ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာပဋိပက္ခ အရှိန်မြင့်နေချိန်မှာ ယူကရိန်းစစ်ပွဲ အခြေအနေ ဘယ်လိုရှိနေသလဲ
နိုဝင်ဘာလ အစပိုင်းမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းမှာ နေရာပေါင်း ၁၂၀ နီးပါးလောက် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ဒါဟာ နှစ်စပိုင်းကတည်းကစရင် အကြီးမားဆုံး တိုက်ခိုက်မှုကြီး ဖြစ်တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။
ဒါပေမဲ့လည်း အခုချိန်မှာ တကမ္ဘာလုံးက ဂါဇာနဲ့ အစ္စရေးအရေးအပေါ် အာရုံစိုက်နေကြဆဲပါ။
ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု စခဲ့ကတည်းက ယူကရိန်းတို့ အစိုးရိမ်ဆုံးက ကမ္ဘာတဝန်းဆီက ထောက်ခံအားပေးမှု လျော့ကျသွားမှာကို ဖြစ်ပါတယ်။
မိတ်ဖက်နိုင်ငံတွေဆီက စစ်ရေးနဲ့ ဘဏ္ဍာရေး အကူအညီ မပါဘဲ ယူကရိန်း အစိုးရအနေနဲ့ စစ်မြေပြင်မှာ ရုရှားကို ဆက်ကြံ့ကြံ့ခံ တိုက်နိုင်ဖို့နဲ့ ယူကရိန်းမြို့တွေကို အကာအကွယ် ပေးနိုင်ရေးမှာ အရေးပါတဲ့ လေကြောင်းကာကွယ်မှုတွေ ဆက်လုပ်နိုင်ဖို့ လုံးဝ တတ်နိုင်မှာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့လက ရုရှား-ယူကရိန်း ရှေ့တန်းစစ်မျက်နှာပြင်က အခြေအနေတွေကို ကြည့်ကြရအောင်ပါ။
ယိုယွင်းလာနေတဲ့ စစ်ပွဲ
အကျအဆုံးဒဏ်ကို အကြာဆုံး ကြံ့ကြံ့ခံနိုင်တဲ့ ဘက်က နောက်ဆုံးမှာ စစ်ပွဲ နိုင်လိမ့်မယ်လို့ အကဲခတ် အတော်များများက ပြောကြပါတယ်။
ယိုယွင်းလာနေတဲ့ စစ်ပွဲအကြောင်း ယူကရိန်းရဲ့ တပ်မှူးချုပ် ဗယ်လာရီ ဇာလူဇ်နီ ကလည်း အခုလို ပြောခဲ့ပါတယ်။
“ပထမကမ္ဘာစစ်ကြီးတုန်းကလိုပဲ ကျွန်တော်တို့ဘက်က နည်းပညာပိုင်းမှာ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေ ဖြစ်လာနေပါတယ်” လို့ ယူကေနိုင်ငံထုတ် ထိပ်တန်းသတင်းစာကြီးတစ်စောင်ဖြစ်တဲ့ Economist သတင်းစာပါ ဆောင်းပါးတစ်ပုဒ်မှာ ပြောသွားခဲ့ပါတယ်။
ရုရှားတို့ သိမ်းပိုက်ထားတဲ့ နယ်မြေကို ပြန်ရယူဖို့ ၅ လကြာ တန်ပြန်ထိုးစစ်ဆင်မှုတွေအကြောင်း ပြန်ပြောင်း ပြောခဲ့ရာမှာ ယူကရိန်းစစ်တပ်ဘက်က ၁၇ ကီလိုမီတာလောက်ပဲ ရှေ့တိုး ထိုးစစ်ဆင်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ယူကရိန်းပိုင်အဖြစ် နိုင်ငံတကာက သတ်မှတ်ထားတဲ့ ပိုင်နက်နယ်မြေရဲ့ ၁၇ ဒဿမ ၅ ရာခိုင်နှုန်းလောက်ကို ရုရှားတို့ဘက်က လောလောဆယ် ထိန်းချုပ်ထားပြီး ၂၀၂၃ ခုနှစ်မှာ ရှေ့တန်းစစ်မျက်နှာပြင်တစ်လျှောက် ဘာပြောင်းလဲ တိုးတက်မှုမျိုးမှ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်း အက်ဒစ်ဗ်ကာမြို့နားတစ်ဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အဲဒီမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ များခဲ့ပေမဲ့ ဘာထိုးဖောက်အောင်မြင်မှုမျိုးမှ မလုပ်နိုင်ခဲ့ပါဘူး။
အက်ဒစ်ဗ်ကာမြို့မှာ ရုရှားဘက်က ထိခိုက်ကျဆုံးမှုဟာ ၂၀၂၃ ခုနှစ်အတွင်း အဆိုးရွားဆုံး ဖြစ်ဖွယ် ရှိတယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီးဌာနက တွက်ဆထားပါတယ်။
အခုအခါ နှစ်ဖက်စလုံး အလားတူ ခေတ်မီနည်းပညာတွေ သုံးနေကြတဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက် ဘာတွေလုပ်နေသလဲဆိုတာ သိနိုင်ကြတယ်လို့ ဗိုလ်ချုပ်ကြီး ဇာလူဇ်နီ က ပြောပါတယ်။ အဲဒီအတွက် နှစ်ဖက်စလုံးအနေနဲ့ ရှေ့ဆက်မတိုးနိုင်ကြဘဲ ရည်မှန်းထားသလို မလုပ်နိုင်ကြဘူးလို့ ဆိုပါတယ်။
စက်ရုပ်တွေ အပါအဝင် အမြောက်ဒဏ်တားဆီးနိုင်စွမ်း နည်းပညာတွေ၊ မိုင်းရှင်းလင်းရေး ကိရိယာတွေနဲ့အတူ ပစ်မှတ် အတိအကျ ချိန်ရွယ် ပစ်နိုင်တဲ့ လက်နက်မျိုးတွေကို ယူကရိန်းကို ထောက်ပံ့ပေးဖို့ မဟာမိတ်နိုင်ငံတွေကို သူက တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်နဲ့ ယူကရိန်း
အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ဥက္ကဋ္ဌသစ် ရွေးကောက်တင်မြှောက်ခဲ့အပြီးမှာ ယူကရိန်းကို ဘယ်အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေက လက်နက်သစ်တွေ၊ ငွေကြေးအကူအညီတွေ ပိုတိုးလာခဲ့သလဲ၊ နှေးသွားသလဲ ဆိုတာကို သုံးသပ်နေပါတယ်။
လူဝီဆီယားနားပြည်နယ်က ရီပတ်ဘလီကန် အမတ် မိုက်ခ် ဂျွန်ဆင်ကို အမေရိကန် ကွန်ဂရက်လွှတ်တော် ဥက္ကဋ္ဌသစ်အဖြစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။
အစောပိုင်းတုန်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းအတွက် အကူအညီပေးဖို့ ဒေါ်လာ ၆၁ ဘီလျံအပါအဝင် လုံခြုံရေးရန်ပုံငွေ ဒေါ်လာ ၁၀၆ ဘီလျံ အတည်ပြုပေးဖို့ ကွန်ဂရက်လွှတ်တော်ကို တင်ပြတောင်းခံခဲ့ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌသစ်က အစ္စရေးအပေါ် အမေရိကန်ရဲ့ ထောက်ခံအားပေးရေးကို ဦးစားပေး ဆောင်ရွက်ဖို့ ပြောခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ယူကရိန်းစစ်ပွဲမှာ အနိုင်ယူခွင့် မပြုသင့်ပေမဲ့ တဖက်မှာလည်း အရှေ့အလယ်ပိုင်းဒေသက အရေးပါတဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ အစ္စရေးနဲ့ အတူ လက်တွဲ ရပ်တည်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ယူကရိန်းကို နောက်ထပ် အကူအညီတွေ ပေးတာကို သူ့အနေနဲ့ ထောက်ခံပေမဲ့ အိမ်ဖြူတော်အစိုးရထံက ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက်တွေ တင်ပြဖို့လည်း လိုအပ်တယ်လို့ မိုက်ခ် ဂျွန်ဆင် က ပြောပါတယ်။
ယူကရိန်းရဲ့ ထိပ်တန်း လုံခြုံရေး အကြီးအကဲ အိုလက်ခ်ဆီယာ ဒန်နီလော့ဗ် က “အကူအညီပေးရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေအားလုံး တင်ပြပေးဖို့ ကျွန်တော်တို့ဘက်က အဆင်သင့်ရှိပါတယ်။ ဘာမှ ဖုံးကွယ် လျှို့ဝှက်ထားစရာ မရှိပါဘူး” လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း တကယ်လို့ နောက်ထပ်အကူအညီတွေ ထပ်ပေးရေးကို အတည်ပြုမယ်ဆိုရင်တောင် နှောင့်နှေးကြန့်ကြာနိုင်ပြီး စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုတွေ ရှိလာနိုင်ပါတယ်။
ယူကရိန်းကို ပေးနေတဲ့ အကူအညီတွေ လျှော့ချပြီး ထိုင်ဝမ်ကို အကူအညီတွေ လွှဲပေးဖို့ အမေရိကန် ကွန်ဂရက်လွှတ်တော်ထဲက အမတ်တချို့က လိုလားနေကြတာပါ။
ရုရှားအစိုးရနဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ ယူကရိန်းအစိုးရကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ တာဝန်ရှိသူတွေက အကြံပြုနေကြတယ် ဆိုတဲ့ မီဒီယာသတင်းတွေ မဟုတ်မမှန်ဘူးလို့ သမ္မတ ဇလန်းစကီးက ပယ်ချခဲ့ပါတယ်။
ယူကရိန်း လူမှုအသိုင်းအဝိုင်းရဲ့ သဘောထားအတိုင်း ကျွန်တော့် သဘောထားကလည်း ထပ်တူထပ်မျှ ရှိတယ်ဆိုတာ အားလုံးသိကြပါတယ်။ ညှိနှိုင်းဆွေးနွေးဖို့ ကျွန်တော့်အပေါ် ဘယ်သူကမှ ဖိအားပေးမနေပါဘူး။ ဥရောပသမဂ္ဂကရော အမေရိကန်ကပါ ဘယ်ခေါင်းဆောင်တွေကမှ ဖိအားပေးတာမျိုး မရှိပါဘူး။ လို့ သမ္မတ ဇလန်းစကီးက နိုဝင်ဘာလ ၄ ရက်နေ့က ကိယက်ဗ်မြို့မှာ ဥရောပကော်မရှင်အကြီးအကဲ အာဆူလာ ဗွန်ဒယ်လီယန် နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
ရုရှားနဲ့ တွေ့ဆုံစကားပြောဖို့ကို သူက ငြင်းဆိုပြောသွားခဲ့ပေမဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကြောင့် ယူကရိန်းအပေါ် အာရုံစိုက်မှု ပြောင်းသွားခဲ့ကြောင်းကိုတော့ သူက ဝန်ခံပြောသွားခဲ့ပါတယ်။
ကမ္ဘာ့မိတ်ဖက်နိုင်ငံတွေကို သူ့ရဲ့တပ်မှူးကြီး တိုက်တွန်းပန်ကြားခဲ့သလိုပဲ သူကလည်း “ယူကရိန်းဟာ ဒီမိုကရေစီလို ပူးတွဲစံနှုန်းတွေကို ကာကွယ်နေတဲ့အတွက် အမေရိကန်၊ ဥရောပ၊ အာရှ ဒေသနိုင်ငံ ခေါင်းဆောင်တွေအနေနဲ့ ယူကရိန်းကို ဆက်အကူအညီပေးကြပါ “လို့ တိုက်တွန်းသွားခဲ့ပါတယ်။
အမေရိကန်သတင်းဌာန NBC နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတ ဇလန်းစကီးက တခြားနည်းလမ်းရွေးမယ် ဆိုရင်တော့ အရမ်းကို အန္တရာယ်ရှိလာလိမ့်မယ်လို့ ပြောသွားပါတယ်။
“တကယ်လို့ ရုရှားက ကျွန်တော်တို့အားလုံးကို ချေမှုန်းပစ်မယ်ဆိုရင် နေတိုးအဖွဲ့ဝင် နိုင်ငံတွေကိုလည်း တိုက်ခိုက်လာဖို့ ရှိတယ်” လို့ သူက ပြောသွားပါတယ်။
၂၀၁၄ ခုနှစ်က ရုရှားတို့ သိမ်းယူခဲ့တဲ့ ခရိုင်းမီးယားအပါအဝင် ရုရှားတို့ သိမ်းပိုက်ခဲ့တဲ့ နယ်မြေအားလုံးကို ပြန်ရအောင် တိုက်သွားမယ်လို့ ယူကရိန်းက သန္နိဋ္ဌာန်ချထားပါတယ်။
ယူကရိန်းကို အင်အားအလုံးအရင်းနဲ့ ကျူးကျော်တိုက်ခိုက်ခဲ့မှုကို အထူးစစ်ဆင်တိုက်ခိုက်ရေး တစ်ခုအဖြစ် ရုရှားက ဖော်ညွှန်းပြောခဲ့ပြီး အနောက်အုပ်စုရဲ့ ရန်လိုမှုကို တန်ပြန်တဲ့အနေနဲ့ လုပ်ခဲ့တာလို့ ဆိုပါတယ်။
ယူကရိန်းစစ်ပွဲဟာ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေမျိုး မဟုတ်ကြောင်းနဲ့ ရုရှားတပ်ဖွဲ့တွေဟာ စစ်မြေပြင်မှာ ဆက်လက် ရှေ့တိုးတိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ရုရှားအစိုးရ ပြောခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ် က အခိုင်အမာ ပြောနေပါတယ်။
ရုရှားကာကွယ်ရေးဌာနက နေ့စဉ် ဖော်ပြနေတဲ့ သတင်းတွေမှာတော့ ရှေ့တန်းစစ်မျက်နှာပြင်မှာ ထိခိုက်ကျဆုံး ဒါမှမဟုတ် အခက်အခဲတစ်စုံတရာ ရှိတယ်ဆိုတာမျိုး ထည့်သွင်းဖော်ပြတာ မရှိဘဲ ယူကရိန်းဘက်က တပ်သားတွေနဲ့ လက်နက်ပစ္စည်းတွေ ထိခိုက်ဆုံးရှုံးမှုစာရင်းကိုပဲ ဝေ၀ေဆာဆာ ဖော်ပြနေပါတယ်။
ဒါပေမဲ့ အက်ဒစ်ဗ်ကာမြို့နားတစ်ဝိုက်က ရုရှားတပ်ဖွဲ့တွေကို ပြည့်စုံလုံလောက်တဲ့ သင်တန်းတွေ၊ အထောက်အပံ့တွေ မပေးတဲ့အတွက် ရုရှားထိပ်တန်း စစ်ခေါင်းဆောင်တွေကို ရုရှားစစ်ဘက်ဆိုင်ရာ ဘလော့ဂါတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ပိုချဲ့လာ
ယူကရိန်းအတွက် အဓိက စိုးရိမ်စရာတွေထဲက တစ်ခုကတော့ ဆောင်းတွင်းကာလ ရောက်လာနေတာနဲ့အမျှ လျှပ်စစ်အားနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေလို အဓိက အရပ်ဘက် အခြေခံအဆောက်အအုံပေါ် ရုရှားဘက်က တိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာနေတာကို ဖြစ်ပါတယ်။ တိုက်ခိုက်မှု အဝန်းအဝိုင်း ပိုကျယ်ပြန့်လာတဲ့အတွက် ထိရောက်တဲ့ အကာအကွယ်ပေးနိုင်ဖို့ ယူကရိန်းလေကြောင်း ကာကွယ်မှုတွေမှာ ပိုအခက်တွေ့လာနေပါတယ်။
ယူကရိန်းတို့အနေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ အမြောက်၊ ရော့ကက်၊ မစ်ဆိုင်း၊ ဒရုန်းတွေနဲ့ ပစ်ခတ်မှုတွေကို နေ့စဉ် ရင်ဆိုင်နေရပါတယ်။ စစ်မျက်နှာနဲ့ နီးကပ်တဲ့ ဒေသတွေနဲ့ ရုရှားရဲ့ အမြောက်ပစ်ကွင်းအတွင်းမှာ ရှိတဲ့ ဒေသတွေမှာ လူထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုပမာဏ ပိုများပါတယ်။
ရုရှားတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းပြည်သူတွေအနေနဲ့ မတွေးဝံ့စရာ ဒုက္ခကြုံတွေ့ခံစားနေကြရပြီး အဲဒီထဲက ပြည်သူ ၄၀ ရာခိုင်နှုန်းကျော်ဟာ လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေတယ်လို့ အောက်တိုဘာလ ၃၁ ရက်နေ့က ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။
ရုရှားတို့ ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစလို့ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာကယ်ဆယ်ရေးဌာနက ညှိနှိုင်းရေး ညွှန်ကြားရေးမှူး ရာမက်ရှ် ရာဂျာဆင်ဂမ် က ပြောပါတယ်။
တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၉၀၀ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက တရားဝင် အတည်ပြုထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ တကယ့်သေဆုံးသူ အရေအတွက်က ပိုများနိုင်တာ သေချာတယ်လို့ သူက ပြောပါတယ်။
ယူကရိန်းနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်လုပ်ငန်း လုံးဝနီးပါး နည်းပါးသွားတဲ့ အခက်အခဲကိုလည်း ပြည်သူတွေ ကြုံတွေ့နေရပါတယ်။ ရုရှားတို့ ကျူးကျော်တိုက်ခိုက်ခဲ့ပြီးကတည်းက ဆေးရုံတွေလို ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံပေါ်ကို တိုက်ခိုက်မှုပေါင်း ၁၃၀၀ ကျော် ရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြု ဖော်ပြခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ကမ္ဘာတဝန်းမှာ တစ်ချိန်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းကျော်နဲ့ ညီမျှတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ အခုနှစ် စက်တင်ဘာလအစက စလို့ ယူကရိန်းမှာ ကျန်းမာရေးဌာန ၁၃ ခု တိုက်ခိုက်ခံခဲ့ရပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာ စုစုပေါင်း ၁၁၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဂျုံပြောင်း တင်ပို့ရေး သဘောတူချက်
ရုရှားရဲ့ တိုက်ခိုက်မှုတွေကနေ လွတ်စေဖို့ ကြိုးစားတဲ့အနေနဲ့ ပြီးခဲ့တဲ့လက ယူကရိန်း တာဝန်ရှိပုဂ္ဂိုလ်တွေက ဂျုံပြောင်းတွေကို ပင်လယ်နက် အနောက်ပိုင်းဘက်တစ်လျှောက်က ကျဉ်းမြောင်းတဲ့ စင်္ကြန်လမ်းတစ်ခုကို ဖြတ်၊ အဲဒီကနေ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားပိုင်နက် ရေပြင်ကို ဖြတ်ပြီး တူရကီနိုင်ငံဆီ တင်ပို့ခွင့်ရခဲ့ပါတယ်။
ဒီသဘောတူချက်အရ ဂျုံပြောင်းတွေကို အကန့်အသတ်နဲ့သာ တင်ပို့ခွင့်ရမှာ ဖြစ်ပါတယ်။ သြဂုတ်လကစလို့ လမ်းကြောင်းသစ်ကနေတစ်ဆင့် ဂျုံပြောင်း တန်တစ်သန်းလောက် ယူကရိန်းဆိပ်ကမ်းတွေကနေ တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု မခံရခင်မှာ ယူကရိန်းဟာ ဂျုံပြောင်း တန် ခြောက်သန်းလောက်အထိ ပြည်ပကို တင်ပို့နေတာ ဖြစ်ပါတယ်။ အခုလက်ရှိ တင်ပို့မှု ပမာဏဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တင်ပို့ခဲ့မှု ပမာဏရဲ့ တစ်ဝက်သာ ရှိပေမဲ့ မျှော်လင့်ထားတာထက် ပိုများနေဆဲ ဖြစ်ပါတယ်။