားလက်နက်တွေရှိလား

နျူကလီးယားထိပ်ဖူးတပ်ဒုံးတွေ ၉၀ လောက် အစ္စရေးမှာရှိတယ်လို့ ခန့်မှန်းချက်တွေရှိနေပါတယ်။ ဒါပေမယ့်လည်း တကယ့်အစစ်အမှန်အဖြေကိုတော့ ကျွန်တော်တို့မသိနိုင်ပါဘူး။

အစ္စရေးဘက်က နျူကလီးယားလက်နက်တွေနဲ့ ပတ်သက်ပြီး အတည်ပြုထားတာရော ငြင်းဆိုထားတာပါ မရှိပါဘူး။

အစ္စရေးဟာ နျူကလီးယားဗုံးလက်နက်မျိုးကို နိုင်ငံအများအပြားက ပိုင်ဆိုင်လာမှာမျိုးကို ကာကွယ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်နျူကလီးယားမပြန့်ပွားရေးစာချုပ်အဖွဲ့ဝင် နိုင်ငံလည်း မဟုတ်ပါဘူး။

နျူကလီးယားလက်နက်တစ်ခုမှာ အစိတ်အပိုင်းသုံးခုပါဝင်ပါတယ်။ အဆင့် ၁ အနေနဲ့ ၉၀ ရာခိုင်နှုန်း သန့်စင်ပြီးသားယူရေနီယံ၊ အဆင့် ၂ ကတော့ ဒုံးကျည်ထိပ်ဖူး တည်ဆောက်နိုင်စွမ်းနဲ့ အဆင့် ၃ ကတော့ ပစ်မှတ်ကို အဲဒီထိပ်ဖူးတပ်ဒုံးကျည်နဲ့ ပစ်လွှတ်နိုင်ဖို့တို့ ဖြစ်ပါတယ်။

အဲဒီလိုအချက်အလက်တွေနဲ့ပတ်သက်ပြီး အစ္စရေးဘက်က ထုတ်ပြန်ပြောကြားတာ မျိုးတော့မရှိပါဘူး။

မီကီ ကေး၊ Security Brief အစီအစဥ်တင်ဆက်သူ