ဇန်နဝါရီလ ၂၃ ရက်ထိပ်တန်းသတင်းများ - မီဇိုရမ်မှာ စစ်တပ်လေယာဥ် ပြေးလမ်းချော်မှု လေယာဥ်မှူးအပါဝင် ၈ ဦးဒဏ်ရာရ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးသွားတဲ့ မြန်မာစစ်သားကို ပြန်ခေါ်တဲ့ စစ်တပ်ပို့ဆောင်ရေး လေယာဥ် ပြေးလမ်းချော်မှုမှာ လေယာဥ်မှူးအပါအဝင် ၈ ဦးဒဏ်ရာရတယ်လို့ လေဆိပ်အနီးမှာ နေထိုင်သူတွေက ဘီဘီစီကိုပြောပါတယ်။

မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောမြို့မှာရှိတဲ့ လန်ဖွေးလေဆိပ်ကို ဆင်းသက်ချိန် ဒီနေ့မနက်ပိုင်းမှာ ပြေးလမ်းချော်ခဲ့တာဖြစ်ပါတယ်။

လေယာဥ်ပေါ်မှာ ၁၄ ဦးလိုက်ပါသွားပြီး လေယာဥ်မှူးအပါအဝင် ဒဏ်ရာရသူ ၈ ဦးရှိပေမဲ့ နောက်ထပ် ၆ ဦးကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

‘’ဒဏ်ရာရသူတွေကို လူနာတင်ယာဥ် ၂ စီးနဲ့ တင်သွားတယ်။ အိုက်ဇောကို မသွားဘဲ လန်ဖွေးဆေးရုံ တင်ထားတယ်။ ဒဏ်ရာရသူတွေက ပြင်းထန်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်’’ လို့ လေဆိပ်မှာ အငှားယာဥ်ပြေးဆွဲနေသူ လန်ဖွေးဒေသခံတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

စစ်ကောင်စီ စစ်သား စစ်သားတွေဟာ ရခိုင်ပြည်နယ်နဲ့နယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ရက္ခိုင့်တပ်တော် (အေအေ)တိုက်ပွဲတွေအတွင်း မီဇိုရမ်ဘက်ခြမ်းကို ဇန်နဝါရီလ ၁၇ ရက်တုန်းက ထွက်ပြေးသွားကြ သူတွေဖြစ်ပါတယ်။

မီဇိုရမ်အာဏာပိုင်တွေက ပြည်နယ်ထဲကို ထွက်ပြေးလာတဲ့ မြန်မာစစ်သား ၁၈၄ ဦးကို မနေ့ကလည်း ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဒီနေ့မှာ နောက်ထပ် ၇၄ ယောက်ကို ထပ်ပြီးလွှဲပြောင်းဖို့ ရှိနေချိန်မှာ လေယာဥ် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တာပါ။

မနေ့က အိန္ဒိယဘက်ကနေ မြန်မာဘက်ကို လွှဲပြောင်းပေးလိုက်တဲ့စစ်သားတွေထဲမှာ ဗိုလ်မှူးကြီး ၁ ဦး၊ အရာရှိ ၃၅ ဦးနဲ့ တပ်သားတွေဖြစ်တယ်လို့ မီဇိုရမ်သတင်းတွေမှာဖော်ြပပါတယ်။

အပစ်ရပ်သဘောတူညီချက်ကို စစ်တပ်ချိုးဖောက်တယ်လို့ TNLA ပြော

မိုးမိတ်မှာ တိုက်ပွဲဆက်ပြင်းထန်ပြီး အဆက်အသွယ်ဖြတ်တောက်ခံထားရ

မန္တလေးတိုင်း မိုးကုတ်နဲ့ မိုးမိတ်ကြားက တအာင်းတပ် TNLA တပ်ရှိတဲ့ ၈မိုင်နေရာမှာ စစ်ကောင်စီနဲ့ TNLA တပ်တို့ ဇန်နဝါရီ ၂၂ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်(TNLA) က ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့နယ်ထဲက တအာင်းတပ်(TNLA)ရှိရာ တပ်မဟာ ၂ နေရာကို စစ်ကောင်စီဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပြီး စစ်ကောင်စီဘက်က အပစ်ရပ်သဘောတူညီချက်ကိုအကြိမ်ကြိမ် ချိုး‌ဖောက်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

TNLA အပြောအရ ဇန်နဝါရီ ၂၂ ရက် တစ်ရက်တည်းမှာပဲ မိုးကုတ်နဲ့ မိုးမိတ်ကြားက၉ မိုင်နဲ့ လွယ်ဆာကုန်းကျေးရွာ အနီးတဝိုက်ကို ဇန်နဝါရီ ၂၂ ရက်က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်က စစ်တပ်နဲ့ ညီနောင် ၃ ဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဇန်နဝါရီလ ၂၂ ရက်အထိ စစ်ကောင်စီတပ်ဘက်က မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိးမြိုနယ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာကြောင့် အပစ်ရပ်သဘောတူညီချက်ကို ချိုး‌ဖောက်တာလို့ TNLA က ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ ဆက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို KIA/PDF ပူးပေါင်းတပ်တွေက ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပြီး မိုးမိတ်မှာတိုက်ပွဲတွေဆက်လက်ပြင်း‌ထန်နေသလို တယ်လီဖုန်းလိုင်းတွေလည်းဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ မိုးမိတ်‌မြို့မစျေးလည်း လက်နက်ကြီးကျရောက်လို့ မီးလောင်ပျက်စီးသွားပြီး ဒေသခံအချို့ သေဆုံးထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ လူမှုကွန်ရက်မှာ ဖွဲ့ထားတဲ့ မိုးမိတ်မြို့ခံလူထုရဲ့ ဂရုတွေမှာရေးသားဖော်ပြနေကြပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံကတော့ မိုးမိတ်နဲ့ ကပ်နေတဲ့ မဘိမ်းမြို့ကို သိမ်းယူထားတယ်လို့ ပြောထားပြီး မိုးမိတ်မြို့နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြောတာမရှိသေးပါဘူး။

တစ်ဖက်မှာလည်း TNLA ဘက်က တပ်ဖွဲ့ဝင်အချို့ရဲ့ အပြောအရ မိုးမိတ်မြို့ကို မူလက TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်ထားပြီဖြစ်ပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်လာတဲ့အခါ မြို့ခံလူထုကိုငဲ့ညှာတာနဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုလိုက်တဲ့အတွက် TNLA က တိုက်ပွဲခေတ္တရပ်နားလိုက်တာလို့ ပြောပါတယ်။

TNLA က အပစ်ရပ်လက်မှတ် ထိုးပြီးတဲ့အချိန် KIO/KIA နဲ့ မဟာမိတ်တပ်တွေက မိုးမိတ်မြို့ကို တိုက်ပွဲဆင်ခဲ့တာလို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီကတော့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့ နဲ့ ရှမ်းမြောက်ထဲက မိုးမိတ်မြို့ အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ကာကွယ်ရေးအတွင်းဝန် စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီး ဖြစ်လာ

ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုး ကို စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီးအဖြစ် မနေ့က ခန့်အပ်လိုက်ပါတယ်။

ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးဟာ ဗိုလ်သင်တန်း အပတ်စဉ် ၇၇ (OTS – 77) ဆင်းဖြစ်ပါတယ်။

သူဟာ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ကာကွယ်ရေးဝန်ကြီးလက်ထက်ကတည်းက အမြဲတမ်းအတွင်းဝန်ဖြစ်လာတာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး နဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့လက်ထက်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ခုအထိ ရှိလာနေပြီး အမှတ်(၁)ဝန်ကြီးက ဦးကိုကိုလှိုင်၊ အမှတ်(၂)ဝန်ကြီးက ဦးအောင်နိုင်ဦး၊ အမှတ်(၃)ဝန်ကြီးက ဦး အောင်ကျော်ဟိုး နဲ့ အမှတ်(၄)ဝန်ကြီးက ဗိုလ်ချုပ်ကြီးမိုးအောင် ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း ဗိုလ်ချုပ်ကြီးမိုးအောင် ဟာ ဒီလထဲမှာ ဝန်ကြီးအဖြစ်ပြောင်းရွှေ့ခံရတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးမိုးအောင် ရဲ့ ဒုဝန်ကြီးအဖြစ် နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး ကို မနေ့က ခန့်လိုက်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန လေးခုမှာ နှစ်ခုပဲ ဒုဝန်ကြီးရှိပြီး အမှတ်(၁) နဲ့ အမှတ်(၃) မှာ ဒုဝန်ကြီးတွေ မရှိသေးပါဘူး။

နိုင်ငံရေးအကဲခတ်တွေကတော့ အခုလို စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန တွေ တိုးချဲ့ဖွဲ့စည်းတာဟာ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်က သမ္မတရုံးဝန်ကြီးတွေ တိုးချဲ့ဖွဲ့စည်းပုံ နဲ့ ဥပမာပေးနေကြပါတယ်။

ဒါ့အပြင် အရေးပေါ်ကာလ သက်တမ်းတိုးဖို့ရှိနိုင်မယ့် လာမယ့် ဖေဖော်ဝါရီ ၁ ရက် အလွန် အုပ်ချုပ်ရေးအပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်မှု လို့လည်း သုံးသပ်နေကြပါတယ်။

အရေးပေါ်ကာလ သက်တမ်းတိုးပြီးတိုင်း စစ်ကောင်စီက အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်လေ့ရှိပါတယ်။

ရှမ်းမြောက်ကနေ အိုက်စ် မူးယစ်ဆေးဝါး ၂ တန် ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲကနေ အိုက်စ်လို့ခေါ်တဲ့ မက်သာဖက်တမင်း မူးယစ်ဆေးဝါး ၂ တန်နီးပါးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကာလတန်ဖိုး မြန်မာကျပ်ငွေ ဘီလျံ ၃၀ ကျော်ရှိတဲ့အဲဒီ မူးယစ်ဆေးဝါးတွေကို နောင်ချိုမြို့နယ်၊ မကျီးရေရွာ အနီးမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၇ ရက် မနက်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေကို ၁၂ ဘီးမော်တော်ယာဥ်ပေါ်က စက္ကူချပ်ဖာတွေနဲ့ ဘီယာဖာတွေအောက် သယ်လာတာလို့ ဆိုပါတယ်။

ဒီမူးယစ်ဆေးတွေကို ရှမ်းပြည်နယ်ကနေ ဧရာဝတီတိုင်း၊ အဲဒီကမှတဆင့် ပင်လယ်ရေကြောင်းနဲ့ ပြည်ပကို သယ်ဆောင်ရောင်းဝယ်ဖို့ သယ်လာတာလို့လည်း ဆိုပါတယ်။ သယ်လာတဲ့အမျိုးသား ၂ ဦးကိုတော့ ဖမ်းဆီး အရေးယူဖို့ လုပ်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

အခုလ အစောပိုင်းတုန်းကလည်း စစ်ကောင်စီ ရေတပ်ဟာ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းရဲ့ အရှေ့တောင်ဘက် ရေမိုင် ၁၃၀ ကျော်မှာ ခုတ်မောင်းနေတဲ့ သင်္ဘောတစ်စီးပေါ်ကနေ အိုက်စ်(မက်သာဖက်တမင်း) မူးယစ်ဆေး ၁ တန်ကျော်ကို ဖမ်းမိခဲ့ပါတယ်။

စစ်ကောင်စီကတော့ အဲဒီမူးယစ်ဆေးဝါးတွေဟာ ဧရာဝတီကနေ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ပြီး မြန်မာတောင်ဘက်စွန်းက ကော့သောင်းမြို့ကို သယ်ယူမှာလို့ မြေပုံလမ်းကြောင်းနဲ့သတင်းထုတ်ပြန်ခဲ့သလို ဒီမူးယစ်ဆေးဝါးတွေနဲ့အတူ အမျိုးသား ၇ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။